Wednesday, October 22, 2014

ဒီမနက် ခွေးလေး ၂ ကောင် အိမ်မှာဖြစ်တဲ့အကြောင်းပြောမလို့ပါ။

0 comments
ဒီမနက် ခွေးလေး ၂ ကောင် အိမ်မှာဖြစ်တဲ့အကြောင်းပြောမလို့ပါ။
ကျနော့်မှာ Izzy နဲ့ Rocky ဆိုတဲ့လူ့စွန့်ခံခွေးလေး ၂ ကောင်ရှိကြောင်း၊ တကောင်ခြင်းစီရဲ့စိတ်နေစိတ်ထားနဲ့ အကြိုက်/မကြိုက်တွေအကြောင်း တိုတိုထွာထွာပြောဖူးပါတယ်။ အဲ့ဒါတွေထဲမှာ အဇ္ဇီကကြောက်တတ်ကြောင်း၊
အနေသန့်ပြီး ဇီဇာ နည်းနည်းကြောင်ကြောင်း လူအပေါ်မှီတွယ် အားထားလွန်းကြောင်း၊ ရော့ကီကတဇွတ်ထိုးနိုင်ပြီးသတ္တိကောင်းကြောင်း ပေတလူး
တုံးပေကပ်သပ်ဖြစ်ကြောင်း လူနဲ့ ဖာသိဖာသာနေတတ်ကြောင်းလေးတွေလည်းပါပါတယ်။ ၂ ကောင်လုံး တယ်ရီယာစပ်အထီးလေးတွေဖြစ်ပြီး အသက်အရ ရော့ကီကကြီးပေမယ့် အရွယ်အရ အဇ္ဇီကကြီးပါတယ်။
အဇ္ဇီအိမ်ရောက်တာ ရော့ကီထက် ၅ လလောက်စောပါတယ်။ အဲ့ဒီ ၅ လအတွင်း တခါမှ အိမ်အပေါ်ထပ်ကို တကောင်တည်း တက်မကြည့်သလို ဘေ့စ်မင်န့်ထဲလည်း မဆင်းပါဘူး။ နောက်ဘက်ခြံထဲသွားပေမယ့် ခြံစည်းရိုးစပ်နားရောက်ပလားဆို လူကိုပြန်ကြည့်ပြီး လှည့်လှည့်လာတတ်ပါတယ်။ တခါ ဇနီးက အပေါ်ထပ်ထိ သူ့ကိုပွေ့ချီပြီးခေါ်သွားပြတော့ မျက်စေ့နှစ်လုံးစုံပိတ် နားရွက်လေးတွေကုပ် အမွှေးတွေဆောင်းပြီး တကိုယ်လုံး ကြောက်တုန် တုန်နေရှာတပါ။ အဲ့ဒီကတည်းကစပြီး ကျနော်တို့ ဘယ်တော့မှ သူ့ကို အိမ်ပေါ်ထပ် တက်ဝံ့သွားအောင် မကြိုးစားကြတော့ပါဘူး။
တခါ အိမ်မှာ မိတ်ဆွေတချို့နဲ့ ညနေခင်းဧည့်ခံပွဲလေးလုပ်တုန်းကလည်း အနှောက်အယှက်ဖြစ်မစိုးလို့ ဘေ့စ်မင်န့်ထဲမှာ ၂ ကောင်လုံးသွားထားပါတယ်။ စစခြင်း အဇ္ဇီကြောက်လန့်တကြားဟောင်သံ နည်းနည်းကြားရပေမယ့် နောက် ဘာသံမှမကြားတော့တာနဲ့ စိတ်ချလက်ချထားလိုက်ပါတယ်။ ညနေပြန်လည်းထုတ်ရော ခမျာလေး သွေးဆုတ်နေတဲ့မျက်နှာနဲ့ ပျော့ခွေခွေလေးဖြစ်နေရှာတယ်။ အဲ့ဒီညက အစာမစားရေမသောက် ဖျတ်ဖျတ်လတ်လတ်လည်းမရှိ။ ဒါနဲ့ တရေးနိုးလို့ သူ့နားရွက်လေးတွေ စမ်းလည်းကြည့်ရော ခြစ်ခြစ်တောက်ပူနေပါရောလား။ ကြောက်ဖျား ဖျားတယ်ဆိုတာဒါများလားလို့ ထင်စရာပါ။ ရော့ကီကတော့ အေးဆေးပါ။
အနေအစားမပျက် အဆော့အကစားမပျက်။ ဒါပေမယ့် အဇ္ဇီနားတော့ တချက်တချက်လာလာပြီး နားရွက်ကလေးတွေ လျှာနဲ့လျက်ပေးလိုက် နှာခေါင်းလေးရှူံ့ပွရှူံ့ပွလုပ်လိုက် ပြီးတော့ပြန်ထွက်သွားလိုက်နဲ့ပါပဲ။ လူမမာသတင်းမေးတာနဲ့တူပါတယ်။ နောက်ပြီး အဇ္ဇီက ကားသံကလွဲလို့ စက်သံ မော်တာလည်သံမှန်သမျှလည်း လန့်တတ်ပါတယ်။ ဖုန်စုပ်စက်သံ၊ စားပွဲတင်ကော်ဖီမှုန့်ကြိတ်စက်သံ၊ ဖျော်ရည်စက်သံတွေလည်း အလွန်ကြောက်တဲ့ကောင်ပါ။ တခါတခါ ကျနော်တို့က သူ့ကို ပေါတာလေးလို့ ခေါ်တတ်ပါတယ်။
ရော့ကီအိမ်ရောက်တဲ့နေ့က တံခါးဖွင့်ပြီးကြမ်းပေါ်ချပေးလိုက်တယ်ဆိုရင်ပဲ တအိမ်လုံးအနှံ့ အနံ့တွေလိုက်လိုက်ခံ၊ စေ့ထားတဲ့အပေါ်ထပ်တံခါး လက်နဲ့ကုပ်ကက်ဖွင့်ပြီး အပေါ်အထိ သူ့ဘာသာသူတက်၊ ဘေ့စ်မင်န့်တံခါးဖွင့်ပြတော့ တကောင်တည်းဆင်းချသွားပြီး ဟိုနမ်းဒီနမ်းတွေ လုပ်တော့တာပါပဲ။ အနှစ်နှစ်အလအလကကွဲနေတဲ့ သူ့အိမ်သူ့ယာ ခုမှပြန်ရောက်လာတဲ့အချိုးမျိုးနဲ့ပါ။ လူအိပ်ခန်း သူ့ညအိပ်လှောင်အိမ်နဲ့ မီးဖိုချောင်ခန်းကိုတော့ သာမန်ကာလျှံကာလောက်ကြည့်ပြီး နောက်ဖေးတံခါးလည်းဖွင့်ပေးရော ခြံထဲလွှတ်ထားတဲ့ကြက်တွေကိုကြည့်လိုက် လူကိုကြည့်လိုက်လုပ်နေပါတယ်။ လူက ဘာမှမပြောမှန်းလည်းသိရော ထိုးထိုးဟောင်ပြီးကြက်တွေကို အိမ်နားအထိ ပြန်မောင်းချလာပါတယ်။ ကျနော်တို့ သူ့ကြည့်ပြီး အံ့အားလည်းသင့် ပျော်လည်းပျော်ရတာပါ။ တယ်ရီယာပီပီ ကျင်းကလည်း တူးသလားမမေးနဲ့ဆိုတဲ့ကောင်မျိုးပါ။ မိုးဖွဲဖွဲရွာပလားဆို ဟောင်ပြီး တံခါးဖွင့်ခိုင်း မိုးရေထဲရွှံ့တွေဗွက်တွေထဲ ပြေးလွှားခုန်ပေါက် တကိုယ်လုံးရွှံ့နဲ့ရေနဲ့ ညစ်ပတ်ပေတလူးဖြစ်ပြီး ချမ်းတုန်လာမှ အထဲပြန်ဝင်ချင်တဲ့ကောင်မျိုးပါ။ အိမ်ညစ်ပတ်မစိုးလို့ အထဲပေးမသွင်းပဲ Breezeway မှာ ခြောက်တဲ့အထိထားလည်း နေတာပဲ။ အဇ္ဇီကတော့ မိုးရွာထဲ ဘယ်တော့မှ မထွက်သလို ရွှံ့ဗွက်နဲ့အညစ်အကြေးလည်းရွံတတ်ပုံပါပဲ။
အဲ..ဆောင်းတွင်း နှင်းတွေ ကျပြီဆိုရင်တော့ ၂ ကောင်သားပျော်တာမှ မြင်မကောင်းပါ။ လူ့ဒူးလောက်ပေါင်လောက် ဆွတ်ဆွတ်ဖြူမွရွနေတဲ့နှင်းသန့်တောကြီးထဲ လိုက်တမ်းပြေးတမ်း ကစားကြ၊ ပြေးကြ လွှားကြ၊ လူးကြလှိမ့်ကြ ပစ်လှဲချကြနဲ့ မချမ်းမတုန်ပဲ တကိုယ်လုံး နှင်းခဲနှင်းဖတ်တွေဖုံးတဲ့အထိ နေတတ်ကြပါတယ်။ နှင်းက ဘယ်လောက်ပဲ သူတို့အမွှေးတွေအပေါ် တင်နေတင်နေ အိမ်ထဲဝင်ကာနီး ခတ်ပြင်းပြင်းလှုပ်ခါချလိုက်ရုံနဲ့ အကုန်ပြောင်သလင်းခါသွားတာ မဟုတ်လား။ ရေလိုလည်း အမွှေးတွေမှာစိုပြီးကပ်မနေဘူး အနံ့အသက်လည်းမရှိဘူး အပေအပွလည်း မရှိဘူးဆိုတော့ အဇ္ဇီက နှင်းတော့ အတော်ကြိုက်ပုံပေါ်ပါတယ်။ ရော့ကီက တခါတလေ ပြေးရင်းလွှားရင်းအရှိန်လွန်ပြီး
ဘေးအိမ်နားအထိရောက်သွားပလားဆို
အဇ္ဇီခမျာ ဒီဘက်ကနေ ဟိုကောင့်ကိုအော်ခေါ်လိုက် အိမ်ကိုလည်ပြန်ကြည့်လိုက် လူကိုစစ်ကူတောင်းတဲ့အသံပြုလိုက်နဲ့ ဗျာများတော့ပါပဲ။ ပြန်လာတာနဲ့ အနားသွားပြီး ခေါင်းကိုလျှာလေးနဲ့လျက်ပေးလိုက် ကိုယ်ကိုလက်ကလေးနဲ့သပ်ပေးလိုက် လုပ်တတ်ပါတယ်။ “နောက် အဲ့လိုမသွားနဲ့နော် ရော့ကီ..”လို့ပြောနေသလားတောင် ထင်ချင်စရာပါ။
အသံဗလံတွေနဲ့ပတ်သက်ရင်လည်း ရော့ကီက ဒုတ်မကြောက် ဒါးမကြောက်ကောင်ပါ။ ကြောက်ဖို့မပြောနဲ့ ဆူချင်သလောက်ဆူပေ့စေ သိုးနေအောင်အိပ်တာများ ဆင်တက်နင်းတောင် နိုးမယ့်ပုံမပေါ်ဘူး။ အဇ္ဇီကိုလည်း အသံတွေမကြောက်ဖို့ အားမပေးတတ်ပေမယ့် ဟိုကောင်ကြောက်နေရင် သူအနားလာပြီး ဖေးမတတ်တာတော့ရှိပါတယ်။ တရက် မီးဖိုချောင်မှာ ဇနီးက လှော်ပြီးသားကော်ဖီစေ့တွေကို ကြိတ်စက်လေးထဲထည့်ပြီး ကြိတ်တယ်။ ကြိတ်စက်လေးက သေးပေမယ့်အားကောင်းတော့ အသံအတော်ကျယ်ပါတယ်။ အဲ့ဒီအသံကို ဧည့်ခန်းကနေကြားလိုက်တဲ့အဇ္ဇီက လူအိပ်ခန်းထဲပြေးပြီး ကုတင်အောက် ဝင်ပုန်းပါတယ်။ ရော့ကီက မီးဖိုချောင်ထဲဝင်ချသွားပြီး စက်တင်ထားတဲ့ခုံကို မမှီမကမ်း ပဒပ်ရပ်တက်လိုက် ဇနီးသည်ကိုဟောင်လိုက်နဲ့ တအိမ်လုံးဆူညံပွက်နေတော့တာပါပဲ။ ဒါနဲ့ ဇနီးက စက်ပိတ်ချလိုက်တယ်။ ဒီတော့ သူလည်း အဟောင်ရပ်လိုက်တယ်။ ပြီးတော့ ကုတင်အောက်မှာပုနေတဲ့ အဇ္ဇီဆီကိုသွားပြီး သူ့ကိုယ်လုံးပုတက်တက်လေးနဲ့ တိုးလိုက်ဝှေ့လိုက် ပွတ်လိုက်သပ်လိုက်လုပ်တယ်။ ပြီးတော့ ခေါင်းကိုလျှက်ပေးတယ်။ “မကြောက်နဲ့အဇ္ဇီ၊ ဘာမှ မကြောက်နဲ့တော့၊ ဘာမှမဟုတ်ဘူး အဲ့ဒါကော်ဖီကြိတ်စက်ပဲ၊ နင့်ကို ဘာမှ လုပ်လို့မရဘူး၊ ခု ငါသွားပြောလိုက်လို့ သူတို့ စက်ပိတ်လိုက်ပြီ” ဆိုပြီးပြောနေတာများလားလို့ ကျနော်တွေးပြီး ကြည့်ရင်း ကြည်နူးနေမိတာပါပဲ။ ဒီတော့မှ အကြောက်နည်းနည်းပြေသွားတဲ့အဇ္ဇီလည်း ခုတင်အောက်ကထွက်ပြီး လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါတယ်။ ဒီမနက်ဖြစ်တာလည်း အဲ့နည်းနှင်နှင် အသံကိစ္စပါပဲ။
ဒီနေ့ အိမ်ကို ဧည့်သည်လာစရာရှိတာမို့ ဇနီးက အလုပ်မသွားခင် ဖုန်စုပ်စက်အသေးနဲ့ ဆိုဖါခုံရှည်တွေကို ဖုန်စုပ်တယ်။ ကျနော်နဲ့အဇ္ဇီက အနားက ဆိုဖါပေါ်မှာ ထိုင်နေတယ်။ ရော့ကီက အိပ်ကောင်းတုန်း။ ဖုန်စုပ်စက်အသေးက အသံစူးစူးနဲ့ သွားကြိမ်းချင်စရာအသံမျိုး၊ အူထဲအသည်းထဲကျလိကျလိ ဖြစ်ချင်စရာအသံမျိုး။ စက်ဖွင့်လိုက်လို့ အသံစီကနဲထွက်လိုက်တာနဲ့ ကျနော့်ပေါင်ပေါ်ခေါင်းတင်မှိန်းနေတဲ့ မောင်အဇ္ဇီ လန့်ဖြန့်ပြီးထခုန်တော့တာပါပဲ။ ကျနော့်ကိုယ်ပေါ်အတင်းတက်ဖို့လုပ်တော့ ကျနော့်ပေါင်ပေါ်က လက်ပ်တော့ပ်ကို နင်းမိမှာလည်းစိုး လူလည်းဟန်ချက်ပျက်ပြီး ခလုပ်တွေလျှောက်ဖိမိနဲ့ ကသောင်းကနင်းတွေဖြစ်ကုန်တယ်။ ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲ့ လှန့်တဲ့သဘော တော်တော်ကျယ်ကျယ် အော်ထည့်လိုက်တယ်။ သူလည်း လန့်ပြီး ခြေမကိုင်မိလက်မကိုင်မိနဲ့ ဧည့်ခန်းထဲပတ်ပြေးနေတယ်။ ဇနီးကလည်း စက်ပိတ်ချလိုက်ဖို့ သတိမရသေးဘူး။
အဲ့ဒီအချိန်မှာပဲ အခန်းထဲမှာ ဇရက်မင်းစည်းဇိမ်နဲ့နှပ်နေတဲ့ရော့ကီ ဘယ်ကနေဘယ်လို ပေါက်ချ လာသလဲမသိဘူး။ အဇ္ဇီကိုလည်းမြင်ရော အခြေအနေကိုသဘောပေါက်သွားဟန်နဲ့ ကျနော့်ဇနီးကိုထိုးဟောင်လိုက်၊ ဖုန်စုပ်စက်လေးကို ပြေးဟပ်လိုက်၊ ကျနော့်ဆီပြေးလာလိုက်နဲ့ တကောင်တည်း ပျာယာ့ကိုခတ်တော့တာပါပဲ။ အဇ္ဇီကတော့ ထုံးစံအတိုင်း အိပ်ခန်းထဲပြေးဝင်ပြီး ကုတင်အောက် ပုန်းတော့တာပါပဲ။ ဒီတော့မှ ဇနီးလည်း သတိဝင်ပြီး စက်ပိတ်ချလိုက်တယ်။ စက်သံလုံးဝပျောက်သွားတော့မှ ရော့ကီက အိပ်ခန်းထဲဝင်ပုနေတဲ့အဇ္ဇီကို အပြင်ခေါ်ထုတ်၊ ပါးတွေနားတွေလျက်ပေး၊ သူ့ကိုယ်လုံးပုတက်တက်လေးနဲ့ ပွတ်ပက်ပေးပြီး “ဘာမှမပူနဲ့အဇ္ဇီ ငါတယောက်လုံးရှိတယ်၊ ဘာမှ မကြောက်နဲ့”လို့ပြောနေတယ်ထင်တာပါပဲ။ အဇ္ဇီကလည်း မျက်ရည်တွေဝိုင်းပြီး အားငယ်နေတဲ့မျက်လုံးနက်ကြီးတွေ ကလယ်ကလယ်နဲ့ ကျေးဇူးတင်ကြောင်းပြန်ပြောနေသလိုပဲလို့ ကျနော်ထင်နေတယ်။ နောက်တော့ ရော့ကီလည်း သူ့နေရာသူပြန်ပြီး အိပ်သွားတယ်။ အဇ္ဇီလည်း ဧည့်ခန်းထဲပြန်ထွက်လာပြီး ကျနော့်ဘေး ပြန်ထိုင်တယ်။ ဇနီးလည်း ဖုန်စုပ်ရက်တန်းလန်းနဲ့ စက်ပိတ်ပြီးပြန်သိမ်းလိုက်တယ်။ ပြီးတော့ You are little poor thing, Izzy, Rocky always protects you. Be brave Izzy, be brave boy. ဆိုပြီး ရေမိုးချိုး အဝတ်အစားလဲ အလုပ်ထွက်သွားလေရဲ့။ ကျနော်နဲ့ သူတို့ ၂ ကောင်ကတော့ ဒီနေ့အိမ်လာမယ့် ဧည့်သည်တွေကို မျှော်ရင်း စိုးဝင်းအချိုခြောက်နဲ့လဘက်ရည်ဖျော်တော့မယ်။
မျိုးမြင့်ချို။ အောက်တိုဘာ ၂ဝ၁၃

0 comments:

Post a Comment