Tuesday, October 14, 2014

၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
(ပဋိဇီဝဆေးနဲ့ပါဏာတိပါတံ)
ထောင်ထဲတုန်းက နိုငိငံရေးနဲ့ကျလာတဲ့ဘုန်းကြီးတပါး ဝမ်းအကြီးအကျယ်ကိုက်ရော။ ကိုယ့်အချင်းချင်းထဲကဆရာဝန်က အန်တိုင်ဘိုင်အိုးတစ်စ်(ပဋိဇီဝဆေး) စားမှရမယ်လို့ပြောပြီး ဒါကို ပိုးသတ်ဆေးလို့လည်းခေါ်ပါတယ်။ အရှင်ဘုရားခန္ဓာကိုယ်ထဲက ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ ပိုးတွေကိုသတ်ဖို့ပါ။ ကိုယ်တိုင်သောက်ရပါလိမ့်မယ်။ တပည့်တော်လည်း သောက်ဖို့မသောက်ဖို့ ဘာမှ တိုက်တွန်းတာ တားမြစ်တာမလုပ်ပါဘူး။ သောက်မယ်ဆိုလည်း ကိုယ့်လက်နဲ့ကိုယ့်စိတ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲလုပ်ပါ၊ တော်ကြာနေ တပည့်တော်ကြောင့် ပါဏာတိပါတာတွေ ဘာတွေဖြစ်နေပါဦးမယ်လို့ လျှောက်တယ်။ ကိုယ်တော်လည်း ဝမ်းကိုက်ဒဏ်မခံနိုင်တော့ဘူး လူလည်း ပမ်းနေပြီ။ သူက ထောင်ထဲမှာ ရှစ်ပါးသီလမပျက်ဘူးလို့ ကြွေးကြော်ထားသူ၊ စာတတ်ပေတတ်ဆိုပြီလည်း လူတွေသိကြတယ်။ ဒီတင် ကိုယ်တော်က ကိစ္စမရှိဘူး ဒကာ။ ဒီ ဗက်တီးရီးယားဆိုတဲ့ကောင်တွေ ဗိုင်းရပ်စ်ဆိုတဲ့ကောင်တွေက သက်ရှိဟုတ်သလား မဟုတ်သလား ငါလည်းမပြောတတ်ဘူး။ မြင်လည်းမြင်ရတာမဟုတ်ဘူး။ ဟုတ်တယ်ဆိုလည်း ကိုယ့်လက်နဲ့တိုက်ရိုက်သတ်တာမှ မဟုတ်တာပဲ ဆေးကသတ်တာပဲ။ ကိုယ်က အဲ့ဒီပိုးတွေကို သေစေ့ချင်တဲ့စေတနာနဲ့မသောက်ပဲ ရောဂါသက်သာဖို့သောက်တာပဲ။ ရတယ်သောက်မယ်ဆိုပြီးသောက်လိုက်တာ တပတ်လောက်အတွင်းပဲ ဝမ်းကိုက်ပျောက်ပြီး ပြန်ထူထူထောင်ထောင်ဖြစ်လာတယ်။

(နွားညှော်မိတဲ့ပြည်)
ပဒေသရာဇ်ညှော်ဝဆဲ ရွှေပြည်ကြီးမယ်
ကျေးဇူးရှင်များတယ်။
မင်းလည်း ကျေဇူးရှင်ပဲ။
ဘုန်းကြီးလည်း ကျေးဇူးရှင်ပဲ။
စစ်တပ်လည်း ကျေးဇူးရှင်ပဲ။
နွားလည်း ကျေးဇူးရှင်ပဲ။
ဆင်တောင် ကျေးဇူးရှင်ဖြစ်တော့မလို့ သီသီလေးကပ်လွတ်သွားတာ။
(မဆလခေတ်တုန်းက သစ်ထုတ်လုပ်ရေးကဆင်တွေကို ဆင်လုပ်သားတဲ့)
ထားပါတော့လေ ကျေးဇူးရှင်စာရင်းက ပြုစုရင် ရွှေပေလွာနေမှာပါ။
နွားကလွဲလို့
ကျန်တဲ့ကျေးဇူးရှင်တွေက
ကျေးဇူးရှင်နေရာကို
ကိုယ့်ဘာသာဖန်တီးတီထွင်ယူထားတယ်။
လူ့အဖွဲ့အစည်းကို ဂုတ်ခွစီးတယ်။
ကျေးဇူးခံတွေလုပ်အားအမြိန့်သားထိုင်စားရင်း
ဘဝနဲ့ဓနကြွယ်ဝခိုင်ဖြီးတယ်။
ခမျာမတော့
နဖါးကြိုးလည်း အထိုးခံရ
မသေမချင်းလည်း နွားလိုရုန်းရ
သေခါနီးကြ သားသတ်ရုံအပို့ခံရ
သေပြန်တော့လည်း
သားရေပါမကျန် ဖိနပ်လုပ် အစီးခံရ
ပြီးတော့
ကျေးဇူးအစားဆုံးတွေက
သနားကြသတဲ့။


(မိကျောင်းသမီးလေးများနဲ့သိုးမွှေးရိပ်ခြင်း)
Kendallville Apple Festival ကို မရင်နှစ်ခေါ်ပြီး ဇနီးနဲ့အတူသွားဖြစ်တယ်ဗျ။ ရှေးအမေရိကန်ကြီးတွေ ကျေးလက်တွေမှာ ဘယ်လို နေခဲ့ထိုင်ခဲ့ကြ စတာတွေကို ခင်းကျင်းပြရင်း အစားအစာတွေ၊ အကအခုန်အတီးအမှုတ်တွေ၊ သရုပ်ပြတွေနဲ့ စည်ကားလေ့ရှိတဲ့ပွဲတွေထဲက တစ်ခုလို့သာ လောလောဆယ် အလွယ်မှတ်ထားဗျာ။ တနေရာမှာ လူကြီးတယောက်က သိုးမွှေးဘယ်လိုရိပ်ရကြောင်း၊ သိုးတကောင်ကနေ တခါရိပ်ရင် သိုးမွှေးဘယ်လောက်ရကြောင်း၊ အမွှေးရိပ်သိုးတွေကို ဘယ်လိုမွေးမြူရကြောင်း ဘာညာတွေ ရှင်းလည်းရှင်းပြ လက်တွေ့လည်း ရိပ်ပြတဲ့ဆီရောက်ရော ရိုးပြတ်ထုံးကြီးတွေပေါ်မှာ ပါးစပ်လေးတွေအဟောင်းသားလေးတွေနဲ့ မျက်လုံးလေးတွေကလယ်ကလယ်နဲ့ ကလေးတွေမှ အများကြီးပဲ။ ဟိုလူကြီးခမျာ လက်ကလည်းအရိပ်မပျက် ပါးစပ်ကလည်း ကယားရေသွန်နဲ့ မမောနိုင်ရှာပြီ၊ ရိပ်လို့ပြီးတော့ သိုးတစ်ကောင်ကနေရိပ်လိုက်တာ ဟောသလောက်တောင်ရကြောင်းပြောပြီး သိုးမွှေးပြန့်ကြီးကိုဖြန့်လည်းပြလိုက်ရော ကလေးတွေဆီက အိုးမိုင်ဂေါ့တွေဘာတွေနဲ့ ဝိုင်းတီးလိုက်တဲ့လက်ခုပ်သံတွေညံကနဲပဲ။ ”ကဲ..ရိပ်တဲ့ကိစ္စတော့ပြီးပြီ၊ မင်းတို့သိချင်တာမေး ဖြေမယ်”ဆိုတော့ တယောက်စ နှစ်ယောက်စကလွဲပြီး ကျန်တဲ့ကလေးတွေက ကျေးဇူးတင်ကြောင်းပြောပြီး ထပြန်ကြတယ်။ ကျန်နေတာက မရင်နှစ်နဲ့ အခြားကလေး ၃ ဦးပါတဲ့မိသားစုလေးတစုပဲ။ မရင်နှစ်က ခတ်တည်တည်နဲ့ လက်ညှိုးထောင်ပြီး”အမွှေးတွေ အဲ့လိုရိပ်တော့ သူတို့ မနာဘူးလား..”တဲ့။ ဟိုဆရာကြီးက”မနာပါဘူး၊ မင်းဆံပင်တွေရှည်လာတဲ့အခါ ညှပ်ရတယ်မဟုတ်လား..”ဆိုတော့ ရက်စ်တဲ့။ ”အဲ့ဒီအခါ နာသလားဆိုတော့ မနာဘူး..တဲ့။ ”အဲ့သလိုပဲလေ။ နောက်တချက်ကလည်း သိုးတွေမှာ အမွှေးတွေရှည်ထွက်လာတဲ့အခါ အမွှေးကျွတ်ချိန် အမွှေးသစ်လဲချိန်လည်း ရှိသေးတယ်။ အမွှေးတွေရှည်လာလို့ မညှပ်ပဲထားလိုက်ရင် အများစုကကျွတ်ထွက်သွားပြီး အလဟသဖြစ်ကုန် တာမျိုးလည်းရှိတယ်”လို့ ရှင်းပြတာလည်းဆုံးရော မချောကဆက်ပြီး ”အဲ့သလို အမွှေးတွေကျွတ်တော့ရော သူတို့မနာဘူးလား”လို့ မေးပြန်တယ်။ ဟိုလူကြီးက ”မင်းရေချိုးပြီးရင် ဆံပင်တွေဖီးလား”လို့မေးတယ်။ မေမေဖီးပေးတယ်လို့ပြန်ဖြေတယ်။ ”အဲ့ဒီအခါ မင်းဆံပင်တွေ ဘီးထဲပါကျွတ်ပါသွားတာတွေ့ဖူးလား”ဆိုတော့ တွေ့ဖူးတယ်..တဲ့။ ”အဲ့ဒီအခါ မင်းနာလား”ဆိုတော့ မနာဘူးတဲ့။ ”အေးအဲသလိုပဲ သိုးတွေလည်း မနာကြပါဘူး။ သူတို့က တနှစ်တခါ ဆောင်းတွင်းဝင်တော့မယ်ဆိုရင် အမွှေးဟောင်းတွေအကုန်နီးပါးကျွတ်ပြီး အမွှေးသစ်တွေ လဲတယ်။ ဒါမှ အမွှေးသစ်ထူထူထဲထဲနဲ့ သူတို့ မချမ်းမှာပေါ့လေ။ သူတို့မှာ မင်းတို့လို သိုးမွှေးဆွယ်တာတွေ အနွေးအကျီင်္တွေမှမရှိတာ”..တဲ့။ မရင်နှစ်က တခုခုဆက်မေးမလို့ပြင်နေတုန်းပဲ သူ့ဘေးက ၅ နှစ်သမီးလောက်လေးက ”ဆောင်းတွင်းဆို တို့လည်းအေးတယ် သူတို့လည်း အေးတယ်..မင်းတို့က သူတို့အမွှေးတွေ သူတို့အနွေးအကျီင်္တွေကို ခုလို ချွတ်လိုက်တော့ သူတို့အေးမှာပေါ့..ဘာဝတ်မလဲ”လို့မေးတော့ ကျနော်အပါအဝင် ဘေးကလူတွေပါပြုံးကြတယ်။ ”ရိပ်ရိပ်လိုက်ချင်းတော့အေးတာပေါ့။ ဒါပေမယ့် ခနပဲလေ အမွှေးသစ်တွေပြန်ထွက်လာတာ။ နောက်ပြီး ခြံထဲရှိသမျှသိုးအကုန်လုံးလို တကြိမ်တည်း အပြီးရိပ်တာမဟုတ်ဘူး။ အလှည့်ကျရိပ်တာပါ။ အကောင်တဝက်လောက်က အမွှေးနဲ့ကျန်နေတယ်လေ။ သူတို့ ညဘက်အိပ်ကြတော့ အတူတူပူးကပ်ပြီးအိပ်ကြတာဆိုတော့ သိပ်မအေးပါဘူး။ နောက်ပြီး အိပ်တဲ့နေရာက လုံတယ်လေ...အရမ်းကြီးမအေးပါဘူး။ နေ့ခင်းဘက်ကြတော့လည်း တနေကုန် ခြံကျယ်ကြီးထဲမှာ ပြေးလွှားစားသောက်နေကြတော့ လေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီး ချွေးတွေပါပြန်နေကြတာ”ဆိုတော့မှ သူ့အမေကို တချက်ပြန်မော့ကြည့်ပြီး ”မေမေလေ့ကျင့်ခန်းလုပ်ရင်လည်း ချွေးတွေထွက်တယ်နော် မေမေ”လို့ပြောလည်းပြောရော အားလုံးလည်း တပြုံးပြုံးနဲ့။ အင်း ဒီ မိကျောင်းသမီးလေးနှစ်ယောက်နဲ့ ဟိုဆရာကြီး အမေးအဖြေတွေနားထောင်ရင်း ကိုယ်စီအတွေးတွေနဲ့ နေကြမယ်ထင်တာပါပဲဗျာ။

(စက်မှုပညာနဲ့ဂိုဒေါင်ရွှေ့ခြင်း)
၁၀x၁၂ ပေ ပတ်လည် သစ်သားထည် သွပ်မိုး သစ်ကြမ်းခင်း အိမ်သုံးဂိုဒေါင်လေးတလုံး မှာထားတာ မနေ့မနက်ကရောက်လာတယ်။ Carriage House စတိုင်လ်လို့ခေါ်တယ်တဲ့။ လူတယောက် ယဉ်တင်နောက်တွဲထရပ်တစင်းတည်းနဲ့ ရောက်ချလာတာ။ ဒီလောက်ကြီးတဲ့ အဆောက်အဦးကို သူ့တယောက်တည်း ဘယ့်နှယ်များနောက်တွဲပေါ်ကချပြီး ဘယ်လိုများ သတ်မှတ်နေရမှာ တည်ပေးမလဲလို့တွေးမိပြီး သူလုပ်တာရပ်ကြည့်နေမိတယ်။ အကူအညီလိုရင်ပြောနော်ဆိုတော့ ရတယ်၊မလိုပါဘူးလို့ပြောပြီး လမ်းသွယ်ကနေ အိမ်ဘေး ကပ်သီးကပ်သတ် နေရာအဝအထိ ဂိုဒေါင်တင်ထားတဲ့နောက်တွဲကားကို ဘက်ခ်ဆုတ်ပြီး ဝင်ချလာတာများ လက်နဲ့တွန်းဝင်လာတာ ကြနေတာပဲ။ ၁၆ ပေပဲကျယ်တဲ့နေရာကြတော့မှ ကားရပ်ပြီး၊ နောက်တွဲဟိုက်ဒရောလစ်လေးနဲ့ ဦးထောင်ပြီး ဖေါ့ရ်က်ကလစ်ပ်လို ၂ ဘီးတပ် မတ်တပ်မောင်းယဉ်ကလေးနဲ့ ဂိုဒေါင်တစ်လုံးလုံးကို ဆွဲပြီးအောက်ချ။ ပြတဲ့နေရာအထိ ဖြည်းဖြည်းချင်းသယ်ယူ၊ သတ်မှတ်နေရာရောက်တော့ နေရာကျအောင် ဟိုလှည့်ဒီလှည့်လုပ်၊ စက်နဲ့ဂိုဒေါင်ကိုပင့်မထားပြီး ထောင့် ၄ ထောင့် အညီအမျှနေရာကျအောင် ကွန်ကရိဘလောက်တုံး တွေကို မြေကြီးပေါ်စီတန်တာစီ၊ ပြီးတော့ ဂိုဒေါင်ကိုကျကျနနချ၊ လယ်ဗယ်ညီမညီကို ရေချိန်နဲ့ ချိန်ကြည့် အားလုံးကွက်တိ။ ပြီးတော့ သူ့ မတ်တပ်မောင်းယဉ်လေး နောက်တွဲပေါ်ပြန်တင်”သွားတော့မယ်နော် နောင်လိုတာရှိလည်း ကျနော်တို့ဆီမှာပါ” ပြောပါလိုဆိုပြီး ထရပ်ကားလေး ဝူးကနဲမောင်းထွက်သွားတော့ နာရီကြည့်မိတယ်။ ၁၁ နာရီ ၄၅ မိနစ်။ မနက်အစောကြီး သူဖုန်းခေါ်တော့ ငါ မင်းတို့အိမ်ကို ၁၁ ခွဲမှာရောက်မယ်တဲ့။ သူတကယ်ရောက်တော့ မခွဲခင် ၅ မိနစ်အလိုပဲ။ ပြန်တော့ ၁၁ နာရီ ၄၅။ စုစုပေါင်းကြာချိန်က မိနစ် ၅ဝ ဆိုပေမယ့် နောက်တွဲပေါ်က စက်နဲ့အိမ်ကို ဆိုင်းထားတဲ့ကြိုးတွေဖြည်တာ၊ မလုပ်ခင်နေရာကြည့်တာ၊ လုပ်ပြီး တော်ကီနည်းနည်းပွားတာတွေ ပြန်နှုတ်လိုက်တော့ သူ တကယ်လုပ်ချိန်က မိနစ် ၂ဝ ပဲ။ ဒီ ဂိုဒေါင်တစ်လုံးလုံးကို လာနေရာချပေးသွားတာ။ သူ့ကြည့်တော့လည်း မောလို့ ဟောဟဲလိုက်ဖို့မပြောနဲ့ ချွေးလေးတစ်စက်တောင်ထွက်မသွားဘူး။
သူလုပ်ကိုင်နေတာကြည့်ရင်း ငယ်ငယ်က ၃ တန်းလား ၄ တန်းမှာလားမသိဘူး သင်ရတဲ့ ”လူအားဖြင့်တနေကုန်လုပ်ရသောအလုပ်ကို စက်အားဖြင့်တနာရီအတွင်းပြီးနိုင်ပါသည်”ဆိုပြီး။ မြေထိုးမြေကော်စက်ကြီးတွေပုံလေးနဲ့ တွဲသရုပ်ဖော်ထားတယ်မှတ်တာပဲ။ စက်မှုထွန်းကားပြီးတဲ့ပြည်တွေမှာ လူကို သက်သာနိုင်သမျှသက်သာအောင် စီစဉ်ပေးထားတာလည်း အမှန်ပဲ။ တကယ်လည်း သက်သာတာပဲ။ အဲ့သလိုပဲ ကွန်ပြူတာရိုက်ဇ် စက်ခါးပတ်ကြိုးကြီးတွေနဲ့လည်ပတ်နေတဲ့ အလုပ်ရုံ စက်ရုံတွေမှာလည်း စက်ကို လူကအမီလိုက်လုပ်ရတဲ့ လူ့ဒုက္ခကကြီးလှတယ်။ ပင်ပမ်းလွန်းလှတယ်။ ”စက်နောက်လူပါ” ဖြစ်ဖို့ဆို လူကို စက်လိုမောင်းမှရတာမဟုတ်လား။ စက်ဆိုတာ ပျက်ခါမှပျက်ကရော၊ ချုံးချုံးကျခါမှကျကရော လူလို့တော့မပမ်းဘူးလေ။

(ဝမ်းခါးအလှနဲ့ဒီမိုကရေစီ)
ကွန်မြူနစ်တွေကတော့ ရှင်းတယ်။
သူတို့ဒီမိုကရေစီက ပြည်သူ့ဒီမိုကရေစီ..တဲ့။
အလုပ်သမားလယ်သမား
အခြေခံလူတန်းစားတွေကိုပဲ ပေးမယ်..တဲ့။
အရင်းရှင်တွေကိုတော့ ဆောရီးပဲ...တဲ့။
ကျနော်တို့ဒီမိုကရေစီကြတော့ ဒီမိုကရေစီ..တဲ့။
စစ်မှန်သောဒီမိုကရေစီ...တဲ့။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ...တဲ့။
နောက်လည်း ရှိသေးတယ်။
ထားပါတော့ ဘာဒီမိုကရေစီပဲဖြစ်ဖြစ်
ဘယ်သူပဲ အာဏာကိုင်ထားနိုင် ကိုင်ထားနိုင်
အတန်းအစားတခု ဒီမိုကရေစီရသွားတယ်ဆိုတာ
အတန်းအစားတခု ဒီမိုကရေစီရုပ်သိမ်းခံလိုက်ရတဲ့သဘော
ဗေဒင်မေးစရာမလိုမယ့်ကိစ္စ
ခုရွှေပြည်ကြီးမှာ
ဒိမိုကရေစီရနေပြီလို့ပြောသူကပြောတယ်
မရသေးဘူးလို့ပြောသူကပြောတယ်
ရတယ်ပြောတဲ့သူတွေ ရနေတာဟုတ်မှာပဲ
မရသေးဘူးပြောသူတွေ မရသေးတာဟုတ်မှာပဲ
ရသလိုလို မရသလိုလိုစကားနာထိုး
ခနိုးခနဲ့အပြနဲ့
ဝမ်းဝခါးလှနေကြသူတွေလည်း
ဝနေလှနေတာဟုတ်မှာပဲ

သြော်...ဒါနဲ့
ခင်ဗျားရော
တဝမ်းတခါးမှ ဝရဲ့လား
ဒီမိုကရေစီမှ ရရဲ့လား

0 comments:

Post a Comment