(Messenger ဂျာနယ် အတွဲ
၅၊ အမှတ် ၂၁ တွင်ပါရှိသော “ဗကသ အဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကိုနှင့်အင်တာဗျူး” မှ
ထုတ်နုတ်ဖော်ပြပါသည်)
ကျနော်တို့ကျတော့ နိုင်ငံရေးအဖွဲ့အစည်းတခုရဲ့ရုံးခန်းကိုသွားမယ်ဆိုရင် အကျိုးအကြောင်းဆီလျော်မှ
သွားမှာ၊ ဆွေးနွေးစရာကိစ္စရှိရင် သွားမယ်။ အဲဒီလိုမဟုတ်ဘဲ ကျနော်တို့က ခဏခဏသွားနေရင်
ပတ်ဝန်းကျင်အမြင်မှာ ၈၈ က ဗကသကို ကြိုးကိုင်ထားတယ်မြင်ရင် ၈၈ အတွက်လည်းမကောင်းဘူး။
ဗကသ အတွက်လည်းမကောင်းဘူး။ NLD ရုံးချုပ်ဆိုလည်း ကျနော်တို့ ခဏခဏသွားလေ့မရှိဘူး။
ကျနော်တို့ဘဝမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးဖို့တစ်ခါ (၄၅ မိနစ်တာ)ရောက်ဖူးတယ်။
ကျန်တဲ့အချိန်ပိုင်းမှာ တခါမှ NLD ရုံးကိုမသွားဖူးဘူး။ နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်လာလို့ သွားဆွေးနွေးတယ်။
ဗကသ
ဗဟိုလုပ်ငန်းကော်မတီအနေနဲ့ အဲဒီအချိန်က သွားသင့်လို့သွားတဲ့အချိန်၊ ကျန်တဲ့အချိန်သွားနေရင်
အဓိပ္ပာယ်တမျိုးဆောင်သွားမယ်။ နိုင်ငံရေးအရစဉ်းစားရင် အဖွဲ့အစည်းအချင်းချင်းဆက်ဆံရေးဆိုတာ
ရှိရတယ်။ လူပုဂ္ဂိုလ်ဆက်ဆံရေးနဲ့ရောယှက်ရင် အဲဒီအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာ
နည်းနည်းတော့အပွန်းအပဲ့တော့ ရှိမှာဘဲ။
၈၈ နဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ကျနော်တို့နဲ့ဝေးကွာသွားတယ်ဆိုတာ လုပ်ငန်းစဉ်ချင်းလည်း
ခြားနားတယ်။ အယူအဆချင်းလည်း ခြားနားတယ်။ အမြင်ချင်းလည်း ခြားနားတယ်။ မတူဘူး။
ကျနော်တို့က လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို အတိုင်းအတာတခုအထိ
ကိုယ်စားပြုတယ်။ သူတို့က လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို
ကိုယ်စားပြုတာမရှိတော့ဘူး။ သူတို့က အခု ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့သဘောက
နိုင်ငံရေးပါတီလည်းမဟုတ်သလို ကျောင်းသားသမဂ္ဂလည်း မဟုတ်ဘူး။ သူတို့က ကြားကျနေတဲ့အဖွဲ့အစည်းတခုပေါ့။ NGO လို့အမည်တပ်လည်းရသလို CSO လို့ပြောရမယ်ဆိုရင်လည်း ဖြစ်တယ်။
အဲဒီလို အဖွဲ့အစည်းတွေရဲ့လုပ်ငန်းစဉ်တွေက ရှင်းရှင်းပြောရရင် ကျနော်တို့ကျောင်းသားသမဂ္ဂတွေလို
တောင်းဆိုတိုက်ပွဲဝင်တာတော့ ရှိမှာတော့မဟုတ်ဘူး။ သူတို့က အသွင်သဏ္ဍာန်တမျိုးနဲ့
ရပ်တည်နေတာ။
အဲဒီတော့
လုပ်ငန်းစဉ်မတူတော့ သွားမယ့်လမ်းကြောင်းလည်း တူမှာမဟုတ်ဘူး။ ဒါပေမယ့်
ပန်းတိုင်တူချင်ရင်တူမယ်။ ကျနော်တို့က အဲဒီလို
ရည်မှန်းချက်တူတယ်အကျိုးစီးပွားတူတယ်ဆိုတဲ့အဖွဲ့အစည်းတွေကို လက်တွဲမဖြုတ်ပါဘူး။
မဖြူနှင်းထွေးကို
ပုဂ္ဂိုလ်ရေးအရကြည့်ရင် ဖြူနှင်းထွေးက ဖြူနှင်းထွေးဘဲ။ ဒါပေမယ့်
ပုဂ္ဂိုလ်ရေးအရမကြည့်ဘဲ နောက်ကွယ်ကအကြောင်းတွေကို နှိုက်နှိုက်ချွတ်ချွတ်ကြည့်မယ်ဆိုရင်
ဒါ တရားမှုနဲ့မတရားမှု၊ ဓမ္မနဲ့အဓမ္မတိုက်ပွဲဘဲ။ အဲဒါကို သုံးသပ်လေ့လာတတ်တဲ့သူဆိုရင်
မဖြူနှင်းထွေးဘက်က ထောက်ခံရပ်တည်ပေးမှာဘဲ။ သူတို့အနေနဲ့ နှုတ်ဆိတ်နေတာ၊
နှောင့်နှေးနေတာ၊ ကြန့်ကြာနေတာရှိတယ်ဆိုရင် အကြောင်းတခုခုရှိလို့ဘဲလား။ ကျနော်လည်း စဉ်းစားမိတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ဆန္ဒက
ဒါ ရှေ့မျိုးဆက်တွေဖြစ်တယ်။ ၈၈ မှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ စစ်အာဏာရှင်ရဲ့အကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်းများစွာဖြတ်သန်းလာရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ အကိုတွေ၊
အမတွေက အခုလက်ရှိနိုင်ငံရေးလှုပ်ရှားမှုနဲ့ထောင်ကျတဲ့ညီမငယ်လေးကို စာနာစွာနဲ့
တစုံတရာ
ထုတ်ဖော်ပြောကြားဖို့ ဝန်မလေးနေခဲ့သင့်ဘူး။
ထုတ်ဖော်ပြောကြားဖို့ ဝန်မလေးနေခဲ့သင့်ဘူး။
ဟောင်ကောင်ကိစ္စက
မီဒီယာတွေကတဆင့် ပေါ်ပြူလာဖြစ်လာတာ။ ဒါကို ဒီကနေ့ ထောက်ခံတယ်ဆိုတဲ့အတွက် သူတို့လည်း
ဒီမိုကရေစီဘက်တော်သားတွေလို့ သူတို့ကိုယ်သူတို့ရော၊ ပတ်ဝန်းကျင်ကရော သတ်မှတ်ချင်သတ်မှတ်မှာပေါ့။
အထူးသဖြင့်တော့ ဟောင်ကောင်အရေးကိုလိုလားတဲ့ အနောက်အုပ်စုတွေကတော့ ပိုပြီးသတ်မှတ်ကြလိမ့်မယ်။
ဒါကတော့ အလုပ်ကို သေးသေးလုပ်ပြီးတော့ အသိအမှတ်ပြုမှုကို များများရတာဘဲ။ မဖြူနှင်းထွေးကိစ္စကကျ ဒီလိုမဟုတ်ဘူး။ အသိအမှတ်ပြုခွင့်ရဖို့
မလွယ်ဘူး။ ပြဿနာတခုကိုရင်ဆိုင်ရဖို့ ပိုများတယ်။ မဖြူနှင်းထွေးကိစ္စကိုထောက်ခံပြီးပြောမယ်ဆိုရင်
နောက်ကနေ အက်ရှင်တခုလုပ်ရမယ်။ အက်ရှင်တခုလုပ်တဲ့အခါမှာ အစိုးရရဲ့ငြိုငြင်မှုကိုတော့
အနည်းဆုံးခံရမယ်။ ဒီကိစ္စမျိုးကို ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို စဉ်းစားမှာပါ။
မဖြူနှင်းထွေးရုံးထွက်တွေမှာ လာဝန်းရံတဲ့အဖွဲ့အစည်းတွေဆိုတာ ခမ်းခမ်းနားနားကြီးတွေ
မဟုတ်ပါဘူး။ ကျနော်တို့အပါအဝင် သမိုင်းကြောင်းဆိုင်ရာအဖွဲ့အစည်းကြီးဖြစ်ပေမယ့်
ငွေရေးကြေးရေးကအစ အခက်အခဲအများကြီးရှိပါတယ်။ နည်းနည်းလေးအသံထွက်ပြီး
အများကြီးအသိအမှတ်ပြုခံရတာထက် အများကြီးလုပ်ပြီး သိပ်ပြီးအသိအမှတ်ပြုမခံရဘဲ
ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ရမှာကိုယှဉ်ပြီး ပါးပါးနပ်နပ်နဲ့ရွေးသွားတယ်လို့ထင်ပါတယ်။
သူတို့သွားတဲ့လမ်းကြောင်းက
နိုင်ငံရေးအသွင်သဏ္ဍာန်ဆောင်တာနည်းပြီး လူမှုရေးအသွင်သဏ္ဍာန်တွေ ပိုများနေတယ်။
ဘယ်အချက်တွေကို ဝေဖန်ချင်သလဲဆိုရင် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့
အရမ်းနီးနီးကပ်ကပ်ဆက်ဆံတယ်။ ရှစ်လေးလုံးငွေရတုအခမ်းအနားတုန်းက ကျနော်တို့
ကန့်ကွက်ပြီးနုတ်ထွက်ခဲ့ကြတာက ကျနော်တို့က အတိုက်အခံအဖွဲ့အစည်းစစ်စစ်ကို
လိုချင်တာ။ အဆင်ပြေရေးလမ်းကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းသွားနေရင်တော့
ကျနော်တို့လိုချင်တာ ဖြစ်မလာတော့ဘူး။ ဒီလိုမျိုး ခရိုနီတွေရဲ့ငွေကြေးတွေနဲ့အခမ်းအနားလုပ်တာမျိုး၊ အစိုးရတာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီးစကားပြောခွင့်ပြုတာ၊ သဝဏ်လွှာဖတ်တာတို့ကို
ကျနော်တို့က ပြတ်ပြတ်သားသား ပြောပြီးသား။
ဒီနေ့လည်း ဒီသဘောထားကို
စွဲကိုင်ထားတယ်။ ပြီးရင် ပုဒ်မ ၁၈ ကို ကျနော်တို့က မတရားဘူးလို့ မြင်တယ်။
အဲဒီပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာမလိုဘူးလို့ ကျနော်တို့ကမြင်တယ်။
လွတ်လပ်စွာဆန္ဒပြခွင့်ရှိရမယ်လို့တောင်းဆိုတယ်။ သူတို့ကျတော့ ပုဒ်မ ၁၈ ကို
ခွင့်ပြုချက်ယူပြီးဆန္ဒပြတဲ့လမ်းကြောင်းကို သွားတယ်။ ဥပဒေကို
လေးစားလိုက်နာတယ်ဆိုတာမျိုးပေါ့။ အဲဒီအပြင် အယူအဆတွေကတော့ ကွာပါတယ်။ (နိုင်ငံရေး)ခရိုနီဖြစ်ခြင်း၊ မဖြစ်ခြင်းကိုတော့ ကျနော်မပြောလိုဘူး။
ပြောဖို့လည်းဆန္ဒမရှိဘူး။ ခရိုနီဆိုတဲ့ဝေါဟာရက အစိုးရနဲ့ပူးပေါင်းပြီးမှ
လုပ်ကွက်တွေရယူပိုင်ဆိုင်ပြီး ကြွယ်ဝချမ်းသာသူတွေ၊ တရားတာ မတရားတာ၊ မျှတတာ
မမျှတတာတွေမကြည့်ဘဲ ဂုတ်သွေးစုတ်တဲ့လူတန်းစားကိုပြောတာ။ ခရိုနီဆိုတဲ့ဝေါဟာရနဲ့ ၈၈
ငြိမ်း/ပွင့်ဆိုတဲ့အဖွဲ့အစည်းကိုတွယ်ကပ်ပြီးပြောတာကတော့ သူတို့အဖွဲ့ကို တိုက်ခိုက်တဲ့သူတွေ ပြောတာတွေပါ။ ကျနော်တို့ကတော့ အဲဒီလိုတိုက်ခိုက်လိုတဲ့သဘောထား
မရှိဘူး။ ဒါပေမယ့် သူတို့ကိုတော့ အားမရတာတော့ အမှန်ဘဲ။
ကျော်ကိုကို
(Messenger ဂျာနယ် အတွဲ
၅၊ အမှတ် ၂၁ တွင် ပါရှိသော “ဗကသ အဖွဲ့ချုပ် ဥက္ကဌ
ကိုကျော်ကိုကို နှင့် အင်တာဗျူး” မှ ထုတ်နုတ်ဖော်ပြပါသည်)
ကိုကျော်ကိုကို နှင့် အင်တာဗျူး” မှ ထုတ်နုတ်ဖော်ပြပါသည်)
ယူတာက ကိုအောင်မျိုးထွန်းဆီကဖြစ်ပါတယ်။
0 comments:
Post a Comment