Tuesday, October 14, 2014

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၁) (မေလင်းခ)

0 comments
ငယ်စဉ်ဘဝတုန်းက နိုင်ငံရေးဆိုတဲ့စကားလုံး အဘ(အမေ့အဖေ) ပြောလို့ကြားခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေတွေ၊ ဗမာပြည်နိုင်ငံရေး သမိုင်းအချိုးအကွေ့တွေ၊ နိုင်ငံရေးပါတီတွေအကြောင်းတွေ အုပ်စုံမသိခဲ့ရပေမယ့်  နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ စစ်တပ်ကအာဏာသိမ်းပုံ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ တောခိုအဖွဲ့အစည်းများ၊ မဆလတစ်ပါတီစနစ်၊ ပမညတ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…၊ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း၊ ဦးနေဝင်း၊ ဒေါက်တာာမောင်မောင် …စတာတွေကို အိပ်ရာဝင်ပုံပြင်တွေလို စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်။ အဖေနဲ့အမေအပါအဝင် ဦးလေး၊ အဒေါ်များက ကလေးကို နိုင်ငံရေးအကြောင်းတွေမပြောပါနဲ့လို့ တားဆီးပိတ်ပင်တဲ့ကြားထဲက အဘက အလစ်မှာပြောပြပါတယ်။ အဘကိုယ်တိုင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှာလည်း အဘတို့အဖေ၊ အကို၊ ဦးလေးတွေ ပါဝင်ခဲ့ကြပါတယ်။ ဘယ်လိုပဲ သားသမီးတွေက တားဆီးတားဆီး ဒီမြေး(ကျွန်မ)ကိုတော့ သူပြောပြမြဲ ရှင်းပြမြဲပါ။ ရှေးလူကြီးမို့ အသက်ကြီး ပြီမို့ ရှေးရိုးစွဲတချို့ရှိပင်ရှိသော်လည်း အမျိုးသမီးတွေကိုတော့ ဘယ်တော့မှချိုးနှိမ်ဖိနှိပ်လေ့မရှိ..သူ့မြေးဦး(ကျွန်မ) မိန်းကလေးမို့ နိုင်ငံရေးနဲ့ မဆိုင်ဘူး၊ ဘောင်းဘီရှည် မဝတ်ရဘူး၊ ပြိုင်ဘီးမစီးရဘူး၊ အိမ်တွင်းမှုလုပ်ကိုင်တတ်ရမယ်ဆိုတဲ့အမြင်မျိုး တစ်စက်ကလေးမှ မရှိတာ အံ့သြစရာပါ။

ဒီနေရာမှာ ကျွန်မဆိုလိုချင်တာ ကျွန်မအဘအကြောင်းသက်သက် မဟုတ်ပါ။ ကျွန်မကို နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ကျောင်းသားအရေး၊ လူတန်းစားဆိုတဲ့အတွေးတွေကို စတင်သိစေတွေးစေခဲ့တဲ့ပုဂိုလ်ကို ရည်ညွှန်းပြချင်တာပါ။ မှတ်မှတ်ရရ ကျွန်မကိုးတန်းမှာ (၂ဝဝ၇) ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို ညီညွတ်စွာတော်လှန်ခဲ့တဲ့ တော်လှန်ရေးတစ်ရပ်ကို ကျွန်မနဲ့အဘ DVB မှတဆင့် တွေ့မြင်ခဲ့ရပါတယ်။ ကျန်းမာရေးမကောင်းတဲ့အဘက အိပ်ရာထဲကနေ အံကြိတ်တောက်ခေါက်နေသလို လူငယ်ကျွန်မလည်း သွေးတွေဆူပွက်ပြီး ကိုယ်တိုင်ဝင်ရောက်ကာ စစ်အာဏာရှင်ကို တော်လှန်လိုမိခဲ့၊ ဖြစ်ချင်ရာဖြစ် အိမ်ကနေခိုးထွက်ပြီး ဆန္ဒပြသူတွေနဲ့အတူ သေသေကြေကြေတိုက်ပွဲဝင်လိုစိတ်တွေ ပြင်းထန်နေမိခဲ့ပါတယ်။ တစ်ရက် DVB ကြည့်ရင်း အလံတစ်လက်ကို ကျွန်မတွေ့မိပါတယ်။ အနီရဲရဲမှာ ခွပ်ဒေါင်းနဲ့ စက်ဝိုင်းပုံပါတဲ့အလံဟာ ကျွန်မစိတ်ကို ဖမ်းစား ခဲ့ပါတယ်။

အဘကိုမေးကြည့်တော့ ဒါဟာ ကျောင်းသားအလံလို့ ပြောပါတယ်။ ခွပ်ဒေါင်းကိုဝိုင်းထားတာ စက်ဝိုင်း မဟုတ်၊ ကျော့ကွင်းသာဖြစ်တယ်.. ဒေါင်းကကျော့ကွင်းကို ရုန်းကန်နေပုံကို ကျောင်းသားတွေ အာဏာစနစ်ကိုတွန်းလှန်နေပုံနဲ့ နှိုင်းယှဉ်ပြတော့ ကျွန်မလည်း ဒီအလံအောက်မှာ ရပ်ချင်စိတ်တွေ၊ အလံကိုအလေးပြုချင်စိတ်တွေ ပေါ်လို့လာပါတယ်။ ဒါတင်မကသေး ဒီအလံဟာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ရဲ့ ကျောင်းသားဘဝ ကျောင်းသားသမဂဆိုတာကိုလုပ်ကြတုန်းက ကိုင်စွဲခဲ့ကြတဲ့အလံ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂရဲ့ အလံတော် ဖြစ်တယ်ဆိုတာကိုပါ ထပ်ဆောင်းသိလိုက်ရတဲ့အချိန်မှာတော့ သမဂဆိုတဲ့စကားလုံးကို ကျွန်မစွဲလမ်းခဲ့ရသလို ကျွန်မကိုယ်တိုင် ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ခိုလှုံခဲ့တဲ့အလံအောက်မှာ ထာဝရခိုလှုံချင်ခဲ့မိပါတယ်။ မိသားစုက (အဘမှလွဲ၍) နိုင်ငံရေးကိုစိတ်မဝင်စားကြ၊ တစ်လျှောက်လုံးစစ်အာဏာရှင်ရဲ့ ဖိနှိပ်ခံလာခဲ့ကြရတာကြောင့် နိုင်ငံရေးဆိုရင် ကြောက်စရာသတ္တဝါတစ်ကောင်လို့ မြင်နေကြပါတယ်။

ဒီလိုနဲ့ အဘလည်းအခုဆိုရင် ဆုံးပါးသွားခဲ့ပါပြီ။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကိုပြောင်းပါပြီလို့အော်နေကြတဲ့ ယနေ့ခေတ်ကို အဘလည်း မမှီလိုက်ရှာပါ။ အဖေနဲ့အမေကတော့ ခေတ်ပြောင်းလာပြီဆိုပြီး ကျွန်မရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုကို တားဆီးကန့်ကွက်တာမျိုး မလုပ်တော့ပါ။ ဒီလိုနဲ့ အဘဆုံးပြီးနောက် ကျွန်မ တက္ကသိုလ်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်တတ်ရင်း အပေါင်းအသင်းတွေကြားမှာ ကျွန်မနိုင်ငံရေးဆိုတာကို ယောင်ယောင်လေးတောင် သတိမရမိတော့ပါ။ ကျောင်းလစ်လို့ရ၊ ကျူရှင်တက်ရင်အောင်၊ ဆရာတွေနဲ့ အဆင်ပြေအောင်ပေါင်းသင်း၊ အချိန်တန် မဖြေနိုင်ရင်သွားကန်တော့လို့ရနေတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ကျွန်မအားလုံးကိုမေ့ပြီး ပျော်ချင်တိုင်း ပျော်နေမိပါတော့တယ်။ နိုင်ငံရေးဆိုတာ ဘာလဲမသိချင်၊ ကျောင်းသားအရေးဆိုတာ ကိုယ်နဲ့ဆိုင်တာမှတ်လို့ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မတက္ကသိုလ်မှာ နှစ်နှစ်တိတိ အယောင်ဆောင်လွတ်လပ်ရေးကြီးထဲမှာ နစ်မျောနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးနှစ် အရောက်မှာ ကျွန်မဟာ ကျောင်းမှန်မှန်လစ်၊ ဘော်ဒါများနဲ့ပျော်ပါးရင်း သတင်းတစ်ပုဒ်ကိုကြားမိလိုက်ပါတယ်။ ရတနာပုံတက္ကသိုလ်မှာ “ကျောင်းသားသမဂဖွဲ့လိုက်ပြီ”ဆိုတဲ့သတင်းပါပဲ။ ဒါနဲ့ ကျောင်းသားသမဂဆိုတာဘာလဲဆိုတာကို ကျွန်မ အပြင်းအထန် စဉ်းစားမိပါတယ်။ ပြင်ပစာပေတွေကို မလေ့လာဖြစ်၊ အဘစကားတွေနဲ့ ဝေးတာလည်းကြာပြီဖြစ်တော့ ကျွန်မရင်ခုန်မြတ်နိုးလေးစားခဲ့ရတဲ့အလံနဲ့သမိုင်းကို ဘယ်လိုမှ ပြန်အစဖေါ်လို့ မရခဲ့ပါဘူး။

တစ်ရက် ကျွန်မတို့သူငယ်ချင်းတွေနဲ့ စတုဒီသာဖျော်ရည်တိုက်ကြတဲ့ပွဲလေးတစ်ခုမှာ ကျောင်းသားနှစ်ယောက်က လာပြီးကူညီတာနဲ့ ကြုံရပါတယ်။ ဒီကျောင်းသားနှစ်ယောက်ထိုးထားတဲ့ ရင်ထိုးကအလံကိုမြင်လိုက်ရတဲ့တခဏမှာတော့ ကျွန်မ တော်တော်လေးကို တုန်လှုပ်သွားမိပါတယ်။ သူတို့ထိုးထားတဲ့အလံဟာ ကိုးတန်းကျောင်းသူဘဝက ကျွန်မစပြီး တောင့်တခဲ့ရတဲ့ အလံပါလား…။ ကျွန်မရဲ့ ရှေ့ဆောင်တွေခိုလှုံခဲ့တဲ့ ကျောင်းသားသမဂအလံပါလားဆိုပြီး ကျွန်မတော်တော်လေး ရင်ခုန်သွားခဲ့တယ်။ ဒါနဲ့ အဲဒီကျောင်းတွေကို မေးကြည့်လိုက်တော့ တစ်ယောက်က ရှင်းပြပါတယ်။ သူတို့ဟာ ကျွန်မတို့တက္ကသိုလ်က ကျောင်းသားသမဂအဖွဲ့ဝင်တွေဖြစ်တဲ့အကြောင်း၊ ကျောင်းသားထုအရေး၊ ပြည်သူလူထုအရေးကိုဆောင်ရွက်နေတဲ့ ကိုအောင်ဆန်းတို့မျိုးဆက်၊ ကိုဗဟိန်းတို့မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ(ဗကသ) အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဗကသရဲ့မူဝါဒငါးချက်အကြောင်းနဲ့ လက်ရှိမှာတော့ (ကျွန်မကိုနိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းလို့ပြောရင် ကျွန်မကြောက်သွားမှာစိုးလို့လို့ သူကပြန်ပြောပါတယ်) ပရဟိတအလုပ်တွေလုပ်နေကြောင်း တစ်နာရီနီးပါးလောက် သူကရှင်းပြပါတယ်။ အဲဒီမှာပဲ ကျွန်မက အဖွဲ့ဝင်ဖြစ်ချင်ပါတယ်လို့ မရည်ရွယ်ဘဲ ပြောမိလိုက်ပါတယ်။ သူကတော့ ချက်ချင်းမဆုံးဖြတ်ပါနဲ့ အပတ်စဉ် သမဂအစည်းအဝေးရှိတယ်၊ အဲဒီမှာ လေ့လာသူအနေနဲ့လာတက်ပါ၊ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မ လည်း သူနဲ့စကားပြောအပြီး သူတို့အဖွဲ့ ဈေးရောင်းပွဲတော်မှာ ရန်ပုံငွေဈေးရောင်းနေတယ်ဆိုလို့ လိုက်ကြည့်မိပါတယ်။ တကယ်ပါပဲ… ဈေးဆိုင်ခန်းရဲ့ရှေ့မှာ ကျွန်မ မြတ်နိုးနှစ်သက်ခဲ့တဲ့အလံတော်ဟာ တလူလူလွင့်လို့… ကျွန်မ လေးစားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကတော့ လူတစ်ရပ်စာ ဗီနိုင်းဓာတ်ပုံထဲကနေ ကျွန်မကို မိန့်မိန့်ကြီးကြည့်လို့ပေါ့…။

ဒီလိုနဲ့ ကျွန်မဟာ ကျောင်းသားသမဂနဲ့ စတင်ထိစပ်ခဲ့ပါတယ်။ လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မဟာသမဂရဲ့မူဝါဒငါးရပ်ကို ကျေလည်လာတဲ့အပြင်၊ အမျိုးသားနိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အမြင်ကိုပါ ထပ်လောင်းရရှိခဲ့ပါတယ်။ ကျွန်မကိုစည်းရုံးခဲ့တဲ့ ရဲဘော်ကလည်း အစမှာ ကျောင်းသားတွေဟာ နိုင်ငံရေးဆိုရင်ကြောက်ကြတဲ့အတွက် ဗကသရဲ့အမျိုးသားရေး/အမျိုးသားနိုင်ငံရေးကို သေချာမပြောပြခဲ့ဘဲ လူငယ်တွေစိတ်ဝင်စားမှုများတဲ့ ပရဟိတနဲ့သာ အရင်ဆုံးမိတ်ဆက်ပေးရကြောင်းပြောပါတယ်။ ဒါဟာ ကျွန်မနဲ့ ကျောင်းသားသမဂ(ဗကသ)ရဲ့ မိတ်ဆက်နိဒါန်းပဲဖြစ်ပါတယ်။ နောက်ဆောင်းပါးမှာတော့ ဗကသကြောင့် ပြောင်းလဲသွားရတဲ့ ကျွန်မရဲ့ ကျောင်းသားဘဝနဲ့ အတွေးအမြင်သဘောထားတွေကို ဆက်လက်တင်ပြပါမယ်။    

(မေလင်းခ)
https://www.facebook.com/may.mon.509


0 comments:

Post a Comment