Tuesday, October 14, 2014

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၃) (မေလင်းခ-ဗကသ)

0 comments
ဗကသများအဖွဲ့ချုပ်မှာ ရဲဘော်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ကာစကာလဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ အားမာန်တက်ကြွစွာ ဖြတ်သန်းခဲ့ရသလို အားလျော့စိတ်ပျက်မှုတွေကြားကနေ အတင်းတွန်းပြီး ရှေ့ကိုမရောက်ရောက်အောင် မနည်းအားစိုက်ရွှေ့ခဲ့ရတဲ့အချိန်တွေလည်း အများကြီးကြုံခဲ့ရတာအမှန်ပါ။ ဒါ့အပြင် ဗကသဆိုတာကလည်း သမိုင်းတန်ဖိုးကြီးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မူဝါဒတွေကိုလက်တွေ့အကောင်အထည်ဖေါ် လိုက်နာရခြင်းဟာ ပျော်သလိုနေလာခဲ့တဲ့ကျွန်မအတွက်တော့ အမှန်ကိုပြောမယ် ဆိုရင် တော်တော်ခက်ခဲခဲ့ပါတယ်။

ပြည်သူ့အကျိုးအတွက်ဆောင်ရွက်နေတဲ့ သမဂအဖွဲ့ဝင်ကျောင်းသူတစ်ယောက်အနေနဲ့ ကျွန်မဟာ KTV မှာ သီချင်းသွားဆိုဖို့ သူငယ်ချင်းတွေ လာခေါ်ချိန်မှာ ဒွိဟပေါင်းများစွာနဲ့လွန်ဆွဲခဲ့ရပါတယ်။ ကျွန်မအနေနဲ့ သမဂအဖွဲ့ဝင်ဖြစ်တာက တစ်ကြောင်း၊ အများအကျိုးအတွက် အမှန်တကယ်ပေးဆပ်ပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်အရက တစ်ကြောင်း မလိုက်သင့်ဘူးဆိုတာကိုသိပေမယ့် တစ်ချိန်က သွားလာပျော်ပါးခဲ့ဖူးတဲ့ အပျော်တွေလည်း ပြန်ပြီးသတိရနေပြန်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မမျက်စိရှေ့မှာပေါ်လာခဲ့တဲ့ သမဂအလံတော်ဟာ ကျွန်မရဲ့တွေဝေမှုတွေကို ပြန်လည်ကြည်လင်လာစေခဲ့ပါတယ်။ သမဂအဖွဲ့ဝင်ကျောင်းသူတစ်ယောက်အနေနဲ့ ကျောင်းသားတွေကြားမှာ စံပြအဖြစ်မနေနိုင်ရင်တောင်မှ ကျွန်မဟာ သမဂကိုသိက္ခာကျစေမယ့်အလုပ်မျိုး မလုပ်သင့်ဘူးဆိုတာကို အလံက ညွှန်ပြခဲ့ပါတယ်။ အခြားသော ပျော်ပွဲရွှင်ပွဲများ၊ ပါတီပွဲများ၊ ကလပ်သွားရန်ကိစ္စများကိုလည်း အတွင်းစိတ်နဲ့ အခြေအတင် လွန်ဆွဲမှုတွေ ကြားကနေ ကျွန်မ ငြင်းပယ်နိုင်ခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေဟာ အပြင်ပန်းကြည့်ရင်တော့ ဘာမှမဟုတ်သလိုထင်ရပေမယ့် ကျွန်မ အတွက်တော့ တော်တော်လေးကြီးမားတဲ့အခက်အခဲတွေလို့ ပြောချင်ပါတယ်။

ဒါတင်မကသေးပါဘူး…။ ပေါင်းနေကျ အပေါင်းအသင်းတွေထဲကမှ ကျွန်မသမဂဝင်ဖြစ်လို့၊ အထူးသဖြင့် ဗကသဟာ ကျောင်းသားအရေး သာမက ပြည်သူ့အရေးပါဆောင်ရွက်တဲ့ နိုင်ငံရေးလုပ်တဲ့အဖွဲ့ထဲကိုဝင်လို့ ဆိုပြီး ကျွန်မကိုရှောင်ဖယ်သွားကြတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံရေးလုပ်ရင် ကျောင်းထွက်ရမယ်၊ ထောင်ကျမယ်၊ ဘဝပျက်တယ်…နင်နဲ့ပေါင်းရင် ငါတို့ပါအမှုပတ်မှာစိုးရတယ်ဆိုပြီး အဆက်ဖြတ်သွားကြတဲ့ သူငယ်ချင်းတွေကြောင့်လည်း ကျွန်မရဲ့ယုံကြည်ချက်တွေကို တွေဝေစေခဲ့ပါတယ်။ သမဂကို ဝင်ကာစဖြစ်တဲ့အပြင် သမဂအဖွဲ့ဝင် ရဲဘော်တွေဆိုတာကလည်း ကျွန်မနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းခင်မင်ဖူးတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒီသမဂကိုဝင်လိုက်လို့ ငါ့သူငယ်ချင်း အရင်းခေါက်ခေါက်တွေက ငါ့ကိုပစ်သွားတယ်ဆိုတဲ့အတွေးတွေနဲ့ ကျွန်မတုန်လှုပ်ခဲ့ရပါတယ်။ ဒီဗကသက ရဲဘော်တွေကရော ငါ့အပေါ် ငါ့သူငယ်ချင်းတွေလောက်မှကောင်းပါ့မလားဆိုပြီး အတွေးတွေများစွာနဲ့ အပြင်းအထန်စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မစာအုပ်တွေကိုဖတ်ရင်း၊ ကျောင်းသားခေါင်းဆောင်-ဗကသခေါင်းဆောင်ကိုအောင်ဆန်းကိုလေ့လာရင်း စိတ်ပင်ပမ်းမှုတွေဟာ အတန်ငယ်လျော့ပါးခဲ့ရပါတယ်။ သို့ပေမယ့် လုံးဝတော့ သဲလဲစင်ဖြစ်မသွားခဲ့ပါဘူး။ ဒီလမ်းကိုရွေးပြီးမှတော့ မထူးတော့ပါဘူးဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ပြီး ဆက်လျှောက်ခဲ့ရတာပဲဖြစ်ပါတယ်။
           
ဒီလိုမထူးဇာတ်ခင်းပြီးနေလာခဲ့တဲ့ကျွန်မအတွက် အတွေးအခေါ်တွေ၊ မကျေလည်မှုတွေ၊ မတင်မကျ မကျေနပ်မှုတွေကို ပြောင်းပြန် လှန်ပစ်ခဲ့တာကတော့ ၂ဝ၁၂ခုနှစ် ဂျူလိုင်(၇)ပါပဲ။ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နေ့နီးလာပြီဖြစ်တဲ့ကာလတစ်ခုမှာ ကျွန်မတို့ ဗကသ ရဲဘော်တွေအားလုံးဟာ SB တွေရဲ့စောင့်ကြည့်မှုကို အနည်းနဲ့အများခံခဲ့ရပါတယ်။ (၁၉၆၂)က အာဏာလဲသိမ်းဖို့ မဟုတ်၊ အကြမ်းဖက် တိုက်ခိုက်ဖို့လည်း လုံးဝကိုစိတ်ကူးမထားခဲ့တဲ့ ကျွန်မတို့နောင်တော်ကျောင်းသားတွေဟာ စစ်အာဏာရှင်နေဝင်းရဲ့ အာဏာတပ်မက်မှု အားကြီးတဲ့ လူမဆန်မှုကြောင့် ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ကြရပါတယ်။ သမဂအဆောက်အအုံကြီးဟာလည်း ဒိုင်းနမိုက်နဲ့ဖြိုခွဲခံရပြီး တုံရုံးပြိုလဲခဲ့ရတာ လူတိုင်းအသိပါ။ (၂ဝ၁၂) ခုနှစ်မှာတော့ ဒီသမိုင်းဟာ နှစ်(၅ဝ)ပြည့်ခဲ့ ပါပြီ။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ဗကသ ရဲဘော်တွေဟာ အထိမ်းအမှတ် အမှတ်ရပွဲများပြုလုပ်ဖို့ လုံးပမ်းနေကြပါတယ်။

အထက်ဗမာပြည် မုံရွာခရိုင်ကျောင်းသားများသမဂကရဲဘော်တွေကတော့ ဇူလိုင်(၇)ရက်မှာ အကြောင်းကြောင့်ကြောင့် ပွဲမလုပ်ဖြစ်ပဲ ရက်ကိုရှေ့တိုးပြီး ကြိုတင်ကာ အထိမ်းအမှတ်ပွဲကိုကျင်းပခဲ့ပါတယ်။ အဲဒီပွဲအတွက် ကျွန်မနဲ့အတူ မန္တလေးမှ ဗကသရဲဘော် (၅)ဦး မုံရွာကို သွားခဲ့ကြပါတယ်။ စုစုပေါင်း ကျွန်မ အပါအဝင် ရဲဘော်မ(၂)ဦး ရဲဘော်လေးဦးတို့ဟာ ညနေပိုင်းကားနဲ့ သွားခဲ့ပါတယ်။ အစိုးရဘက်က အချိန်တိုင်းလိုလို လိုက်လံစောင့်ကြည့်နေတဲ့အချိန်ဖြစ်သလို အိမ်ကိုလည်းလိမ်ညာပြောဆိုပြီး ညအိပ်ခရီးထွက်လာခဲ့ရတဲ့အတွက် ကျွန်မအနေနဲ့ အတော်လေးကိုထိတ်ထိတ်လန့်လန့်ဖြစ်နေပါတယ်။ မုံရွာကိုရောက်တဲ့အခါမှာတော့ တော်တော်လေးမိုးချုပ်နေပါပြီ။ ရောက်ရောက်ချင်းမှာပဲ ကြားလိုက်ရတဲ့စကားက ဗကသတွေပွဲလုပ်မယ့်ဘုန်းကြီးကျောင်းကို ခရိုင်မှူးကသွားနေပြီ၊ မြို့ထဲမှာလည်း SB တွေ ခြေချင်းလိမ်နေတယ်ဆိုတာပါပဲ ။ဒါ့အပြင် မုံရွာမြို့ခံရဲဘော်တွေကလည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီးအိပ်လို့မရတော့တဲ့အထိ မလုံခြုံတော့ပါဘူး။ အခြေအနေတွေက တော်တော်လေးကိုတင်းမာနေတဲ့အချိန်ပါပဲ။ ကျွန်မလည်း ကျွန်မနဲ့အတူပါလာတဲ့ ကျောက်ဆည် နည်းပညာ တက္ကသိုလ်သမဂက ရဲဘော်မလေးလက်ကိုကိုင်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူး။ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး ကျွန်မတို့ရဲဘော်တွေ ခေါင်းချင်းရိုက် တိုင်ပင်ကြအပြီးမှာတော့ ယောက်ျားလေးတွေက အိမ်တွေကိုမပြန်တော့ပဲ အဆင်ပြေမယ့်နေရာတွေမှာရှောင်ကြဖို့နဲ့ ကျွန်မတို့ နှစ်ယောက်ကိုတော့ မြို့ခံရဲဘော်တစ်ယောက်အိမ်မှာတည်းခိုဖို့ စီစဉ်ခဲ့ကြပါတယ်။

ကျွန်မတို့ပါ သူတို့နဲ့အတူ ပုန်းရှောင်မယ်ဆိုတာကိုလည်း သူတို့လက်မခံခဲ့ကြပါဘူး။ အကယ်၍ အဖမ်းခံရမယ်ဆိုရင်တောင် သူတို့ပဲခံမယ် ကျွန်မတို့ကတော့ နောက်နေ့မှာကျင်းပမယ့်ပွဲကို မဖြစ်ဖြစ်အောင်ဆက်လုပ်ကြဖို့ ရဲဘော်တွေက ပြောပါတယ်။ ကျွန်မရင်ထဲမှာ လေးနက်စွာ ခံစားမိလိုက်တာကတော့ အဖမ်းခံရမယ့်အရေးမှာတောင် ရဲဘော်ရင်းစိတ်ဓာတ်ဆိုတာ ဒါပါလား… ဒါဟာ ငါတို့ဗကသရဲဘော်တွေနဲ့ တစ်ယောက်အတွက်တစ်ယောက် အနစ်နာခံပေးဆပ်ရဲတဲ့ ဗ စိတ်ဓာတ်ပါလား… အရင်က ငါထင်ထားခဲ့တာတွေနဲ့ တစ်ခြားစီပါလားဆိုပြီး ကျွန်မ မျက်ရည်လည်မိပါတယ်။ ဒီလိုနဲ့ ဆိုင်ကနေလူစုခွဲပြီး ကျွန်မတို့တည်းရမယ့် ရဲဘော်ရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ တကယ့်ကို ထင်မထားခဲ့ပါဘူးရှင်…။ သားသမီးက နိုင်ငံရေး၊ ကျောင်းသားရေးလုပ်နေတာကို မိဘတော်တော်များများက အပြင်းအထန်ကန့်ကွက် ကြပေမယ့် အခုကျွန်မတို့ရောက်သွားတဲ့ရဲဘော်ရဲ့မိဘများကတော့ ကျွန်မတို့နှစ်ယောက်ကို တကယ့်ကိုနွေးနွေးထွေးထွေး ဆီးကြို ခဲ့ကြပါတယ်။ သမီးရင်းနဲ့မခြား ကိုယ်ချင်းစာတရားတွေနဲ့ ကျွန်မရဲ့ကြောက်စိတ်တွေကို သူတို့ဖြေလျော့ပေးခဲ့ပါတယ်။ သူတို့ကြောင့် ကျွန်မထပ်နားလည်လိုက်ရတာက ဗကသရဲဘော်တွေဟာ တကယ့်မောင်ရင်းနှမတွေပါလား။ သူ့မိဘဟာ ကျွန်မတို့မိဘတွေပါပဲလားဆိုပြီး ကြည်နူးဝမ်းသာခဲ့ရပါတယ်။

အဲဒီညက ကျွန်မနဲ့ ကျွန်မရဲဘော်မတို့ဟာ လုံးဝအိပ်မပျော်ခဲ့ပါဘူး။ ကောင်းကောင်းမွန်မွန် အိပ်ခန်းကိုသေချာပြင်ဆင်ပြီး သိပ်ခဲ့ပေမယ့် ကျွန်မတို့ အိပ်လို့မရပါဘူး။ ဘာမှန်းမသိရသေးတဲ့အခြေအနေမှာ တခြားကိုရောက်နေတဲ့ရဲဘော်တွေကို စိတ်ပူနေကြသလို အိမ်တွေကိုလိမ်ပြီး ထွက်လာကြတာဖြစ်တဲ့အတွက် တစ်ခုခုဖြစ်သွားရင်တောင် အိမ်တွေက မသိလိုက်ဖြစ်မှာကိုလည်း တော်တော်ပူပန်နေမိခဲ့ကြတယ်။ တစ်ညလုံး တစ်ယောက်လက်တစ်ယောက်ကိုင် တစ်ယောက်ကိုတစ်ယောက်အားပေးရင်း မိုးလင်းပေါက် ကျော်ဖြတ်ခဲ့ရပါတယ်။ နောက်တစ်နေ့မနက်အစောပိုင်းမှာတော့ ကျဆုံးသွားတဲ့ကျောင်းသားရဲဘော်တွေအတွက် အရုဏ်ဆွမ်းကပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ညက ရဲဘော်အားလုံး ဘေးကင်းခဲ့ကြပြီး အထိမ်းအမှတ်ပွဲပြုလုပ်မယ့်ဘုန်းတော်ကြီးကျောင်းကို ရဲဘော်အားလုံး စုံစုံညီညီ  လာရောက်နိုင်ခဲ့ကြ ပါတယ်။ ဆရာတော်များကို အရုဏ်ဆွမ်းကပ်ပြီးနောက် ကျောင်းနေစာသင်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းရှေ့-နောက်-ဝဲ-ယာ မှာတော့ လာရောက်သတင်းယူနေသူနဲ့ ပြည့်နေပါတယ်။ ကျောင်းရှေ့မျက်နှာစာမှာ ခွပ်ဒေါင်းအလံ ထောင်ကာ အလှူကိုပြုချင်ပေမယ့် ကျောင်းထိုင်ဆရာတော်ရဲ့ခွင့်ပြုချက်မရသောကြောင့် ကျောင်းဘေးဘက် အပေါက်မကြီးမှာသာ အလံကို တိုင်တစ်ဝက် လွှင့်ထူခဲ့ကြပါတယ်။ ရဲဘော်အားလုံးရဲ့ရင်ထဲမှာတော့ ကျဆုံးလေပြီးသော နောင်တော်ရဲဘော်အပေါင်းအတွက် နှမျော  တသခြင်း၊ ဂုဏ်ယူခြင်းတွေအပြည့်နဲ့ပါပဲ…။

မုံရွာခရိုင်က ရဲဘော်တို့ရဲ့ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်ပွဲဟာ ကျွန်မအတွက် ဖြေဆေးကောင်းတစ်ခွက်ဖြစ်ခဲ့ပါတယ်။ ကျွန်မရင်ထဲက ရဲဘော်ရင်းစိတ်ဓာတ်ဆိုတာအပေါ်မှာမတင်မကျဖြစ်မှုတွေကို လုံးဝကျေလည်သွားစေတဲ့၊ ဗကသတွေဆိုတာ ဒါပဲဆိုပြီး ဂုဏ်ယူစေမိတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဗကသကျောင်းသားတွေဟာ နေရပ်မတူ၊ ဘာသာလူမျိုးမတူ၊ မွေးမိဘတွေချင်းမတူကြပေမယ့် ခွပ်ဒေါင်းအလံတော် အောက်မှာတော့ တစ်မိတည်းမွေး ခွပ်ဒေါင်းသွေးတွေပါပဲ…။ ကိုယ်ပိုင် အယူအဆ၊ အယူဝါဒတွေ ဘယ်လောက်ကွဲပြားကွဲပြား ဗကသများ အဖွဲ့ချုပ်ရဲ့မူများကိုတော့ တညီတည်းလိုက်နာ တစ်သံတည်းထွက်ကြသူတွေပါ။ ကျွန်မဟာ သံသယတွေကင်းစင်ပြီး အမှန်ကိုသေချာစွာ မြင်မိလာချိန်မှာတော့ ဗကသရဲဘော်တွေနဲ့အတူ ခွပ်ဒေါင်းအလံတော်အောက်မှာရပ်ရတာကို အင်မတန်ဂုဏ်ယူဝမ်းမြောက်ခဲ့ရပါတယ်။ ငါဟာ ဗကသလို့ စိတ်ထဲကနေရေရွတ်ကြည့်မိတဲ့အခိုက်မှာ ကြက်သီးမွေးညင်းထမိတဲ့အထိ ကျေနပ်ခဲ့ရပါတယ်။ ကျွန်မဟာ တစ်ချိန်တည်းမှာပဲ ရှေ့ဆက်လျှောက်မယ့်လမ်းတွေအတွက် စိတ်ကို သေချာပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗကသများအဖွဲ့ချုပ်အပေါ်မှာ ကျွန်မ သစ္စာစောင့်သိစေခဲ့တဲ့အကြောင်းအရာများထဲမှ တစ်ခုပဲဖြစ်ပါတယ်။ အခြားသော အကြောင်းအရာများကိုလည်း အခါအခွင့်သင့်ရင် ဆက်လက်တင်ပြသွားပါမယ်။
မေလင်းခ(ဗကသ) 
https://www.facebook.com/may.mon.509



0 comments:

Post a Comment