(ငှက်မွှေးသပ်)
လူပြောများတဲ့ လူလတ်တန်းစား Middle Class ဆိုတာကို ကျနော်ကတော့ အလယ်အလတ်လွှာလို့ခေါ်ရတာ အာပိုတွေ့ပါတယ်။ အလယ်အလတ်လွှာမှာမှ Upper and Lower Middle Class ဆိုပြီး ဓနအင်အားပေါ်တည်ကာ အလွှာ ၃ လွှာ ပြန်ခွဲတာလည်းတွေ့ရတယ်။ အဲ့ဒီ သူတို့ခွဲတဲ့အလယ်အလတ် ၃ လွှာစလုံးက ဓနအင်အား၊ ပိုင်ဆိုင်မှု၊ အခွန်ဆောင်တဲ့ပမာဏစတာတွေအပြင် အခြား ချိန်ထိုးတွက်ချက်ကြတဲ့ အချက်အလက်နဲ့အကြောင်းခြင်းရာတွေလည်း ရှိပါသေးတယ်။ တပြည်နဲ့တပြည် တိုင်းပြည့်ဆင်းရဲချမ်းသာပေါ်လိုက်ပြီး အလယ်အလတ်လွှာ ပိုင်းခြားသတ်မှတ်ချက်လည်း ကွာနေတာတွေ့ရမှာပါ။
ထားပါတော့ ဘယ်လိုပဲပြောပြော ခုပြောတဲ့ အလယ်အလတ်လွှာဆိုတာ ဓနအင်အားသာကွာချင်ကွာမယ် အဓိကသတ်မှတ်ချက်ကတော့ ဓနဥစ္စာနဲ့ပိုင်ဆိုင်မှုတွေအပေါ်အခြေခံတာဖြစ်ပြီး အတွေးအခေါ်အပေါ် အခြေခံပိုင်းခြားချက်မဟုတ်ဘူးလို့လည်း အကြောက်အကန်ငြင်းသူတွေ ငြင်းကြပါတယ်။ ဆိုတော့ ဒီလူ့အလွှာတွေမှာ သီးသန့်အတွေးအခေါ် အတွေးအမြင်နဲ့ ခံယူမှုတွေမရှိဘူး၊ သူတို့လည်း အခြားသူများနည်းတူ တွေးတယ်ခေါ်တယ်၊ ခံစားတယ်၊ တုန့်ပြန်တယ်၊
(ဒီ့ထက်ပို ပြောကြတာတွေမှာဆို) သူတို့က ဆင်းရဲသားတွေအတွက်ကယ်တင်ရှင် လူသားချင်းစာနာစိတ်အရှိဆုံးလူ နင်းပြားတွေနဲ့နီးစပ်စာနာသူစတာတွေအထိ အမွှမ်းတင်ကြတာလည်းရှိပါတယ်။ ကျနော်ကတော့ သူတို့မှာ သူတို့အလွှာရဲ့ဉာဉ် စရိုက်နဲ့အတွေးအခေါ် ရှိကိုရှိတယ်လို့ သတ်မှတ်ခံယူထားပါတယ်။
နောက်တချက်က ဘူဇွာ Bourgeoisie ပါ။ မြန်မာစကားလုံးနဲ့တော့ သီးသန့်ပြန်တာမရှိပဲ ဘူဇွာကို ဘူဇွာလို့ပဲ နားအလည်များကြပါတယ်။ စကာလုံးရင်းမြစ်ဘယ်ကလာ ဘာအဓိပ္ပါယ်ဆောင်ရာကနေ ဘယ်တော့မှ ဘာတွေဖြစ် စတာတွေကတော့ အများသိပြီးသားဖန်တရာထေမို့ ထားခဲ့ပါတော့။ မြန်မာမှုမှာ စူဇကာပုဏ္ဏားဆို လူမုန်းများပါတယ်။ ဒီကြားထဲ ဗိုလ်နေဝင်းက စူဇကာစစ်ဆင်ရေးဆိုပြီး ပုဂ္ဂလိကအရပ်သားပိုင် စီးပွားနဲ့ဓနဥစ္စတွေကို စစ်ဒမြတိုက်ချလိုက်တော့ စူဇကာနဲ့ဘူဇွာဟာ လူမုန်းပိုများရတဲ့ကိန်း ပိုဆိုက်ရတာပါ။ ဒီကြားထဲ စကားလုံးကိုက ပါးစပ်ကအသံထွက်ဖတ်ကြည့်ရင် အတော်သောက်မြင်ကပ်စရာအသံလည်း ထွက်ပါတယ်။ ဘူဇွာမှာလည်း အလယ်အလတ်လွှာလို ဘူဇွာဘုစုခရုလေးတွေရှိပြီး ဘူဇွာကြီးရင်တော့ အရင်းရှင်ကြီးဖြစ်တာပါ။ ဘူဇွာချွတ်တားလေးကို Petty-Bourgeoisie လို့ဆိုပြီး ဗမာလိုတော့ ဓနရှင်ပေါက်စလို့ပြန်ပါတယ်။ လူထုကြားထဲကျတဲ့ စကားလုံးပါ။ ဘူဇွာချွတ်တားလေး(ဓနရှင်ပေါက်စ)ကနေ ဘူဇွာဘူဒါးကြီး(လက်ဝါးကြီးအုပ် ဓနရှင်ကြီး) ဖြစ်လာရင်တော့ ဓနဥစ္စာအပေါ် အလွန်အမင်းလောဘဇောတိုက်မှု၊ အာဏာရမ္မက်ငန်းဖမ်းမှု၊ အပျော်အပါးအလွန်အကျူး လိုက်စားမှုစတဲ့လက္ခဏာတွေပေါ်လာပြီး ငတေမာအတွေးအခေါ်နဲ့ ပြည်ဖျက်ကောင်လူ့အန္ဓကနေ ကမ္ဘာဖျက်ရာဇဝတ်ကောင်ကြီးတွေအထိ တက်သွားတတ်တာ ကမ္ဘာစစ်ကြီးတွေကြည့်ရင် သိသာမှာပါ။
ဒီနေရာမှာပြောမယ်တွေးတာက Petty-Bourgeoisie ဓနရှင်ပေါက်စအတွေးအခေါ်ကိစ္စပါ။ အလယ်အလတ်လွှာတွေက သူတို့အကြောင်း စောင်းမြောင်းပြောတာလို့ထင်ရင် မှားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တည့်(ဒဲ့)ပြောနေတာဖြစ်လို့ပါပဲ။ ဟုတ်ပါတယ် သူတို့အကြောင်းဆိုတာ ကျနော့်အကြောင်းလည်း ဖြစ်ပါတယ်။ ကျနော့်မှာလည်း ဓနရှင်ပေါက်စအတွေးအခေါ်နဲ့အစွဲအလမ်းရှိနေလို့ပါပဲ။ ဓနရှင်ပေါက်စ အတွေးအခေါ်ဆိုတာ အခြေခံအားဖြင့်တော့ ဓနရှင်အတွေးအခေါ်လို့ပဲဆိုပါတော့။ အပေါ်မှာဆိုခဲ့တဲ့ ဓနလောဘဇော၊ အာဏာရမက်နဲ့အပျော်အပါးလိုက်စားလွန်းခြင်းစတာတွေမှာ ဓနရှင်ကြီးတွေနဲ့ သူမသာကိုယ်အသုဘတွေပါ။ ဒါပေမယ့် သူက ဓနရှင်ကြီးတွေထက်စာရင် ဘာနည်းနည်းသာသလဲဆိုတော့ လူထုအကျိုးတိုင်းပြည်အကျိုးကို တချက်တချက် ထည့်တွက်ဖော်လှည့်ကြည့်ဖော် အထိုက်အလျှောက်ရပါသေးတယ်။ အဲ့သလို လူထုအတွက်တိုင်းပြည်အတွက်လုပ်နေရင်းက ဂွင်လေးများပေါ်လာလို့ကတော့ ကိုယ်ကျိုးလေးပါ ကျွဲကူးရေပါ လုပ်ယူသွားတတ်တဲ့ဉာဉ်မျိုးရှိတာတွေ့ရမှာပါ။ တချို့ပြောသလို ဆီကိုင်တဲ့လက် ဆီပေတယ်..တို့။ ဒီလောက်ကြီးကိုယ်ကျိုးတွေစွန့်ခဲ့တာ ဒီလောက်လေးတော့ ခံစားသင့်ပါတယ်..တို့။ အများမိုးခါးရေပဲလေ…တို့ စတဲ့ စကားနဲ့တရားထူထောင် ကာကွယ်တာတွေလည်းတွေ့ရမှာပါ။
လူတယောက်ယောက်မှာ ဓနရှင်ပေါက်စအတွေးအခေါ် ဉာဏ် စရိုက် လုပ်ရပ်စတာတွေရှိခြင်းမရှိခြင်းဟာ သူမွေးဖွားကြီးပြင်းလာခဲ့တဲ့ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်ဆိုတာမှန်သလို၊ တကယ့်ကို ဆင်းရဲသားနင်းပြား ကျောမွဲအဝန်းအဝိုင်းကလာသူတချို့မှာလည်း အဲဒီစရိုက် ဉာဉ် အလေ့ စိတ်နဲ့လုပ်ရပ်တွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျဆိုရရင်တော့ ဓနရှင်ပေါက်စလို့ပြောပြော အလယ်အလတ်လွှာလို့ဆိုဆို အဲ့ဒီအလွှာကလူတွေမှာ အဲ့ဒီဉာဉ်မျိုးရှိတတ်တာများပါတယ်။
သမိုင်းဆရာဒေါက်တာသန်းထွန်းကတော့ “ဘူဇွာစိတ်ဆိုတာ ကုန်သည်ပွဲစားစိတ်၊ ငါ့အတွက် ဘယ်လောက်ကျန်မလဲကို အမြဲတမ်း တွက်ထားတဲ့စိတ်၊ ကိုယ်တွက်ချေနဲ့ကိုယ်။ သူများစကား နားမဝင်၊ သြဇာမပေးနဲ့၊ ငါလုပ်ချင်မှလုပ်မယ်၊ အဲဒါမျိုးကို ဘူဇွာစိတ်လို့ ခေါ်တယ်”ဆိုပြီးပြောခဲ့တာမှတ်သားဖူးပါတယ်။ ကျနော်အနေနဲ့ အဲ့သလောက်ထိ မပြောဝံ့ပါ။ သူက ဒေါက်တာသန်းထွန်းပါ။
ကျနော်ကတော့ အများအကျိုးလုပ်ရင်းကိုယ်ကျိုးရှာတဲ့စိတ်၊ ကိုယ်ကျိုးရှာတဲ့လုပ်ရပ်၊
ကိုယ်ကျိုးရှာတဲ့အတွေးအခေါ်ကို ဓနရှင်ပေါက်စစိတ်၊ ဓနရှင်ပေါက်စအလုပ် ဓနရှင်ပေါက်စနဲ့အတွေးအခေါ်လို့ပဲ ငှက်မွှေးနဲ့သပ်ပါတယ်။ (မှတ်ချက်။ အရေးတော်ပုံဂျာနယ်ကရတဲ့ အတွေးအမြင်နဲ့စကားလုံးများ)

0 comments:
Post a Comment