Thursday, October 30, 2014

ကေအန်ယူအကြံပေး ဗိုလ်မှုးကြီးစောထူးထူးလေးနဲ့ ဥပဒေအထောက်အကူပြုကွန်ရက်က ကိုအောင်ထူး(ရှေ့နေ) တို့ရဲ့ အပြန်အလှန်ပေးစာပါ။ (၂)

0 comments
ကေအန်ယူအကြံပေး ဗိုလ်မှုးကြီးစောထူးထူးလေးနဲ့ ဥပဒေအထောက်အကူပြုကွန်ရက်ကိုအောင်ထူး(ရှေ့နေ)တို့ရဲ့ အပြန်အလှန်ပေးစာပါ။ (၂)
ဒါက ဦးအောင်ထူးတုန့်ပြန်စာပါ။
သို့ 
စောထူးထူးလေး
ကေအင်ယူဥက္ကဌ၏အကြံပေး၊ ဗိုလ်မှုးကြီး
အကြောင်းအရာ။ သူငယ်ချင်းရဲ့၂ဝ၁၄ ခုနှစ်အောက်တိုဘာ ၂၂ ရက်စွဲဖြင့် မိမိထံ အိပ်ဖွင့်ပေးစာကို ပြန်ကြားခြင်း။
သူငယ်ချင်း
ရှေးဟောင်းနှောင်းဖြစ်တချို့ထည့်သွင်းပြီးရေးလာတဲ့ မင်းရဲ့အိပ်ဖွင့်ပေးစာကိုရလို့ဝမ်းသာကြောင်း ပြောပါရစေ။ လက်ရှိကေအင်ယူထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့နောက်ကွယ်က အဓိကလှုပ်ရှားနေသူဟာ သူငယ်ချင်းဘဲဆိုတဲ့သတင်း ကြားနေတာတော့ ကြာပါပြီ။ မင်းပေးတဲ့စာပါ အချက်တချက်အရလည်း အဲဒီသတင်း မှန်ကောင်းမှန်နိုင်မယ်လို့ ယူဆစရာရှိတယ်။ အဲဒါကတော့ ဗိုလ်ချုပ်ကြီးမြ ရှိခဲ့စဉ်တုံးက နအဖနဲ့ဆွေးနွေးပွဲမှာ မင်းက ကေအင်ယူကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖေါက တပ်မဟာ (၆)မှုး ဗိုလ်မှုးချုပ်အဆင့်မှာ အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့ရတယ် ဆိုတာလေ။ ကာချုပ်မင်းအောင်လှိုင် အပါအဝင် ထိပ်သီးဗိုလ်ချုပ်ကြီးတွေခုနှစ်ယောက်နဲ့ ကေအင်ယူထိပ်ပိုင်းခေါင်းဆောင်ခြောက်ယောက် ဓါတ်ပုံတွဲရိုက်ရာမှာ (ဘယ်ဘက်ခြမ်း ဒုတိယနေရာ) သူငယ်ချင်းက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ လက်ခြင်းခိုင်ခိုင်တွဲထားတာလည်း  သတိထားလိုက်မိပါရဲ့။
ဘယ်လိုဘဲဖြစ်ဖြစ် မင်း အခုလိုပွင့်ပွင့်လင်းလင်းပြောလာတာကို ကြိုဆိုလျှက်ပါ။ ဘာကြောင့်လည်းဆိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို လူထုကြီးတရပ်လုံးသိနိုင်တဲ့လမ်းကြောင်းလေးတွေ ပေါ်လာစေခြင်လို့ဘဲ။ All Inclusive အားလုံးပါဝင်ရေးဆိုတဲ့ ဆိုင်းဘုတ်အောက်ကနေ ငါးပွင့်ဆိုင်တွေ၊ သုံးပွင့်ဆိုင်တွေဘန်းပြပြီး စစ်အစိုးရက သူလက်သပ်မွေးထားတဲ့အင်အားစုတွေထည့်ဘို့ ကြိုးစားနေတာကို မကြိုက်လို့ဘဲ။ (စစ်အစိုးရလို့ပြောတာကို မင်းလက်ခံနိုင်မှာပါ။ အခုမင်းတို့ကေအင်ယူခေါင်းဆောင်တွေနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရရော လက်တွေ့အရရော တကယ့်အာဏာလည်း သူတို့လက်ထဲမှာဘဲရှိနေတယ် မဟုတ်လား) ဒါကြောင့် ငြိမ်းချမ်းရေး ပြဿနာတွေကိုအဖြေရှာရာမှာ စစ်အစိုးရနဲ့သူ့လူတွေ အဓိကလွှမ်းမိုးမယ့် ʻအားလုံးʼဆိုတဲ့စကားလုံးထက် ʻလူထုပါဝင်ရေးʼိုတဲ့ဝေါဟာရကို ကိုယ်ကတော့ ပိုပြီးတန်ဘိုးထားတယ်။
သာဓကအားဖြင့် အခုပေးစာတွေ ထွက်လာသလိုပေါ့။ ကေအင်ယူရဲ့ထိပ်တန်းခေါင်းဆောင်တချို့နဲ့ တသားတည်းရှိနေတဲ့မင်းက ကိုယ့်ဆီကို အိပ်ဖွင့်ပေးစာပို့လာ၊ မင်းဘက်ကအမြင်ကို တင်ပြ၊ ကိုယ်ကလည်း ကိုယ့်အမြင်ကို ပြန်တင်၊ ဒီအခါမှာ သတင်းအချက်အလက်တွေကို လူထုတွေ ပိုသိရှိလာကြပြီး ပိုစဉ်းစားခွင့်ရ၊ မတူတဲ့သုံးသပ်ချက်တွေ ပေါ်ထွက်လာ၊ သူငယ်ချင်းလိုဘဲ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေကလည်း သူတို့အမြင်တွေ၊ ဆွေးနွေးပွဲမှာ ကြုံရတဲ့အခက်အခဲတွေကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်းတင်ပြချက်တွေပြု၊ အဲဒါတွေအပေါ်မှာအခြေခံပြီး လူထုတွေ လွတ်လပ်စွာစုစည်းဆွေးနွေးခွင့်ရ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့်ရကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့ လူထုလှုပ်ရှားမှုတွေ ဖိအားတွေပေါ်လာနိုင်တယ်။ ဒါဟာ ʻလူထုပါဝင်ရေးʼဘဲလို့ ကိုယ် နားလည်တယ်။ ဒီလို ဖြစ်စေခြင်တာပါ။ ပဋိပက္ခရဲ့ဘက်နှစ်ဘက် အစည်းအဝေးတွေမှာ ကိုယ်တိုင်တက်ခွင့်ရဘို့ မလိုပါဘူး။
မင်းရဲ့စာထဲမှာပါတဲ့အချက်တွေကို မပြန်ကြားခင် ကိုယ့်ရပ်တည်ချက်ကို နည်းနည်းကလေးပြောပါရစေ။ ပထမကတော့ မာနယ်ပလော တော်လှန်စစ်ကာလအတွင်းမှာရော နောက်ပိုင်းမှာပါ အဓိကအားဖြင့် ကေအင်ယူလွှမ်းမိုးတဲ့ဒေသနဲ့ အဲသည်နောက်ခံကိုအမှီပြုပြီး တော်လှန်ရေးလုပ်ခွင့်ရခဲ့တွက်ရော၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအခြေခံကနေ ဥပဒေစိုးမိုးရေးအထောက်အကူပြုလုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တဲ့အတွက်ပါ ကေအင်ယူကိုတန်ဘိုးထားဆဲဘဲ ဆိုတာပါ။
ဒုတိယကတော့ အခု မင်းနဲ့အနီးကပ်နေပြီး ကေအင်ယူရဲ့ထိပ်ပိုင်းခေါင်းဆောင်တာဝန်ယူနေသူတွေထဲမှာ ကိုယ်နဲ့ပုဂ္ဂိုလ်အရပြဿနာဖြစ်ခဲ့တာ တဦးမှ မရှိဘူးဆိုတာဘဲ။ လက်ရှိဥက္ကဌဗိုလ်ချုပ်ကြီးမူတူးဆေးဖေါဟာ ကိုယ့်ရဲ့ ရေဒီယိုအင်တာဗျူး၊ ဥပဒေကြောင်းသုံးသပ်ချက်တွေကို အသိအမှတ်ပြုအားပေးလေ့ရှိသူတွေထဲက တဦးပါ။ ကိုယ်လည်း သူ့ကို တလေးတစားဆက်ဆံခဲ့တာဘဲ။ ငြိမ်းချမ်းရေး တကယ်ရစေခြင်တဲ့စေတနာ သူ့မှာရှိမယ်ဆိုတာ ကိုယ်ယုံကြည်တယ်။ ဒါပေမယ့် သူငယ်ချင်း။ စေတနာတခုထဲနဲ့ဆိုရင်တော့ ပြဿနာတက်တတ်တယ်လေ။ အဖေ့ရဲ့နဖူးပေါ်မှာ မှက်တကောင်ကိုက်နေလို့ အဖေ့အပေါ်စေတနာထားပြီး သားဖြစ်သူက အဲဒီ မှက်ကို သစ်ခုတ်တဲ့ပုဆိန်နဲ့ထခုတ်၊ မှက်က အသာလေးပျံထွက်သွား၊ အဖေကတော့ ပုဆိန်လက်ချက်နဲ့ အသက်ထွက်သွားခဲ့ရတဲ့ သစ်ခုတ်သမားသားအဖပုံပြင်ကို သူငယ်ချင်း မှတ်မိတယ်မဟုတ်လား။
အထွေထွေအတွင်းရေးမှုး စောကွယ်ထူးဝင်းနဲ့လည်း ၁၉၉၃ ခုနှစ် သူ ဘိတ်-ထားဝယ်ခရိုင်မှာ ခရိုင်ဥက္ကဌလုပ်ခဲ့စဉ်ကထဲက တစုံတရာ ရင်းနှီးခဲ့ကြသူတွေဘဲ။ သူ အကူအညီတောင်းလို့ အိန္ဒိယသမုဒ္ဒရာထဲက Landfall ကျွန်းပေါ်မှာအဖမ်းခံလိုက်ရတဲ့ ကေအင်ယူရဲဘော် ၁၁ ဦးနဲ့ ရခိုင်တပ်မတော်ကရဲဘော် ၂၅ ဦးလွတ်မြောက်ရေးအတွက် အဲဒီတုံးက အိန္ဒိယကာကွယ်ရေးဝန်ကြီး George Fernandes အိမ်အရောက် သွား၊ သူနဲ့ တွေ့ခွင့်မရမချင်း ထိုင်စောင့်၊ ည ၁၂ နာရီလောက်မှ တွေ့ခွင့်ရ၊ ပြောခွင့်လည်းရခဲ့၊ တစိပ်တပိုင်း နိုင်သလောက်လေးတော့ အဲသည်လို ဝိုင်းဝန်းကြိုးပမ်း ပေးခဲ့တာပါ။
ဓါတ်ပုံထဲက ဘယ်ဘက်အစွန်ဆုံးမှာရှိနေသူ ကေအင်ယူရဲ့ လက်ရှိ ကာကွယ်ရေးဌာနတာဝန်ခံ စောရော်ဂျာခင် ဆိုရင် မာနယ်ပလော တော်လှန်စစ်ကာလ နှစ်တချို့အတွင်း အနေနီးနီးကပ်ကပ်ရှိခဲ့ကြပြီး အခက်အခဲတွေကို အတူတကွရင်ဆိုင်ခဲ့ကြတာပါ။ လူကြီးတွေကသာ တာဝန်ပေးရင် သုံးနှစ်လောက် မပြန်တမ်းရှေ့တန်းထွက်ပြီး တော်လှန်ရေးကိုပြီးအောင်လုပ်ခြင်သဗျာလို့ မကြာမကြာပြောတတ်လို့ ကိုယ်အပါအဝင် သူနဲ့ရင်းနှီးတဲ့ရဲဘော်တွေက သူ့ကိုတန်ဘိုးထားခဲ့ကြပါတယ်။
ဒါတွေ ပြန်ပြောနေတာ တခြားကြောင့်မဟုတ်။ အခုလတချို့အတွင်း ကေအင်ယူကို အတိအလင်းဝေဘန်သတွေအနက် ရှေ့တန်းနေရာမှာ ကိုယ်ရှိလာလို့ မင်းကိုယ်တိုင် ကိုယ့်ဆီကို အခုလိုအိပ်ဖွင့်ပေးစာ ပေးလာရတယ်မဟုတ်လား။ ဒါပေမယ့် သူငယ်ချင်း။ ဒီ ဝေဘန်ချက်တွေ မှန်သမျှဟာ မရိုးမသားတခုမျှမပါ။ ကေအင်ယူကောင်းစေချင်တဲ့စေတနာအခြေခံကနေ တပြည်လုံးမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရသွားစေချင်လို့ ဆိုတာကို တိုင်းရင်းသားနိုင်ငံရေးဇာတ်ခုံရဲ့ရှေ့တန်းနဲ့ လက်တကမ်းမှာရှိနေတဲ့ မင်းကိုယ်တိုင် ပြန်လည်စဉ်းစားစေချင်လို့ပါဘဲ။
ကဲ အခု မင်းရေးတဲ့စာထဲက အရေးကြီးတဲ့အချက်အချို့ကို ပြန်လည်တုန့်ပြန်ပါမယ်။ မင်းက သည်လိုရေးခဲ့တယ် မဟုတ်လား။
“သူငယ်ချင်း မင်းမှတ်မိသေးမယ်လို့ ထင်တယ်။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြက KNU ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ကိုယ်က ဒုတိယ အဖွဲ့ခေါင်းဆောင်အနေနဲ့ ယခင် နအဖနဲ့ တွေ့ဆုံဖို့မသွားခင် မင်းငါ့ကို မဲဆောက်မှာပြောသွားတဲ့ စကားလေ။ "မင်းတို့ မှားလိမ့်မယ်" တဲ့။”
မင်းရဲ့အဲသည်စကားကို ပြန်တုန့်ပြန်ပါရစေ။ "မင်းတို့မှားလိမ့်မယ်"လို့ ကိုယ်ပြောခဲ့တာ မှတ်မိတာပေါ့ သူငယ်ချင်း။ ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်ကြီးမြဦးဆောင်တဲ့ မင်းတို့တဖွဲ့လုံးရဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ကို တန်ဘိုးထားပေမယ့် မဟာဗျူဟာအရတော့ လွဲသွားခဲ့တယ်လို့ ဆိုနိုင်တယ်။ အခြေအနေနှစ်ရပ်ကို ချိုးဖေါက်ရာရောက်သွားခဲ့လို့ဘဲ။
(၁) တပ်ပေါင်းစုနဲ့ဘဲဆွေးနွေးမယ်ဆိုတဲ့မူကို ကေအင်ယူကိုယ်တိုင်ချိုးဖေါက်လိုက်သလို ဖြစ်သွားတယ်။ အပြစ်တင်တာ မဟုတ်။ နောက်ဆုံးမှာ ကေအင်ယူကိုယ်တိုင် အခြေအနေရဲ့တွန်းပို့ခြင်းကို အဲသည်တုန်းက ခံလိုက်ရတာကို နားလည်နိုင်တယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေက တပ်ပေါင်းစုနဲ့စုစုစည်းစည်း တောင့်တောင့်တင်းတင်း ဆွေးနွေးခွင့်ရနေပါရက်နဲ့ အဲသည်စည်းဝိုင်းကနေ ထွက်ဘို့ကြိုးစားတာမျိုးဖြစ်နေတယ်။ ဒါကတော့ မဖြစ်သင့်ဘူးထင်တယ်။
(၂) တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဝေါဟာရနဲ့တောင်းဆိုချက်ကို တပ်ပေါင်းစုက စတောင်းခဲ့တာပါ။ ကိုယ်မှတ်မိသလောက်ကတော့ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ် (DAB) အားကောင်းစဉ် အချိန်တုံးကပေါ့။ အဲသည်တောင်းဆိုချက်အောက်မှာရလို့ ကေအင်ယူက သွားရောက်ဆွေးနွေးတာမျိုးဆိုရင် ဒုံဇရစ် တပ်စခန်းသိမ်းတိုက်ပွဲလိုမျိုး ပြဿနာမတက်နိုင်တော့ဘူးပေါ့။ အဲသည် မဟာဗျူဟာအားနည်းချက်ရဲ့အကျိုးဆက်ကို မင်းစာရဲ့စာမျက်နှာ ၂ မှာ “နှစ်နှစ်လောက် တိုက်ပွဲမဖြစ်လို့ လူထုတွေသက်သာရာရတယ်” ဆိုတဲ့ ခြွင်းချက်ကလွဲလို့ သူငယ်ချင်းကိုယ်တိုင် အောက်ပါအတိုင်းဝန်ခံထားခဲ့ရတယ် မဟုတ်လား။ “အကျဉ်းချုပ်သုံးသပ်ကြည့်ရင် အဲဒီ တွေ့ဆုံဆွေးနွေးပွဲတွေက ဘာအဖြေမှ မယ်မယ်ရရမထွက်ခဲ့ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက်လို့ခေါ်တဲ့ Gentlemen Agreement နဲ့ဘဲ လုပ်သွားကြရတယ်။”

အဲသည် လူကြီးလူကောင်းသဘောတူညီချက်က လက်တွေ့မှာ ပြဿနာ တလျှောက်လုံးတက်ခဲ့တာပေါ့။ မင်းကိုယ်တိုင် အဓိကကျတဲ့ တဒေါင့်တနေရာကနေပါဝင်ပြီး ကေအင်ယူနဲ့စစ်အစိုးရတို့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ(၁၂) ရက်နေ့မှာချုပ်ခဲ့တဲ့ အပစ်ရပ်စာချုပ်ထဲမှာလည်း လူကြီးလူကောင်းသဘောတူညီချက်သာသာဘဲ ရှိခဲ့တယ်မဟုတ်လား။ သူငယ်ချင်းလည်း ရန်ကုန်တက္ကသိုလ်ဥပဒေဌာန B.A (Law) LL.B First Batch ကနေဆင်းလာတဲ့ ဥပဒေသမားတဦးဘဲ။ စာချုပ်တခုကို ချုပ်ဆိုတဲ့အခါမှာ တဘက်ဘက်ကနေ အလွယ်တကူ မချိုးဖေါက်ရဲအောင်၊ ချိုးဖေါက်ခဲ့သည်ရှိသော် ထိရောက်စွာအရေးယူဆောင်ရွက်နိုင်အောင် ဥပဒေသဘောဆောင်တဲ့အခြေခံကနေ စည်းနှောင်အား Binding Force ထည့်ပေးရမှာကို တို့နားလည်ကြတာဘဲ။ အဲသည်အတိုင်း လုပ်ခဲ့ရဲ့လားဆိုတာ ကေအင်ယူနဲ့စစ်အစိုးရ ချုပ်ဆိုခဲ့တဲ့စာချုပ်အပေါ် လူထုတရပ်လုံးလေ့လာခွင့်ရအောင် ထုတ်ပြန်ပေးပါလားသူငယ်ချင်း။
သာဓက တခုကနေ စတင်ဆွေးနွေးပါမယ်။
၂ဝ၁၄ ခုနှစ်စက်တင်္ဘာလ ၁၆ ရက်နေ့က မြဝတီမှာ ကေအင်ယူတပ်မဟာ ၆ က စောတာနိဆိုတဲ့ ရဲဘော်တဦးကို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်က ဖမ်းဆီးစစ်ဆေးပြီးသတ်ပစ်လိုက်တာအထင်အရှားဘဲ မဟုတ်လား။ သူ့အလောင်းမှာ လက်ထိပ်တန်းလန်းကြီးနဲ့ဘဲ။ ကရင်ကို ကရင်ကသတ်တဲ့ဇာတ်လမ်း ဖန်တည်းထားပေမယ့် ဒါဟာ စစ်အစိုးရအာဏာပိုင်တွေလက်ချက်ဆိုတာ တွက်လို့ရနိုင်တာဘဲ။ ကျဆုံးသွားတဲ့ကရင်ရဲဘော်နဲ့ သူ့မိသားစုအပေါ် ဂရုဏာရိုးရိုးထားပြီး နိုင်းယှဉ်ထောက်ပြမယ်။  ထိုင်းနိုင်ငံမှာ မြန်မာလူငယ်နှစ်ဦးက အင်္ဂလိပ်နှစ်ဦးကိုသတ်တယ်လို့စွပ်စွဲခံရတဲ့အမှုမှာ စစ်အစိုးရအာဏာပိုင်တွေက ထိထိရောက်ရောက် နောက်ကလိုက်ပေးနေတယ်။
ကောင်းပါတယ်။ တစုံတရာ တိုးတက်လာတယ်လို့ပြောနိုင်တယ်။ ၂ဝဝ၃ ခုနှစ်မေလ ၁၄ ရက်နေ့တုံးက မဲဆောက်မြို့အနီးမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ ဦး အသတ်ခံခဲ့ရတုံးက ဘန်ကောက်ပို့စ်နဲ့ နေးရှင်းသတင်းစာကြီးတွေမှာပါခဲ့တာတောင် စစ်အစိုးရက ဘာမှ လုပ်မပေးခဲ့တာဘဲ။ အဲသည်တုံးက မြန်မာနိုင်ငံရှေ့နေများကောင်စီကို ကိုယ်ဦးဆောင်ခဲ့တုံးဖြစ်တော့ ထိုင်းရှေ့နေအသင်း၊ ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေနဲ့ပေါင်းပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ထိုင်းနိုင်ငံသားတွေ နှစ်ကြီးပြစ်ဒဏ်ကျခံသွားရအောင် ကြိုးပမ်းပေးနိုင်ခဲ့တယ်။ ဒါ ထားပါတော့။
အခုမျက်မှောက်အချိန်မှာ ထိုင်းနိုင်ငံမှာ မြန်မာလူငယ်နှစ်ဦးအဖမ်းခံ၊ စွပ်စွဲခံရရုံနဲ့ သူတို့ရဲ့အမှုမှန်ပေါ်ရေးအတွက် တကမ္ဘာလုံးသိအောင် ကြေငြာပြီး စစ်အစိုးရက ထိထိ ရောက်ရောက် နောက်ကလိုက်ပေးနေတဲ့တချိန်ထဲလိုလိုမှာဘဲ မြန်မာနိုင်ငံက မြဝတီမြို့မှာ ကေအင်ယူက ကရင် လူငယ်တဦးအသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ရေးအတွက် တကမ္ဘာလုံးသိအောင်ကြေငြာပြီး ဘာကြောင့် လိုက်မပေးသလဲ။ ကရင် တယောက်ရဲ့အသက်ဟာ မြန်မာထက်ပိုပြီး ဈေးပေါနေလို့လား။ စစ်အစိုးရအာဏာပိုင်တွေက ကရင်နဲ့ကရင်အကြားမှာ ပြဿနာတက်အောင် ကြိုတင်စီစဉ်ပြီး သတ်လိုက်တဲ့မှုခင်းဖြစ်လို့ မသိချင်ယောင်ဆောင်နေတာလား။
ဒီသံသယတွေပျောက်စေချင်ရင် တရားမျှတတဲ့တရားခွင် Fair Trial အခွင့်အရေးကို ဘာကြောင့်ဖန်တည်း မပေးသလဲ။ အမှုဖြစ်စဉ် အစအဆုံး၊ အရေးယူဆောင်ရွက်မှုတွေကို လူထုတရပ်လုံး ရှင်းရှင်းလင်းလင်းသိအောင် သတင်းတွေ ဘာကြောင့်ပေါ်ထွက်မလာသလဲ။ အဲသည်လို ပေါ်ထွက်လာအောင် ကေအင်ယူကရော ဘာတွေဖိအားပေးလုပ်ဆောင်ပြီး ဘာတွေအခက်အခဲ ရှိနေသလဲ။ ဒီကိစ္စအမှုမှန် ပေါ်အောင်နဲ့ အထက်က အမိန့်ပေးသူကိုပါ အရေးယူနိုင်အောင် ဝါရင့်ဥပဒေသမားတဦးလည်းဖြစ်၊ ကေအင်ယူရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တလျှောက်လုံးအတူလုပ်နေတဲ့ သူငယ်ချင်းအနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာ ကိုယ့်ကို အသိမပေးနိုင်ဘူးလား။
ဒါက သာဓက တမှုဘဲ ရှိပါသေးတယ်။ ကေအင်န်အယ်အေသာမကဘဲ ကေအင်ဒီအိုစစ်သားတွေပါ အသတ်ခံရတဲ့ အခြားအမှုတွေ အတော်များများ ရှိပါသေးတယ်။
သူငယ်ချင်းက ပိုပြီး သိမှာပါ။ လက်နက်ကိုင်ထားတဲ့ သူငယ်ချင်းတို့ရဲဘော်တွေကိုယ်တိုင်တောင်မှ အသက်ရှင်သန်ခွင့်အာမခံချက်မရှိရင် ရိုးရိုးကရင်လူထုတွေရဲ့ဘဝက ဘယ်လိုနေမလဲ။ ဒီလို ဆိုးဝါးတဲ့မှုခင်းမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပံ့ပိုးပေးနိုင်ဘို့ ကိုယ်တို့ရဲ့ ဥပဒေအထောက်အကူပြုကွန်ရက်နဲ့ပါ လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် ဥပဒေစိုးမိုးရေးအတွက် တစုံတရာအကျိုးဖြစ်နိုင်မယ်လို့ စဉ်းစားစေချင်တယ်။ စစ်အစိုးရငြိုငြင်မှာကြောက်လို့ ကိုယ်တို့နဲ့လက်မတွဲရဲဘူးဆိုရင်တော့လည်း ဘာတတ်နိုင်မှာလည်း။ ကေအင်ယူနဲ့ စစ်အစိုးရတို့လက်မှတ်ထိုးခဲ့တဲ့အပစ်ရပ်စာချုပ်မှာ ဒီလိုပြဿနာတွေပေါ်လာရင် ထိရောက်စွာအရေးယူဆောင်ရွက်နိုင်မယ့် ယန္တယားတွေပါရဲ့လား။ ပါတယ်ဆိုရင် ဘာကြောင့် မသုံးသလဲ။ ကရင်လူထုတရပ်လုံးသိအောင် ထုတ်ပြန်ပေးပါလား။ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ ကရင်လူထုတွေအနေနဲ့ ဝိုင်းပြီးဖိအားပေးကြမယ်ဆိုရင် နယ်ခြားစောင့်တပ်က ကရင်စစ်သားအချို့ကို လက်ညှိုးထိုးပြပြီး အမှုပိတ်သွားတာမျိုးမဖြစ်တော့ဘဲ၊ အမှုမှန်ပေါ်လာပြီး နောင်ကို ဒါမျိုးမဖြစ်အောင် ကာကွယ်စောင့်ရှောက်ရာရောက်မယ် မဟုတ်လား။ ဒါမှသာ ဥပဒေစိုးမိုးရေးကို အထောက်အပံ့ဖြစ်စေမှာပေါ့။ ဥပဒေစိုးမိုးရေးရှိမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမယ်။ ဒီလိုမဟုတ်ဘူးလား သူငယ်ချင်း။
သူငယ်ချင်းဆီကို စာရေးနေစဉ်မှာတင် သတင်းဝင်လာတယ်။ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးဆိုသူဟာ ဒီကေဘီအေ ဒေသတွေကနေ သတင်းယူပြီးအပြန်လမ်းမှာ စစ်အစိုးရရဲ့ကျိုက်မရော 0942005526 အခြေစိုက် ခြေမြန်တပ်ရင်း ၂ဝ၈ က ဖမ်းပြီး သတ်ပစ်လိုက်ပြန်ပြီဆိုပါလား။ ဒီသတင်းမှန်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့နေရာကို သတင်းထောက်တွေ မလာရဲအောင်လုပ်လိုက်တာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် လူထုတွေခံစားနေရတဲ့ ဘဝအမှန်တရားတွေကို ဘယ်သူတွေက ဖေါ်ထုတ် ပေးကြဦးမှာလည်း။ ဒီလို ဥပဒေမဲ့သတ်ဖြတ်မှုတွေရှိနေတော့ ဥပဒေစိုးမိုးရေးပျက်တော့တာပေါ့။ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးရနိုင်ပါ့မလဲ။
“အမေရိကန်သမ္မတကြီး Franklin D. Roosevelt ရဲ့စကားနဲ့ "I kill my enemy by making him my friend" ဆိုတဲ့ အမေရိကန်သမ္မတကြီး Abraham Lincoln ရဲ့စကားဟာ ကိုယ့်ရဲ့လက်စွဲပဲ”လို့ မင်းရဲ့ ပေးစာမှာတွေ့ရတယ်။ ဒါကို အခြေခံအားဖြင့် မငြင်းပါဘူး သူငယ်ချင်း။ ဒါပေမယ့် ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ရုံနဲ့၊ ရန်သူနဲ့လက်ဆွဲနုတ်ဆက်ပြီး ဓါတ်ပုံတွေ အတူတွဲရိုက်ကြရုံနဲ့တော့ ငြိမ်းချမ်းရေးမရနိုင်ဘူး သူငယ်ချင်း။ ဥပဒေစိုးမိုးရေးတကယ်တမ်းရှိမှသာ ငြိမ်းချမ်းရေးကိုမြှော်မှန်းနိုင်မယ်။ အဲဒီ အမေရိကန်သမတကြီးကို သူ့ရန်သူကဘဲ သတ်လို့သေသွားခဲ့ရတာ ကြည့်ပါ။ (အမေရိကန်လို ဒီမိုကရေစီနိုင်ငံမှာထက် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ကြီးစိုးနေတဲ့နိုင်ငံမှာ) ဥပဒေစိုးမိုးရေးဟာ အဆတရာလောက် ပိုပြီးအရေးကြီးကြောင်း သူငယ်ချင်းသဘောပေါက်နိုင်ပါတယ်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြီးရေးပြသေးတယ်။
“ကိုယ့်ရဲ့အကြိုက်ဆုံး အဆိုအမိန့်ကတော့ ကိုယ့်ရဲ့ Commander in Chief ပြောတဲ့ "Blessed are the peacemakers, for they will be called children of God." – Matthew 5: 9 (NIV).”
ဒါကိုလည်း ကိုယ်မငြင်းပါဘူး။ တခုတော့ရှိတယ်။ ဘာသာရေးကရှာဖွေတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အဖွဲ့အစည်းတရားမျှတ၊ လွတ်လပ်၊ တည်ငြိမ်၊ တိုးတက်၊ ဖွံ့ဖြိုးဘို့လိုအပ်လို့ရှာဖွေတဲ့ ငြိမ်းချမ်းရေး၊ သည်နှစ်ခုက တထပ်တည်း ကျပါ့မလား။ သူငယ်ချင်း စဉ်းစားစေချင်တယ်။ နောက်တခုက စစ်အစိုးရနဲ့ စာပွဲဝိုင်းမှာဆွေးနွေးတာ၊ နေပြည်တော်ကိုသွားပြီး ဆွေးနွေးတာတွေဟာ အရေးမကြီးမဟုတ် ကြီးပါတယ်။ ဒါပေမယ့် သည်အရာတွေလောက်ကိုဘဲလုပ်နေရုံနဲ့ ငြိမ်းချမ်းရေးရှာဖွေသူ၊ တည်ဆောက်သူရယ်လို့ ပြောနိုင်ပါ့မလား။ သူငယ်ချင်းတို့က အစည်းအဝေးခန်းကျယ်ကျယ်ကြီးရဲ့ စားပွဲခန့်ကြီးတွေမှာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ အစားအသောက်ကောင်ကလေးတွေ စားပြီး အေးအေးဆေးဆေး ဆွေးနွေးနေကြတဲ့အချိန်မှာ ပြင်ပလူ့အဖွဲ့အစည်းအတွင်းမှာ အထက်ကပြောခဲ့သလို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ရက်စက်မှု၊ မတရားမှုတွေအဆက်မပြတ်ဖြစ်နေရင်၊ ပြီးတော့ စစ်အစိုးရက သူကြိုက်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး စစ်ပွဲတွေထ ဆင်နွှဲနေရင် ဒါဟာ ငြိမ်းချမ်းရေးလမ်းကြောင်းအမှန် ဟုတ်ပါ့မလား။ ဒါတွေကို စစ်အစိုးရခေါင်းဆောင်တွေငြိုငြင်မှာစိုးလို့ လူထုတွေသိအောင်တောင် ပေါ်ပေါ်ထင်ထင်မပြောရဲဘူးဆိုရင် ငြိမ်းချမ်းရေးရှာဖွေရာရောက်ပါ့မလား။
ငြိမ်းချမ်းရေးရဲ့အဓိပ္ပါယ်က ဘာလဲ။ သူငယ်ချင်း ကိုယ့်ကိုပြောပြပေးပါလား။ (တနိုင်ငံလုံးဖြစ်စေ၊ ကရင်ပြည်နယ်အတွင်းမှာဖြစ်စေ) အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရုံနဲ့ ငြိမ်းချမ်းရေးလို့တော့ မပြောနဲ့နော်။ ဒီလိုပြောမယ်ဆိုရင် စစ်အစိုးရအကြိုက်ဖြစ်မှာ သေချာပေမယ့် တိုင်းရင်းသားလူငယ်လေးတွေတောင် ယုံဘို့မလွယ်တော့လို့ဘဲ။
ငြိမ်းချမ်းရေးကိစ္စကို ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်အခြေခံကနေ ဆက်ပြီးဆွေးနွေးပါမယ်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးမိန့်ကြားသွားတဲ့ ကရင့်ကြမ္မာ ကရင်ဖန်တည်းခွင့်ဆိုတာကို ဖက်ဒရယ်ပြည်ထောင်စု အခြေခံကနေကြည့်ရင် ကရင်ပြည်နယ်အပါအဝင် ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်မယ့် ပြည်နယ်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိရမယ် မဟုတ်လား။ မင်းဒါကိုလက်ခံရင် သူငယ်ချင်းတို့ ဆွေးနွေးပွဲလုပ်နေကြတဲ့ သုံးနှစ်လောက်အတွင်းမှာ တိုင်းရင်းသားပြည်နယ်တွေရဲ့ အဲသည်အခွင့်အရေးအပေါ် ထိပါးတဲ့ဥပဒေတွေကို စစ်အစိုးရရဲ့လွှတ်တော်တွေက အတော်များများ ပြဌာန်းခဲ့တာ၊ ပြဌာန်းနေတာတွေကို ဘယ်လိုလုပ်ကြမလဲ။
မင်းတို့ ကေအင်ယူကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကိုသွားပြီး တွေ့ဆုံဆွေးနွေးခဲ့တဲ့ ခြောက်ကြိမ်အတွင်း တကြိမ်မှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ခဲ့တယ် မဟုတ်လား။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဘို့ သူ သဘောတူကြောင်း ထပ်ခါတလဲလဲပြောနေတဲ့ ဦးရွှေမန်းကို ခင်ဗျားတို့လွှတ်တော်က ဖက်ဒရယ်အခြေခံနဲ့ဆန့်ကျင်တဲ့ဥပဒေတွေ ဘာကြောင့် အထပ်ထပ်ပြဌာန်းနေတာလည်းလို့ သူငယ်ချင်းကိုယ်တိုင် မေးခဲ့တာရှိသလား။ သူငယ်ချင်းတို့ဥက္ကဌကြီး မေးဘို့ရော အကြံပေးခဲ့တာရှိသလား။ မေးခဲ့ရင် ဦးရွှေမန်းဘာဖြေသလဲ။ ကရင်လူထုရော ကိုယ်ပါ သိရှိခွင့်ရအောင်ထုတ်ဖေါ်ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။
ဒါတွေက ခိုင်မာတဲ့တပ်ပေါင်းစုတခုရဲ့ အလံအောက်ကနေ စုပေါင်းတောင်းဆိုမှသာ ရနိုင်မှာပါ။ သူငယ်ချင်းတို့ကေအင်ယူ တဖွဲ့တည်းအနေနဲ့ နေပြည်တော်ကိုသွားပြီး ခြောက်ကြိမ်ဆွေးနွေးခဲ့ပြီးပြီ။ လက်တွေ့အရ ကရင်လူထုအတွက် အခိုင်အမာအခွင့်အရေး (Rights) တွေ ပေးမယ်လို့ စာနဲ့ပေနဲ့အာမခံချက် ဘာရသလဲပြောပါ။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးပြီးရင် အခွင့်အလမ်း (Opportunitiတွေ ဟိုဟာလေး ပေးမယ်၊ သည်ဟာလေးပေးမယ်လို့ နုတ်နဲ့ရွတ်ဆိုတဲ့အပေါ်မှာယုံစားပြီး ကေအင်ယူတခုလုံး အသုံးချခံလိုက်ရတဲ့ဘဝမျိုး မရောက်စေချင်ဘူး။
လက်ထဲက ငှက်တကောင်နဲ့ ချုံပုပ်ထဲကငှက်နှစ်ကောင်ဥပမာကို ပြန်စဉ်းစားစေချင်တယ်။ အခုလောလောဆယ် စစ်အစိုးရကတဘက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကတဘက် ဘက်နှစ်ဘက် ဆွေးနွေးခွင့်ရနေတဲ့အခြေအနေဟာ လက်ထဲက ငှက်တကောင်ဘဲ။ အခုရရှိထားတာက သေချာတဲ့ အခွင့်အလမ်းဘဲ။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ချုံပုပ်ထဲက ငှက်နှစ်ကောင်ဘဲ။ ဆောက်ဖြစ်မှ ကျောင်းဒကာ မသေချာတဲ့အခွင့်အလမ်းဘဲ။ စစ်အစိုးရက သူတို့လိုချင်တဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကရသွားပြီးရင် နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို (အမျိုးသားညီလာခံတုံးက ၁၅ နှစ် အချိန်ဆွဲခဲ့သလို) နောက်ထပ် နှစ်ပေါင်းသုံးဆယ်လောက်အချိန်ယူပြီး စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲအောင်လုပ်သွားရင် ဘယ်လိုလုပ်ကြမလဲ။
တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ကေအင်ယူအနေနဲ့ ဘာဖြစ်လို့အလွယ်တကူ လက်မှတ်ထိုးချင်တာလဲ။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက် နေ့မှာ အဲသလို လုပ်ခဲ့ပြီးပြီ။ အဲဒီ စာချုပ်က အခုဘာပြဿနာကိုမှ မရှင်းနိုင်တာဘဲ။ စစ်ခေါင်းဆောင်တွေကိုချော့မော့လို့ရရင် သူတို့စိတ် ကြည်လင်ရင်ရမယ့် သက်သာခွင့် (Easement)လောက်ရှိတာဘဲ။ စာချုပ်အရ ထမ်းဆောင်ရမယ့်တာဝန် (Obligation)အပေါ်အခြေခံပြီး ရတဲ့အခွင့်အရေး (Rights) မဟုတ်တော့ အခိုင်အမာတောင်းဆို အရေးယူလို့မရဘူးမဟုတ်လား သူငယ်ချင်း။
တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အလွယ်တကူလက်မှတ်မထိုးဘဲ တိုင်းရင်းသားပြည်နယ်တွေ ရသင့်ရထိုက်တဲ့အခွင့်အရေး အခြေခံကျောရိုး တချို့လောက်ကို တခါထဲကျအောင်ဆွေးနွေးဘို့ လိုမှာပါ။ ပါသင့်ပါထိုက်တဲ့ နိုင်ငံရေးအခွင့်အရေးအချို့မျှဖြစ်တယ်။ အဲဒါအပြင် လူထုကိုကာကွယ်ပေးမယ့် လူ့အခွင့်အရေး၊ သဘာဝသယံဇာတဆိုင်ရာ ပူးတွဲစီမံခန့်ခွဲခွင့်၊ ဖက်ဒရယ်ပြည်ထောင်စတပ်မတော် တည်ဆောက်ရေးအာမခံချက်တွေ အနည်းဆုံးအားဖြင့်ပါတဲ့ စာချုပ်ဖြစ်စေချင်တယ်။ အဲဒါတွေပါပြီးတဲ့စာချုပ်ကို (အခုမျက်မှောက်မှာ ဖြစ်ပျက်နေသလို) အလွယ်တကူ ချိုးဖေါက်တာမျိုး ခွင့်မပြုသင့်ဘူး။ ဒါကြောင့် ချိုးဖေါက်မှုတွေမှန်သမျှကို ထိရောက်စွာ အရေးယူဆောင်ရွက်ခွင့်ရမယ့်ယန္တယားတွေ၊ နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှုတွေရှိလာအောင် ထည့်သွင်းချုပ်ဆိုဘို့လိုမှာပါ။ ဒီလို ငြိမ်းချမ်းရေးစာချုပ် Peace Agreement မျိုး ပေါ်ထွက်လာဘို့ စဉ်းစားစေချင်တယ်။
တပ်ပေါင်းစု ယူအင်န်အက်ဖ်စီနဲ့ အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းကြပြီးတော့ ဒီလိုစိုးရိမ်ချက်တွေအပေါ် အခြေခံပြီး အလွယ်တကူလက်မှတ်မထိုးဘဲ ခိုင်မာတဲ့သဘောတူညီချက်တွေရအောင် တဆင့်ပြီးတဆင့် ဆွေးနွေးဘို့ကြိုးစားနေတယ်ဆိုရင် သူတို့ကို ငြိမ်းချမ်းရေးမလိုလားသူ၊ သဘောထားတင်းမာသူ (Hardliners)တွေ ဖြစ်တယ်ရယ်လို့ စွပ်စွဲမယ်ဆိုရင်မှန်ပါ့မလား သူငယ်ချင်း။
ယူအင်န်အက်ဖ်စီတပ်ပေါင်းစု စတင်ဖွဲ့စည်းတုန်းက ကိုယ်မပါခဲ့လို့ ဒီကိစ္စ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ယူအင်န်အက်ဖ်စီဖွဲ့စည်းပုံကို ကြည့်ပြီးပြီ။ နိုင်ငံရေးအရဦးဆောင်မှုကိုရှာဖွေရာမှာ တသွေး၊ တသံ၊ တမိန့်သဘောဆောင်တဲ့ပြဌာန်းချက်တော့ မတွေ့ရပါလား သူငယ်ချင်း။ တခုတော့ ရှိတယ်။ ပြည်ထောင်စုတပ်မတော်တည်ဆောက်ပြီဆိုရင်တော့ ဗဟိုချုပ်ကိုင်အမိန့်ပေးတဲ့စနစ် Commanding System ရှိရမှာပေါ့။ အဲဒီအထဲမှာ ကေအင်ယူလည်းပါလို့ရတာဘဲ။ ဘာပြဿနာရှိသလဲ။ တပ်ဆိုပြီးတော့ အဆင့်ဆင့်တောင်အမိန့်ပေးလို့မရ၊ အောက်ခြေမှာ ကိုယ်ထင်ရာလုပ်နေကြမယ်ဆိုရင် ဘယ်လိုလုပ်ပြီး တိုင်းရင်းသားလူထုကို ကာကွယ်စောင့်ရှောက်နိုင်တဲ့တပ် ဖြစ်ပါ့မလဲ။
ဒီ နှစ်ပိုင်းကိုတော့ ခွဲခြားဘို့လိုမယ်ထင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စတင်ဖွဲ့စည်းသင့်တဲ့အချိန်နဲ့ပတ်သက်လို့ သူငယ်ချင်းနဲ့ကိုယ် အမြင်မတူတာကို ခွင့်လွှတ်ပါ။ ကိုယ့်သဘောကတော့ ဖွဲ့စည်းသင့်တာကြာပြီ။ နှစ်ပေါင်းများစွာ နောက်တောင်ကျနေပြီ။ ဒီကသွားဖြဲပြလို့ ဟိုကအစွယ်ထုတ်ပြတယ်လို့ ကိုယ်မမြင်ဘူး။ ဟိုကအစွယ်ထုတ်ပြလို့ ဒီကသွားဖြဲပြဘို့ကြိုးစားတဲ့အဆင့်ဘဲ ရှိသေးတယ်။ ပြည်ထောင်စုအဆင့်မှာတောင် လက်မှတ်ထိုးထားပြီးပေမယ့် စစ်အစိုးရက ရှမ်းမြောက်ပိုင်းကတပ်တွေကို အကြိမ်ပေါင်းတရာကျော် တိုက်နေခဲ့တယ်မဟုတ်လား။ သူတို့ဘာဘဲလုပ်လုပ် ခေါင်းငုံ့ခံပြီး သူတို့မကြိုက်တာမှန်သမျှမလုပ်ရဲတဲ့ဘဝတော့ မရောက်သင့်ဘူးထင်တယ်။ တကယ်တော့စစ်ဘီလူးရဲ့အစွယ်ကို ရိုက်ချိုးသင့်ခဲ့တာကြာပြီ။
ဦးဟန်ရောင်ဝေ က ယူအင်န်အက်ဖ်စီကို ပြောင်ထုတ်ဖေါ်ဝေဘန်တိုက်ခိုက်တယ်လို့ ကိုယ်သုံးတဲ့အပေါ် သူငယ်ချင်းက ဘဝင်မကျဘူး ထင်တယ်။ လူတိုင်းပြောခွင့်ရှိပြီး ဂရိ အေသင်တို့ကစလို့ အနောက်နိုင်ငံတွေမှာလည်း ဒီလိုလုပ်မြဲဘဲလို့ကြားထဲကဝင်ပြီး စောဒကတက် ပေးတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ မှန်တာပေါ့။ အခုဟာက စစ်အာဏာရှင်စနစ်နိုင်ငံဘဲ။ စစ်အာဏာရှင်စနစ်ကို ဘုံရန်သူလို သဘောထားနဲ့ဆန့်ကျင်တဲ့နေရာမှာ ကိုယ့်အချင်းချင်း အတွင်းကပြဿနာတွေကို ကိုယ့်အတွင်းပိုင်းမှာနည်းလမ်းရှာပြီး တမျိုးတဖုံရှင်းရမယ်လို့ ကိုယ်တော့မြင်တယ်။ အဲသလိုမရှင်းဘဲ စစ်အာဏာရှင်တွေအကြိုက်များ ဦးဟန်ရောင်ဝေလုပ်မိနေပြီလားဆိုတာကို စိုးရိမ်ပြီး ကိုယ်ကထောက်ပြတာဘဲ။

ဒီကိစ္စ သူငယ်ချင်းရဲ့အမြင်က ဘယ်လိုလဲ။ ယူအင်န်အက်ဖ်စီကိုဝေဘန်တဲ့ ဦးဟန်ရောင်ဝေမှာတော့ လူတိုင်းရသင့်တဲ့ထုတ်ဖေါ်ပြောဆိုခွင့် ရှိပြီး ကိုယ်က သူ့ကိုဝေဘန်တာကိုတော့ ထုတ်ဖေါ်ပြောဆိုခွင့်မရှိဘူးလို့ ကိုယ့်အခွင့်အရေးကို ပိတ်ချင်သလား။ သည်လိုဆိုရင်တော့ စိတ်မကောင်းစရာဘဲ။

မင်းရေးတဲ့ အောက်ပါစာပုဒ်ကိုဖတ်လိုက်ရတော့ ကိုယ် တော်တော်အံ့သြမိတယ်။
“အတွေးအခေါ်မတူတဲ့ဘက်နှစ်ဘက်ကို စင်ပေါ်တင်ပြီး Television ရှေ့မှာ သူ့အမြင်ကိုယ့်အမြင်တွေကိုပြောခိုင်းရင် မကောင်းဘူးလားလို့ ကိုယ်စဉ်းစားမိတယ်။ ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ကို ကိုယ်မေးကြည့်မယ် မင်းတို့လုပ်မလား။ သူတို့ကလုပ်မယ်ဆိုရင် မင်း Facilitator လုပ်မလားသူငယ်ချင်း?။”
အထက်မှာ မင်းကို ကိုယ်ထောက်ပြခဲ့ပြီ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်က အားကောင်းရှင်သန်ကြီးစိုးနေဆဲဘဲ။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ကိုယ့်အချင်းချင်းကြားထဲမှာ မင်းတို့အချင်းချင်းကြားထဲမှာ နားလည်မှုညှိရမှာကို ဘာကြောင့် အာဏာရှင်တွေဝမ်းသာအောင် ပရိသတ်ဗိုလ်ပုံအလယ်မှာ ကိုယ့်အထုတ် ကိုယ်ဖြည်ပြရမှာလဲ။ ဒီ အလုပ်တော့ ကိုယ် မလုပ်နိုင်ဘူး သူငယ်ချင်း။
တခုတော့ ရှိတယ်။ မင်းလေသံကိုလေ့လာရတာ စစ်အစိုးရကိုပြောလို့ဆိုလို့ အတော်ရမယ့်သဘောရှိနေတယ်။ ကိုယ်စကားပြောချင်ရင် မင်းက ရန်ကုန်မှာ အစည်းအဝေးလုပ်ပေးမယ်ဆိုတာက တမျိုး၊ Television ရှေ့မှာ ပြောကြမယ်ဆိုတာက တဖုံ မဟုတ်လား။ ဒီတော့ ဒီလိုလုပ်ပါလား။ ကာချုပ်မင်းအောင်လှိုင်ကို မင်းပြောကြည့်လေ။ ငြိမ်းချမ်းရေကိစ္စ သူနဲ့ကိုယ် Television ရှေ့မှာ အပြန်အလှန်ပြောကြမယ်။ လုံခြုံရေးရှုဒေါင့်အပါအဝင် ကြိုက်တဲ့ရှုဒေါင့်ကနေ ဆွေးနွေးနိုင်တယ်။ မင်းက Facilitator လုပ်မလား။ ဒီလိုပြောခွင့်ရအောင်စီစဉ်ပေးမယ်ဆိုရင် သိတ်ကိုကျေးဇူးတင်မယ်။
စိတ်ကူး မယဉ်စေချင်ဘူး သူငယ်ချင်း။ စစ်အာဏာရှင်စနစ်ရှိနေသမျှ ဒီမိုကရေစီအတုအယောင်ဘဲရမယ်။ ဖက်ဒရယ် ဘယ်တော့မှ မရနိုင်ဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်တော့မှ စစ်မှန်တဲ့ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ဘူး။ အဲသလို ကိုယ်မြင်တယ်။ သူငယ်ချင်းရော အဲသလိုအမြင်တူရဲ့လား။ စစ်ခေါင်းဆောင်တွေနဲ့တွေ့တဲ့နေရာမှာ ခင်ဗျားတို့စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်ဘို့လိုတယ်လို့ သူငယ်ချင်းကိုယ်တိုင်က ပြောခဲ့တာများရှိခဲ့ရင် ကိုယ်က သိတ်ကိုကျေးဇူးတင်မှာဘဲ။ တောင်အာဖရိကမှာတော့ မန်ဒဲလားက ဒီကလပ်ကို ခင်ဗျားတို့လူဖြူလူမဲခွဲခြားတဲ့ဝါဒကို စွန့်လွှတ်ဘို့လိုတယ်လို့ အတိအလင်းပြောခဲ့တာဘဲ။ စွန့်လည်းစွန့်လွှတ် ခဲ့ရတာဘဲ။
သူငယ်ချင်းရဲ့စာ နောက်ဆုံးအပုဒ်ကလေးကတော့ သိတ်ကို မင်္ဂလာရှိတာဘဲ။ ဘာတဲ့လဲ။ “ဒါတွေကိုကိုယ်ပြောနေတာ ဘယ်သူ့ကိုမှ အပြစ်ပြောနေတာ မဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာ၊ အပြစ်ဖို့၊ အပြစ်ပြောနေတာမျိုးဟာ အကျိုးယုတ်တာကလြွဲပီး ဘာအကျိုးမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ မင်း အားရင်လာခဲ့ပါအုံး။ တို့တတွေအားလုံး နေရာတိုင်းမှာအမြင်မတူကြပေမယ့် စုစုစည်းစည်း အဖိုးအခပေးလုပ်ခဲ့တဲ့အကျိုးကြောင့် ဒီအခြေအနေကို ရောက်လာနေပြီ။ ဆက်ပြီးကြိုးစားကြည့်ကြစို့။” သူငယ်ချင်းပြောတာ ရာနုန်းပြည့် သဘောတူတယ်။ ဖိတ်ခေါ်တာလည်း ဝမ်းသာတယ်။ ကိုယ်လည်း လာချင်ပါတယ်။ ဒါပေမယ့် ဝတ္တရားကြေလောက်၊ ကိုယ့်ကို ချွေးသိပ်ဖို့လောက်ဖိတ်တာမျိုးတော့ မဖြစ်စေချင်ဘူး။ ကိုယ့်ဥပဒေပညာကို တန်ဘိုးထားတယ်ဆိုရင် ကေအင်ယူဗဟိုအလုပ်အမှုဆောင် ကော်မတီ သို့မဟုတ် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ တရားဝင်ဖိတ်စေချင်တယ်။ သူငယ်ချင်းတို့က ခရီးစရိပ်တော့ ကျခံရမှာပေါ့။ တခုတော့ရှိတယ်။ တောထဲကိုလမ်းလျှောက်ရမယ့်နေရာကိုတော့ မသွားနိုင်တော့ဘူး။ ကားနဲ့သွားလို့ရမယ့်နေရာလောက်ဘဲ ရောက်နိုင်မယ်။ ကြီးကျယ်တာ လုံးဝမဟုတ်ဘူး သူငယ်ချင်း။ မင်းလည်းတောတွင်းတိုက်ပွဲတနေရာမှာ စစ်အစိုးရရန်သူ့လက်နက်ကြီးကျည် အနီးကပ်ကျ ရောက်ပေါက်ကွဲပြီး နားတွေပျက်စီးကုန်တာကို ကိုယ်သိတယ်။
ကိုယ်လည်း ၁၉၇၄ အလုပ်သမားအရေးအခင်းဆန္ဒပြပွဲမှာ ကိုယ့်ရဲ့ငယ်သူငယ်ချင်း ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးနဲ့အတူ ပါခဲ့တာကြောင့် သေနတ်မှန်ခံရ၊ ကျည်ဆန်က ခြေဖဝါးကနေဖြတ်ဖေါက် ခြေသလုံးရိုးသွင်သွင်ကျိုးသွားခဲ့၊ မင်္ဂလာဒုံစစ်ဆေးရုံက ကုပေးခဲ့လို့ ပြန်ကောင်းခဲ့ပေမယ့် အခု အသက်ကြီးပိုင်းရောက်လာတော့ ခြေသလုံးက ကျည်အပိုင်းအစတွေ ပြန်ထွက်လာ၊ ဒဏ်တွေပြန်ပေါ်ပြီး လမ်းမနည်းလျှောက်ရတဲ့ဘဝ ရောက်နေတယ်။ ဝေးဝေးလျှောက်လို့ လုံးဝမရတော့ဘူး သူငယ်ချင်း။
ဘာဘဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ဆိုးကို မသေမချင်းတော့ ကိုယ်ကျွမ်းကျင်တဲ့အတတ်ပညာတွေနဲ့ ဆက် တိုက်သွားဦးမယ်။ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို တိုင်းရင်းသားအခွင့်အရေးရှုဒေါင့်ကနေ အထူးတလည် ကာကွယ်ရှာဖွေသွားမယ်။ ဥပဒေစိုးမိုးရေး နဲ့လူ့အခွင့်အရေးအခြေခံတွေကို နိုင်သမျှ ဝိုင်းဝန်းတည်ဆောက်သွားမယ်။ ဒါကိုတော့ ကတိပေးလိုက်တယ်။
အိပ်ဖွင့်ပေးစာ အပြန်အလှန်ရေးတာတော့ ဒီလောက်ဆိုတော်လောက်ပြီထင်ပါတယ်
မင်းရဲ့သူငယ်ချင်း
အောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

0 comments:

Post a Comment