ငြိမ်းချမ်းရေးလိုချင်သောပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်။
(၁)
သမ္မတဖြစ်သူက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမလား၊ မထိုးဘူးလား၊ မထိုးရင်တော့ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်၊ ဒီမိုကရေစီလည်းရမှာမဟုတ်၊ နိုင်ငံရေးဆွေးနွေးပွဲလည်း ဖြစ်လာမှာမဟုတ်၊ ၂ဝ၁၅ရွေးကောက်ပွဲလည်း မျှောလင့်မနေကြနဲ့-လို့ ခပ်မာမာ ပြောချလိုက်ပါပြီ။
ဗမာပြည်နဲ့ပတ်သက်တဲ့နိုင်ငံတကာ့အခြေအနေက ကောင်းလှတာမဟုတ်။ တခုတည်းသောအင်အားလွန်နိုင်ငံကြီးအမေရိကန်က အာရှပစိဖိတ်ဒေသထဲဝင်လာပြီး ပြဿနာတွေတခုပြီးတခု မီးမွှေးပေးနေချိန်။ ယူကရိန်းပကိစ္စ၊ အိုင်ဇစ်ကိစ္စ၊ အကြမ်းဖက်သမား ဇဝါဟာရီကြေညာချက် စတာတွေကလည်း ရှေ့ဆင့်နောက်ဆက် ပေါ်လာနေတယ်။ ထိုင်းအာဏာသိမ်းဗိုလ်ချုပ်ကြီးက ဗမာစစ်အုပ်စုနဲ့ ရွှေလမ်းငွေလမ်းဖောက်ချိန်လည်းဖြစ်တယ်။
ဒီအချိန်ဟာ နိုင်ငံကာကွယ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အားသွန်လုပ်ရမယ့်အချိန်ဖြစ်တယ်။ ကွဲလွဲချက်တွေကို အပေးအယူရှိရှိလုပ်ရမယ့်အချိန်ပဲ။
ဒါပေမယ့် ပြည်တွင်းမှာ ခရိုနီတွေကစီးပွားရေးသောင်းကျန်း၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား အခြေခံလူတန်းစားတွေနဲ့ သူတို့ကိုကူညီနေတဲ့တက်ကြွလှုပ်ရှားသူတွကို ဖမ်းဆီးထောင်ချမှုတွေ တိုးသထက်တိုးလာနေတယ်။
(၂)
ဒါပေမယ့် စစ်အုပ်စုဘာလုပ်နေသလဲ၊ ဗိုလ်သိန်းစိန်အစိုးရ ဘာပြဿနာတွေဖော်ထုတ်နေသလဲ။
ကာချုပ်မင်းအောင်လှိုင်က အချက်(၆)ချက်ဆိုတာ ထုတ်ပြန်လိုက်ပြီး ၂ဝဝ၈ အခြေခံဥပဒေပါအချက်အလက်တွေကိုလိုက်နာကြဖို့နဲ့ စစ်တပ်ကတော့ အခြေခံဥပဒေကို ကာကွယ်သွားမှာပဲဆိုပြီး အခွင့်သင့်တိုင်းပြောနေတာ တွေ့ရတယ်။
တကယ်က ဒီအခင်းအကျင်း ဒီတောင်းဆိုချက်တွေဟာ အသစ်အဆန်းတွေ မဟုတ်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ၊ ၈၁ ခုနှစ် ၂ဖက်တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဗကပကို-ဗိုလ်နေဝင်းတောင်းဆိုခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးတောင်းဆိုချက်တွေပဲ ဖြစ်တယ်။ အချက်အလက်သစ်တွေ၊ ဝေါဟာရသစ်တွေပြောင်းလာပေမယ့် အနှစ်သာရမပြောင်းပါဘူး။ လက်နက်ချဖို့ပဲဖြစ်တယ်။ လက်နက်ချပြီး ၂ဝဝ၈ အောက်ကို ဝင်ဖို့ပဲဖြစ်တယ်။
ဗိုလ်ခင်ညွန့်လက်ထက်ကတည်းက အခိုင်အမာစာချုပ်တွေမလုပ်ပဲ “လူကြီးလူကောင်းနားလည်မှု”ဆိုတာနဲ့လုပ်လာရင်းက ပြောစကားတွေ လက်တွေ့မဖြစ်လာတော့-စစ်အုပ်စုအပေါ် တိုင်းရင်းသားတွေကယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။
စစ်အုပ်စုက အဖွဲ့အစည်းတွေကို ကွဲအောင်လုပ်တယ်။ ကွဲအက်ရေးမှ ခွဲထွက်ရေးတွေဖြစ်လာအောင် ကြံဆောင်တယ်။ ခုတော့ မကွဲတဲ့အဖွဲ့ရယ်လို့ မရှိသလောက်ရှားသွားပြီ။
၂ဝ၁၅-ရွေးကောက်ပွဲ မနိုင် နိုင်မှန်းသိလာတော့ PR စနစ်ကို ပွဲထုတ်လာတယ်။ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက စနစ်(၇)မျိုးထိတင်ပြကြဖို့ ဆော်သြလာခဲ့တယ်။ လုပ်လာတယ်။ တကယ်က ဗမာပြည်မှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်ဆိုတာက မနုသီဟလို သတ္တဝါမျိုးသာဖြစ်တယ်။ ပါးစပ်တပေါက်ကမျိုချလိုက်တာတွေကို ကိုယ်ခန္ဓာ ၃ ခုက ဝေမျှစားနေကြတာသာဖြစ်တယ်။
တိုင်းရင်းသားတွေဘက်က တွေ့ဆုံဆွေးနွေးပွဲအောင်မြင်အောင် ကျားကုတ်ကျားခဲကြိုးစားတာ တွေ့ရတယ်။ တန်းတူရေး၊ တရားမျှတမှု ရရှိရေး၊ စိတ်ရင်းစေတနာမှန်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး စတဲ့အချက်တွေကိုတင်ပြခဲ့တယ်။
ဒါပေမယ့် အုပ်စိုးသူတွေဘက်မှာ ရှေ့ကအချက်(၃)ချက် မရှိခဲ့ဘူး။ ပွင့်လင်းမြင်သာမှုဆိုတာကိုတော့ ပေါ်ပေါ်ထင်ထင်ကြီးပြခဲ့ပြီ။ တပ်ပေါင်းစုတွေထဲ၊ အဖွဲ့အစည်းတွေထဲ သပ်လျှိုတဲ့အလုပ်ကိုလည်း အောင်အောင်မြင်မြင်လုပ်ခဲ့ပြီ။ နိုင်ငံရေးပါတီတွေလည်း လွှတ်တော်ထဲမှာခြေချုပ်မိနေကြပြီ။
အဲ့ဒီတော့ စားပွဲဝိုင်းမှာမရနိုင်တဲ့တောင်းဆိုချက်တွေတောင်းပြီး တချိန်တည်းလိုလို နိုင်ငံအနှံ့သေနတ်သံတွေပေးလာခဲ့တယ်။ တိုက်ကွက်တွေဖော်ပြီး တကွက်ပြီးတကွက်၊ တဖွဲ့ပြီးတဖွဲ့စားဖို့လုပ်လာတယ်။ အဲ့ဒီတော့ သူတို့ပြီးရင် ငါတို့ဆီ “တုတ်ဆက်”တော့မှာပဲဆိုတာကိုမြင်လာတဲ့ ဝနဲ့မိုင်းလားအဖွဲ့တွေက ကြိုတားတဲ့အနေနဲ့ ထိုးစစ်တွေရပ်ဖို့ တောင်းဆိုလာတာတွေ့ရတယ်။
ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ တိုင်းပြည်တိုးတက်စေချင်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေက ငြိမ်းချမ်းရေးကိုတောင်းဆိုလာကြတယ်။ ဒါတွေဟာ ကောင်းတဲ့ကိစ္စတွေဖြစ်လို့ ဗကပက ကြိုဆိုတယ်။ ထောက်ခံတယ်။
(၃)
ဒီမိုကိုရေစီပြဿသနာနဲ့ ပြည်ေထာင်စုပြဿနာဟာ ပြဿနာကြီးတွေဖြစ်တယ်။ ခု-ပါးစပ်ကပဲ ပြောဆိုနေကြပြီး သေနတ်နဲ့ပြောရမယ့်အချိန်တချိန် ရောက်လာနိုင်တယ်ဆိုတာတွက်ဆမိလို့ ဗကပက ၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့ (၄၊ ၁၊ ၂ဝ၁၃)မှာ “ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ(၂)-ခုကို ရှင်းရမယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစောင် ထုတ်ခဲ့တယ်။ ဖြည့်စွက်ရှင်းလင်းဖို့လိုလို့ (၂၂၊၁၊၂ဝ၁၃)မှာ “စစ်မနှ်သောဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ”လို့ ခေါင်းစဉ်တပ်ပြီး ဗကပရဲ့တင်ပြချက်ကို ထုတ်ပြန်ခဲ့တယ်။
အတွင်းသဘောက-
ဆန္ဒအလျှောက်စုစည်းတဲ့ ပြည်ထောင်စုဖြစ်ရေး၊ စစ်မှန်တဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားမျှတတဲ့အာဏာခွဲဝေမှုရရှိရေး၊ ပွင့်လင်းမြင်သာတဲ့ သဘာဝသယံဇာတတူးဖော်ရေး၊ အကျိုးစီးပွားကိုမျှဝေခံစားရေး၊ လုံခြုံရေးအတွက် လက်လက်ကိုင်တပ်ဖွဲ့ သင့်တင့်တဲ့အင်အားနဲ့ထားရှိရေးတို့လိုကိစ္စတွေမှာ ၂ ဖက်သဘောတူသည်အထိ ထိစေ့စပ်ညှိနှိုင်းကြရလိမ့်မယ်လို့ တင်ပြခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ပြည်ထောင်ပြဿသနာ၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးပြဿနာတွေဟာ ဆက်စပ်နေတယ်။
(၄)
တိုင်းပြည်အနှံ့၊ ကမ္ဘာအနှံ့ ဗမာပြည်သူတွေရဲ့ငြိမ်းချမ်းရေးအသံတွေပြန့်လွင့်လာခဲ့ပြီ။
ဒါပေမယ့် စစ်အုပ်စုရဲ့အာဏာရမ္မက်က တစက်ကလေးမှ လျော့ပါ့းမသွား၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖော်ထုတ်လာခဲ့သလို ပြည်မမှာ ညစ်နည်းပေါင်းစုံသုံးပြီး အာဏာကို ဆက်ထိန်းနိုင်ဖို့လုပ်နေတယ်။ ကိုယ်ကျိုးအတွက် ပြည်ပနိုင်ငံချို့နဲ့ ချိတ်ဆက်လုပ်လာတာတွေ များလာတယ်။ သူတို့ကို သတိပေးချင်တယ်။
-ပြည်ပကိုမှီခိုပြီး မိမိလူတန်းစားအကျိုးအတွက် ကစားကွက်ထွင်တဲ့နိုင်ငံရေးဟာ အန္တရာယ်ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတောင် ရအောင်မလုပ်နိုင်တဲ့သူတွေဟာ ပြည်ပရန်ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပဲ။
ငြိမ်းချမ်းရေးလိုချင်တဲ့ပြည်သူများအနေနဲ့ကတော့ ရရင်ရ၊ မရရင် ကုပ်ပေါ်ကမကောင်းဆိုးဝါးကို စည်းစည်းလုံးလုံးနဲ့တွန်းချလိုက်ဖို့ပဲ ကျန်ပါတော့တယ်။ ။
၁၃၇၆-ခု၊ သီတင်းကျွတ်လဆုတ် ၃-ရက် ဗဟိုစည်းရုံးရေးကော်မတီ ၂ဝ၁၄-ခု၊ အောက်တိုဘာ ၁၁-ရက် ဗမာပြည်ကွန်မြူနစ်ပါတီ။

0 comments:
Post a Comment