Thursday, October 30, 2014

ကေအန်ယူအကြံပေး ဗိုလ်မှုးကြီးစောထူးထူးလေးနဲ့ ဥပဒေအထောက်အကူပြုကွန်ရက်ကကိုအောင်ထူး(ရှေ့နေ)တို့ရဲ့ အပြန်အလှန်ပေးစာပါ။(၁)

0 comments
ကေအန်ယူအကြံပေး ဗိုလ်မှုးကြီးစောထူးထူးလေးနဲ့ ဥပဒေအထောက်အကူပြုကွန်ရက်ကကိုအောင်ထူး(ရှေ့နေ)တို့ရဲ့ အပြန်အလှန်ပေးစာပါ။ ဒါက စောထူးထူးလေးစာပါ။
နေ့စွဲ - ၂ဝ၁၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်
သို့
ကိုအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
အကြောင်းအရာ။ ။ သူငယ်ချင်းထံသို့အိတ်ဖွင့်ပေးစာ။
သူငယ်ချင်း
မင်းမှတ်မိသေးမယ်လို့ထင်တယ်။ ဗိုလ်ချုပ်ကြီးစောဗိုလ်မြက KNUကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ကိုယ်က ဒုတိယအဖွဲ့ခေါင်းဆောင်အနေနဲ့ ယခင်နအဖနဲ့ တွေ့ဆုံဖို့မသွားခင် မင်းငါ့ကိုမဲဆောက်မှာပြောသွားတဲ့ စကားလေ။ "မင်းတို့မှားလိမ့်မယ်" တဲ့။  ၂ဝဝ၄ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့မှာ KNU ကိုယ်စားလှယ်အဖွဲ့ ဘန်ကောက်ကနေလေယဉ်စီးပြီး ရန်ကုန်ကိုသွားခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ပြတ်ပြတ်သားသား KNU ရဲ့သဘောထားကိုပြောပြတယ်။ ရိုက်ကူးထားတဲ့ ဗီဒီယိုအခွေတွေ ရှိပါသေးတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က "ဖထီးရာ - နောင်ဆိုရင် စစ်အာဏာရှင်စနစ်ဆိုတာ ဒီတိုင်းပြည်မှာမရှိတော့ပါဘူး" လို့ပြန်ပြောခဲ့တယ်။ အဲဒီ စကားဟာ သူ့အတွက်အထက်က ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုဗိုလ်ချုပ်မှူးကြီးတို့ရဲ့အမျက်တော်ရှခြင်းဖြစ်စေခဲ့တယ်။ ဒီလို နီးနီးကပ်ကပ်လုပ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့အခြေအနေမှန်ကို တစ်စိတ်တစ်ပိုင်းသိရှိခွင့်ရခဲ့တယ်။
ဖေဖေါ်ဝါရီလအတွင်းမှာ ဒို့ KNU ကိုယ်စားလှယ်အဖွဲ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းမှာ ညှိနှိုင်းဆွေးနေွးပွဲ လုပ်ခဲ့ပြန်တယ်။ KNU ဘက်က ကိုယ်ခေါင်းဆောင်ပြီး နအဖဘက်ကတော့ ဗိုလ်မှူးချုပ်ကျော်သိန်းဦးဆောင်ခဲ့တယ်။ အဲဒီလို ဆွေးနွေးတဲ့အချိန်မှာပဲ ဒို့တပ်မဟာ (၃)က တပ်ဖွဲ့တစ်ဖွဲ့က တပ်မတော်ရဲ့ ဒုံဇရစ်တပ်ရင်းစခန်းကိုတက်သိမ်းပြီး လက်နက်မျိုးစုံ (၃၉)လက် သိမ်းဆည်းရယူခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးကာလအတွင်း ဒီလိုဖြစ်တာ အင်မတန်အရုပ်ဆိုးတယ်။ လုံးဝမဖြစ်သင့်တဲ့ကိစ္စဘဲ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးစောဗိုလ်မြက ကိုယ်တို့ကို ချက်ချင်းညွှန်ကြားချက်ပေးလိုက်တယ်။
(၁) လက်နက်တွေအားလုံးပြန်ပေးမယ်လို့ ပြောလိုက်ပါ။
(၂) မှားယွင်းလုပ်ဆောင်တဲ့တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ပြောလိုက်ပါ။
(၃) တွေ့ဆုံဆွေးနွေးပွဲမပျက်စီးဘဲ ဆက်လက်လုပ်သွားနိုင်ဖို့လုပ်ကြပါ။
စစ်လည်းတိုက်ရဲတယ်၊ ငြိမ်းချမ်းရေးလည်းလုပ်ရဲတယ်ဆိုတဲ့လူတွေဟာ ငြိမ်းချမ်းရေးအတွက် ဘယ်သူဘာပြောပြော ဂရုစိုက်မှာမဟုတ်ဘူး။ ဆက်လုပ်မှာဘဲ။ သူ့ယုံကြည်ချက်အတိုင်း သူ့ရည်မှန်းချက်ရောက်အောင် မဖြစ်မနေလုပ်မှာဘဲ။ သူ့အကျိုးအတွက်မဟုတ်ဘူး၊ အများအကျိုးအတွက်ဘဲ။ ဒါကို ဗိုလ်ချုပ်ကြီးစောဗိုလ်မြက သက်သေပြခဲ့တယ်။
ဒီလိုနဲ့ အောက်တိုဘာလအတွင်းမှာ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနေွးဖို့အတွက် ရန်ကုန်ကိုသွားခဲ့ရပြန်တယ်။ ကိုယ်က ဦးဆောင်ပြီး ကိုယ်ဒို့ရဲ့ကိုယ်စားလှယ်အဖွဲ့မှာ တိုးလာတဲ့အဖွဲ့ဝင်သစ်တစ်ယောက်ကတော့ အဲဒီတုန်းက ဒူးပလာယာခရှိုင်ဥက္ကဌလည်းဖြစ်၊ တပ်မဟာ (၆)မှူးလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် စောမူတူးစေးဖိုးဘဲ။ ဒို့ ရန်ကုန်မရောက်ခင်လေးမှာဘဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကကလှမ်းတစ်ဖွဲ့လုံး အဖျက်ခံရ၊ အဖြုတ်ခံရ၊အဖမ်းခံရနဲ့ ရှုတ်ကုန်တော့တာဘဲ။ ဒို့တတွေအတွက်လည်း ပြည်တွင်းပြည်ပက လူအတော်များများ စိုးရိမ်ခဲ့ကြတယ်။
အဲဒီအထဲမှာ မင်းပါသလားသူငယ်ချင်း?
ဒါတောင်မှ တွေ့ဆုံဆွေးနွေးရေး မပျက်သေးပါဘူး။ နောက်ထပ်ပြီး ၂ဝဝ၅ခုနှစ် မတ်လအတွင်းမှာ တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လုပ်ဖြစ်တယ်။ ကိုယ်က ဦးဆောင်ပြီး နအဖဘက်က ဦးဆောင်သူအသစ်ဖြစ်သွားတယ်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်သူရမြင့်အောင်ဘဲ။ နောက်တစ်ကြိမ် နှစ်မကုန်ခင်အတွင်းမှာ အလွတ်တွေ့ဆုံဆွေးနွေးပွဲတစ်ခု မြဝတီမြို့တွင်းမှာ လုပ်တယ်။ ပဒိုဒေးဗစ်တောဦးဆောင်ပြီး သွားခဲ့တယ်။
အကျဉ်းချုပ်သုံးသပ်ကြည့်ရင် အဲဒီတွေ့ဆုံဆွေးပွဲတွေက ဘာအဖြေမှ မယ်မယ်ရရမထွက်ခဲ့ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက်လို့ခေါ်တဲ့ Gentlemen Agreement နဲ့ဘဲ လုပ်သွားကြရတယ်။ ကိုယ်တို့ကို တချို့လူတွေက လက်နက်ချဖို့၊ အညံ့ခံဖို့လုပ်နေတဲ့ လူပျော့လူညံ့တွေလို့ပြောကြတယ်။ သစ္စာဖောက်မယ့်လူတွေလို့ စွပ်စွဲခဲ့ကြတယ်။ ဘာပြဲဖစ်ဖြစ်လေ - ဒါ သူတို့လုပ်ရမယ့်အလုပ်ဘဲ။ သူတို့ပြောကြမှာပေါ့။
ရလဒ်ကောင်းတစ်ခုကတော့ ၂ဝဝ၄ နဲ့ ၂ဝဝ၅ - နှစ်နှစ်လုံးလုံး ဘာတိုက်ပွဲမှမဖြစ်လို့ ရှေ့တန်းကပြည်သူလူထုတွေ သက်သာရာရတာကိုတော့ ကိုယ်ကျေနပ်မိတယ်။ ငြိမ်းချမ်းရေးအတွက် လမ်းစပွင့်မလားလို့ ကြိုးစားခဲ့တဲ့အပေါ် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး စာတွေ့၊ လက်တွေ့ အတွေ့အကြုံတွေကို တော်တော်များများရခဲ့တယ်။
အပြည်ပြည်ဆိုင်ရာထွက်ပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့လေ့လာခွင့်ရတဲ့အခါ ဒီအတွေ့အကြုံတွေက အများကြီးအကျိုးဖြစ်ခဲ့တယ်။
ဒါကြောင့် - " ငါတို့မမှားဘူး။ လုံးဝကိုမမှားဘူး - သူငယ်ချင်းရေ"။
ဒီအတွေ့အကြုံတွေ၊ ဒီလေ့လာမှုတွေကြောင့် ဆက်လက်ပြီး အခုအချိန်အထိ ဒီအလုပ်ကိုလုပ်နေရတုန်းဘဲ။
"Do not fear to negotiate. Do not negotiate out of fear." ဆိုတဲ့ အမေရိကန်သမ္မတကြီး Franklin D. Roosevelt ရဲ့စကားနဲ့ "I kill my enemy by making him my friend" ဆိုတဲ့ အမေရိကန်သမ္မတကြီး Abraham Lincoln ရဲ့စကားဟာ ကိုယ့်ရဲ့လက်စွဲပဲ။ ကိုယ့်ရဲ့ အကြိုက်ဆုံးအဆိုအမိန့်ကတော့ ကိုယ့်ရဲ့ Commander in Chief ပြောတဲ့ "Blessed are the peacemakers, for they will be called children of God." – Matthew 5 : 9 (NIV).ငြိမ်းချမ်းရေးလုပ်လို့အသတ်ခံရတဲ့လူတွေ ဒီကမ္ဘာကြီးမှာ မနည်းတော့ပါဘူး။ ဒို့ရဲ့ ဥက္ကဌကြီးလည်း ဘယ်တော့အသတ်ခံရမလည်းမသိဘူး။ အပုတ်ချ၊ အပြစ်ပြော၊ နာမည်ဖျက်ခံနေရတာကတော့ နေ့တဓူဝဘဲ။ Character Assassination လုပ်တာခံနေရတာကြာပြီး။ ဒါပေမယ့် ဒို့ ဥက္ကဌကြီးနဲ့ သူ့လူတွေကတော့ - "When the going's tough, the tough get going" ဘဲ။
ဒါကြောင့် ကိုယ်အကြံပြုချင်တာကတော့ "Never Say Never" ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အခု ဒို့ KNU တတွေလုပ်နေတာကို အမှန်တကယ်သိချင်ရင် ကိုယ်ဒို့နဲ့ မျက်နှာချင်းဆိုင်ပြီး ပြောဆိုဆွေးနွေးစေလိုပါတယ်။ ဒါမှ ဒို့ဘာတွေလုပ်နေတာကိုသိပြီး ကောင်းမွန်တဲ့အကြံကောင်းတွေ ပေးနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ UNFC နဲ့ပတ်သက်တဲ့ကိစ္စဘဲ။ ၂ဝ၁ဝခုနှစ်အတွင်းက "BGF လုပ်ရင်လုပ်၊ မလုပ်ရင်စစ်ရေးအရအရေးယူခံရမယ်" ဆိုတဲ့ တစ်ချက်လွတ်အမိန့်ကို အဲဒီအချိန်ကအပစ်ရပ်အဖွဲ့တွေရရှိခဲ့တယ်။ KNU အတွက်တော့အပစ်မရပ်ဘဲ တောက်လျောက်တိုက်နေတဲ့အတွက် ဘာမှပြဿနာမရှိဘူး။ တခြားတိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် EBO က ဆရာကြီးဟန်ရောင်ဝေနဲ့ ဗစ်တာဗျက်လျန်၊ ENC က ကိုယ်နဲ့ဒေးဗစ်တောတို့စိတ်ပူပြီး အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် အစညအဝေးတစ်ရပ်ကို KIO ဌာနချုပ် လိုင်ဇာမှာ လုပ်ဖို့စီစဉ်ခြဲ့ကတယ်။ ဆရာကြီးဟန်ကဦးဆောင်ပြီး ကိုယ်တို့က ဝိုင်းကူကြတယ်။ အဲဒီအစည်းအဝေးကို KNU ဘက်က ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး၊ ဗိုလ်မှူးချုပ်စောအိုင်းဇက်နဲ့ ပဒိုစောဒေးဗစ်တောတို့ တက်ရောက်တယ်။ EBO ဘက်က ဆရာကြီးဟန်နဲ့ ဗစ်တာဗျက်လျန်တို့ တက်တယ်။
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ချို့ တက်ရောက်ခဲ့တယ်။ အကုန်အကျကို (EBO)က အကုန်ခံတယ်။ ကိုယ်ကတော့ ခရီးလွန်လို့မသွားဖြစ်ဘူး။ အဲဒီလုပ်ရှားမှုကြောင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union)ကို ဖွဲ့စည်းနိုင်ခဲတယ်။ စစ်ရေးအရ အချင်းချင်းအကာအကွယ်ပေးနိုင်ဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့အချိန်မှာဘဲ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဦးတည်ထားတယ်။ အဲဒီ CEFU ရဲ့ဥက္ကဌဟာ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးဘဲ။
စစ်ရေးအတွက်ဘာမှ ဟုတ်တိပတ်တိ၊ မယ်မယ်ရရမလုပ်နိုင်သေးတဲ့အချိန်မှာဘဲ "ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးဖွဲ့စည်းရေး" ဆိုတဲ့ Idea ဝင်လာတယ်။ ယူလာသူကတော့ နိုင်ဟံသာပဲ။ UNFC ဖွဲ့ရေးဘဲ။ အဲဒါနဲ့ပတ်သက်ပြီး KIO ဗိုလ်ချုပ်ကြီး အန်ဘာလ က ကိုယ်နဲ့ ဒေးဗစ်တောကို အကြံပေးဖို့ အစည်းအဝေးမှာဖိတ်ခေါ်တယ်။ ကိုယ်တို့နှစ်ယောက်လုံးက မဖွဲ့ဖို့ပြောတယ်။ စစ်ရေးကိုအဓိကထား ဝိုင်းလုပ်ရင်း၊ ဝိုင်းကာကွယ်ရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးလက်ခံနိုင်တဲ့ ဘုံအခြေခံတစ်ရပ် (Common Ground) ကို ချမှတ်ပြီးမှ တပ်ပေါင်းစုတစ်ရပ်ကိုဖွဲ့စည်းဖို့အကြံပြုခဲ့တယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတဲ့ခံယူချက်နဲ့ ဗိုလ်ချုပ်ကြီးအန်ဘာလက လုပ်ချင်တယ်။ ဒါမဖြစ်နိုင်ဘူးဆိုတာ တပ်ပေါင်းစုသမိုင်းတစ်လျောက်လုံးမှာ တွေ့ခဲ့ရတာဘဲ။
နောက်ဆုံးတော့လုပ်ရိုးလုပ်စဉ်ဆိုတဲ့အခြေခံပေါ်မှာ အဖွဲ့တွေစုပြီး တပ်ပေါင်းစုလုပ်လိုက်တော့ အခုလိုဖြစ်လာတာဘဲ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တွေ့ဆုံညှိနှိုင်းသဘောတူတဲ့အခြေခံပေါ်မှာရပ်တည်ပြီး အခြားတစ်ဖက်နဲ့တွေ့ဆုံဆွေးနွေးရမယ့်အစား တပ်ပေါင်းစုတစ်ခုကဦးဆောင်ပြီး ကျန်အဖွဲ့တွေက လိုက်လုပ်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အင်အားကြီးအဖွဲ့အစည်းတွေအနေနဲ့ ဒါမျိုးကိုလက်မခံဘူးဆိုတာ ကြိုမမြင်ဘူးနဲ့တူတယ်။
နောက်တစ်ခုက စည်းလုံးညီညွတ်ရေးကို မတူကြွဲပားခြားနားတဲ့အခြေခံပေါ် (Unity in Diversity) မှာလုပ်ရမှာဘဲ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြစ်တဲ့ တစ်ပုံစံတည်းသောညီညွတ်ရေး (Unity in Uniformity) နဲ့လုပ်လို့မရပါဘူး။ ဒီသဘောတရားကိုလက်မခံတော့ အခု ထင်ထင်ရှားရှား ဒီလိုဖြစ်လာရတာဘဲ။
အခြားတစ်ခုကတော့ မင်း UNFC ရဲ့ Constitution ကို သေသေချာချာလေ့လာကြည့်ပါ။ မင်းတွေ့ရပါလိမ့်မယ်။ KNU ရဲ့ Constitution နဲ့ Constitutional Rule ကို လေ့လာချင်ရင်ပို့ပေးမယ်။ နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။
NCCT နဲ့ပတ်သက်ပြီးပြောရရင် ပထမ လိုင်ဇာအစည်းအဝေးမှာ ဖွဲ့ခဲ့တယ်။ UNFC ကဖွဲ့ပေးတာမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆)ဖွဲ့က ဖွဲ့တာပါ။ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့ပြီး NCCT ကို ဦးဆောင်ဖို့ပြောတော့ UNFC က ဦးဆောင်လို့မရဘူးလားလို့ မေးတယ်။ ဦးဆောင်မှုပေးခြင်းမခံရတော့ နောက်ဆုံး အဖွဲ့ (၁၆)ဖွဲ့ရဲ့ ခေါင်းဆောင်တွေကပဲစုစည်းပြီး ဦးဆောင်မယ်လို့ ဖြစ်သွားတယ်။ ကိုယ်ကိုယ်တိုင် အဲဒီအစည်းအဝေးကို တက်ခဲ့တယ်။ နောက်တစ်ခါ လော်ခီးလာအစည်းအဝေးနဲ့ ဒုတိယလိုင်ဇာအစည်းအဝေးမှာလည်းဘဲ ခေါင်းဆောင်မှုပေးခြင်းမခံခဲ့ရဘူး။ ဒါကြောင့် နောက်ဆုံး UNFC ကွန်ဂရက်မှာ အတင်းအကျပ် ဆုံးဖြတ်ချက်ချခဲ့ကြတာဘဲ။
ကွန်ဂရက်တက်ရောက်တဲ့ တစ်ချို့ကိုယ်စားလှယ်တွေက NCCT ကို UNFC က အပိုင်စီးတယ်။ (Hijack) လုပ်တယ်လို့ပြောကြတယ်။ တိုင်းရင်းသားကိုယ်စားလှယ် (ကရင်မဟုတ်ပါ)တစ်ဦးကတော့ ခါးခါးသီးသီးနဲ့ "နိုင်ငံရေးမုဒိန်းကျင့်တာဘဲ"လို့ မှတ်ချက်ပြုခဲ့တယ်။ တစ်နည်းအားဖြင့် UNFC အဖွဲ့ဝင်(၁၁)ဖွဲ့က NCCTအဖွဲ့ဝင် KNU အပါအဝင်(၅)ဖွဲ့ကို ဝိုင်းပြီးပြုကျင့်တာဘဲ။ ဒါ လုပ်သင့်သလား သူငယ်ချင်း။
ဒါ့အပြင် "……UNFC သည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တစ်ဖွဲ့တည်းသော နိုင်ငံရေးဦးဆောင်မှုပေးနိုင်သည့်အဖွဲ့အစည်း ဖြစ်ပါသည်" လို့ပြောရင်ဖြစ်နိုင်ပါ့မလား။ (အဲဒီ လျှို့ဝှက်လို့သတ်မှတ်ထားတဲ့စာတစ်စောင်ကို လက်မှတ်မထိုးဘဲ ဖြန့်ဝေထားတာရှိတယ်။ စာ မှန်မမှန်ကိုယ်မပြောလိုဘူး။
အဲဒီလို အကောင်အထည်ဖေါ်နေကြတာတော့ အမှန်ဘဲ။ လုပ်ရပ်ကိုကြည့်ရင် သိသာပါတယ်။ မျက်စိမြင်၍ ကြည့်တတ်သောသူသည် မြင်သည်ဆိုတဲ့စကားရှိပါတယ်)။ တစ်ခုရှိသေးတယ် ဒီနှစ် စက်တင်ဘာလ (၂၂)ရကနေ့ ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ KNU ခေါင်းဆောင်များနဲ့ ကရင်လူထုတို့ တွေ့ဆုံပွဲကိုကျင်းပခဲ့တာ မှန်တယ်။ ကိုယ်လည်း ဒီအစည်းအဝေးတက်ခဲ့တယ်။ UNFC အကြောင်းပြောဖို့ ကိုယ်တာဝန်ယူ ထားတယ်။
ဆရာကြီး ဟန်က ကိုယ်တို့နဲ့ တောက်လျောက်တွဲလုပ်ခဲ့တာ ကြာခဲ့ပြီ။ UNFC အကြောင်းကို ကရင်မဟုတ်တဲ့ ရှမ်းအမျိုးသားပညာတတ် တစ်ယောက်၊ တိုင်းရင်းသားနိုင်ငံရေးလောကတွင် လူသိများသူတစ်ဦး၊ အပြည်ပြည်ဆိုင်ရာမှာ ကျွမ်းကျင်နားလည်သူပုဂ္ဂိုလ်ကို ပြောစေချင်လို့ ကိုယ်အကူအညီတောင်းခဲ့တယ်။ UNFC ကို ဗြောင်ထုတ်ဖော် ဝေဖန်တိုက်ခိုက်တယ်လို့ပြောတာထက်သူ့ရဲ့ဝေဖန်သုံးသပ်ချက်ကို ဖော်ထုတ်တယ်လို့ ကိုယ်ကပြောချင်တယ်။ လူတိုင်းလည်းပြောခွင့်ရှိတာဘဲ။ အနောက်နိုင်ငံတွေမှာ ဒီလိုလုပ်မြဲမဟုတ်ဘူးလား။ ဂရိတို့၊ အေသင်နိုင်ငံတွေခေတ်မှာပင် လုပ်ခြဲ့ကတာဘဲ။ မင်းလည်းပြောချင်ရင် ရန်ကုန်မှာ ကိုယ်အဲဒီလိုမျိုးအစည်းအဝေးလုပ်ပေးပါ့မယ်။ ကိုယ်နဲ့အမြင်တူတူ မတူတူ မလိုပါဘူး။ တက္ကသိုလ်တုန်းက အစ္စရေးနဲ့ အာသံအမတ်ကြီးတွေခေါ်ပြီး မတူတဲ့သူတို့အမြင်တွေ ထုတ်ဖော်ပြောကြဖို့ ဒို့ဥပဒေဌာနမှာလုပ်ခဲ့ကြတာကို ကိုယ်မြင်ယောင်မိသေးတယ်။ အတွေးအခေါ်မတူတဲ့ ဘက်နှစ်ဘက်ကို စင်ပေါ်တင်ပြီး Television ရှေ့မှာ သူ့အမြင်ကိုယ့်အမြင်တွေကို ပြောခိုင်းရင်မကောင်းဘူးလားလို့ ကိုယ်စဉ်းစားမိတယ်။ ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ကို ကိုယ်မေးကြည့်မယ် မင်းတို့လုပ်မလား။ သူတို့ကလုပ်မယ်ဆိုရင် မင်း Facilitator လုပ်မလား သူငယ်ချင်း?။ နောက်တစ်ခုရှိသေးတယ်။ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ တို့တတွေအားလုံးရဲ့ရည်မှန်းချက်ပါ။ မင်းတို့ဗမာတွေလည်း ပါတာဘဲ။ အဲဒီအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်လာရင် အခြေခံအနေနဲ့ဆွေးနွေးနိုင်ဖို့အဆိုပြု ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တို့တတွေရေးခဲ့ကြတယ် မဟုတ်ဘူးလား။ DAB ရဲ့မူကြမ်းကနေ NCUB ရဲ့ ပထမမူကြမ်း ဖြစ်သွားတာက တစ်ခု။ နောက်တစ်ခုကတော့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးနှင့်ညှိနှိုင်းမှုကော်မတီ (FCDCC) ကတစ်ခု ပေါင်းနှစ်ခု ရေးဆွခဲ့ကြတယ်။ နှစ်ခါစလုံး ကိုယ်ပါခဲ့တယ်။ အဲဒီနှစ်ခုစလုံးမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလည်းပါတယ်။ ဘယ်အခြေခံပေါ်မှာဖွဲ့မယ်၊ ဘယ်လိုဖွဲ့မယ်မှစ၍ ပြည့်ပြည့်စုံစုံစဉ်းစားထားကြတယ်။ ဒါကို နိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးပြီး အဖြေရှာဖို့ပဲလို့ တို့တတွေခံယူထားကြတယ်။ ချက်ချင်းဖွဲ့ဖို့ မဟုတ်ဘူး။ အခုတော့ ဒီလိုမဟုတ်ဘဲ (Federal Union Army) ကို ဖွဲ့ပြလိုက်တော့ အခြားတစ်ဖက်ကို စိန်ခေါ်လိုက်သလိုဖြစ်သွားတာပဲ။ ဒီလိုမျိုး ငြိမ်းချမ်းရေးအတွက် ဘာမှ မယ်မယ်ရရမဆွေးနွေးနိုင်သေးခင်မှာ၊ ထိလွယ်ရှလွယ်တဲ့အချိန်မျိုးမှာ ဒီလိုလုပ်ပြလိုက်တာ နိုင်ငံရေးအရ မှန်မမှန် မင်းဘဲဆုံးဖြတ်ပါ။ ဒီကသွားဖြဲပြတော့ ဟိုကအစွယ်ထုတ်ပြတာ သဘာဝပါဘဲ။
ဒါက ဘာလည်းဆိုရင် သဘောထားတင်းမာသူ (Hardline)တွေရဲ့ ဇာတိပြတာဘဲ။ ဒီအတိုင်းဆက်သွားရင်တော့ ဒို့တိုင်းပြည်ကြီး လမ်းမမြင်၊ ကမ်းမမြင်နဲ့ ဘယ်သောင်မှာတင်ပြီး၊ ဘယ်ကျောက်ဆောင်နဲ့တိုက်မလည်းဆိုတာ ဘယ်သူမှပြောနိုင်မှာမဟုတ်တော့ဘူး။ ဤလည်း တစ်ဒုက္ခပါဘဲလေ။

ကော်သူးလေတပ်မတော် (Kawthoolei Armed Forces) ဆိုတဲ့ဟာ တစ်ခုကလည်းထွက်လာပြီ။ အောက်တိုဘာလ (၂၃-၂၅)ရက်နေ့မှာ KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးက UNFC နဲ့ KAF ကိစ္စကိုကိုင်တွယ်တော့မယ်။ ဘယ်လိုအဖြေထွက်လာမလည်းဆိုတာ စောင့်ကြည့်ကြစို့။ ကိုယ် ဗဟိုအမြဲတမ်းကော်မတီဥက္ကဌနဲ့ ဗဟိုကော်တီဝင်အားလုံးအတွက် စာတစ်စောင်ပို့ထားတယ်။ မင်းသိအောင် ကိုယ်ပို့ပေးလိုက်မယ်။


ဒါတွေကိုကိုယ်ပြောနေတာ ဘယ်သူ့ကိုမှ အပြစ်ပြောနေတာမဟုတ်ဘူး။ တစ်ယောက်ကို တစ်ယောက်အပြစ်ရှာ၊ အပြစ်ဖို့၊ အပြစ်ပြောနေတာမျိုးဟာ အကျိုးယုတ်တာကလြွဲပီး ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ မင်းအားရင်လာခဲ့ပါအုံး။ တို့တတွေအားလုံး နေရာတိုင်းမှာအမြင်မတူကြပေမယ့် စုစုစည်းစည်း အဖိုးအခပေးလုပ်ခဲ့တဲ့အကျိုးကြောင့် ဒီအခြေအနေကိုရောက်လာနေပြီ။ ဆက်ပြီးကြိုးစားကြည့်ကြစို့ ။
မင်းရဲ့သူငယ်ချင်း -
စောထူးထူးလေး (ကော်သူးလေ)

0 comments:

Post a Comment