(နသားပါယားတလှည့် အာဘွားတလှည့်ပေါ်လစီ)
“ပတ်ဝန်းကျင်မှာ အင်အားကြီးပြီး လူဦးရေများတဲ့နိုင်ငံကြီးတွေရှိနေတာကို မေ့ထားလို့မရဘူး၊ တရုပ်က ဘယ်နှသန်း၊ အိန္ဒိယက ဘယ်နှသန်း၊ ဘင်္ဂလားဒေ့ရှ်က ဘယ်နှသန်း” လို့ပြောပြီး လူထုကို ပြည်ပရန်နဲ့လှည့်ခြောက်ရင်း အနောက်အုပ်စုကိုမျက်စပစ်တာတွေ တပ်ချုပ်လေး မင်းအောင်လှိုင်ဆီကကျလာပြီးနောက် ဒီမိုဆိုသူတွေပါလှိုင်လှိုင်သုံးလာတာ သတိထားမိတယ်။
တွေးရမှာက အဲ့ဒီပတ်ဝန်းကျင်နိုင်ငံ ဘယ်တနိုင်ငံကမှ ဗမာပြည်ကို နယ်ချဲ့သိမ်းပိုက် ကျွန်ဇာတ်သွင်းခဲ့တဲ့သမိုင်းမရှိဘူး။ လုပ်ခဲ့ကြတာက မိုင်ထောင်ချီဝေးတဲ့ နယ်ချဲ့အစိုးရတွေပဲ၊ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေပဲ။
အိန္ဒိယနဲ့တရုတ်ကြားမှာ စစ်ဖြစ်ခဲ့ဖူးကြတာမှန်ပေမယ့်၊ နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စတွေ ရှိတာမှန်ပေမယ့် ရန်တိုက်ပေးတိုင်း ထတိုက်ရလောက်အောင် ၂ ဘက်ခေါင်းဆောင်တွေ မမိုက်ကြဘူး။ ၂ ဘက်ပြည်သူတွေ နိုင်ငံရေးနိုးကြားမှုရေချိန်က အံ့စရာကောင်းလောက်အောင်မြင့်နေတယ်။ တရုတ်-အိန္ဒိယကြား မီးမွှေးမရမှန်းသိလို့ ကလင်တန့်လက်ထက်ပွား၊ ဂျော့ခ်ျဒဗလျူဘုရှ်လက်ထက်ကျန် နိုင်ငံခြားရေးပေါ်လစီကို အိုဘားမားလက်ထက်မှာ ရှင်ခန်းပြတ်တော့တာပဲ။
သူ့လက်ထက်မှာ ဗြောင်ကျကျ တရုတ်ကို ဦးတည်ရန်သူလုပ်ပြီး အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စစ်မီးမွှေးလို့ရရင်မွှေးမယ့် နိုင်ငံခြားရေးမူဝါဒခြေလှမ်းပြင်မှုတွေဟာ ဒေသကြီးတခုလုံးအတွက်
ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။
စစ်အေးခေတ်တလျှောက်လုံး အမေရိကန်မူဝါဒဟာ သူ့မြေပေါ် ကျည်တတောင့်မှအကျမခံပဲ ဒေသန္တိယစစ်ပွဲတွေဘေးတီးပေးပြီး စစ်ပေါ်ကနေ နိုင်ငံရေးစီးပွားရေးအမြတ်ထုတ်ခဲ့တာချည်းပဲ။ ခု တရုတ်နဲ့ပွဲက တကယ်ဖြစ်ဦးတောင် နှမ်းထွက်ကိုက်ပါ့မလားဆိုပြီး ဝေါ်ရှင်တန်မှာ ရင်ခံစရာဖြစ်နေပြီ။
တရုတ်က စစ်ကိုရှောင်ပြီး အမေရိကန်မှာ လွတ်လွတ်လပ်လပ်ရင်းနှီးမြှုတ်နှံခွင့်ရဖို့နဲ့ အမေရိကန်ဆီက အဆင့်မြင့်နည်းပညာတွေ ရနိုင်သမျှရရေးပေါ်အာရုံပိုထားတော့ ကုန်သွယ်စီးပွားရေး၊ ငွေကြေးနဲ့ နည်းပညာနယ်ပယ်တွေကလည်း အိမ်ဖြူတော်ရဲ့ရန်လိုမှုကို အင်တင်တင်ဖြစ်နေတယ်။ သတင်းတွေမှာ လူထုမျက်နှာကြည့်တဲ့ပညာရှင်တွေရဲ့ စကားဝိုင်းတွေနဲ့သုံးသပ်ချက်တွေမှာ မြင်နေကြားနေရတယ်။ အထူးသဖြင့် တရုတ်ကို ယွမ်ငွေတန်ဖိုးတင်ခိုင်းတာမရလို့ ဒေါ်လာငွေတန်ဖိုးကျအောင်ဆိုပြီး ငွေစက္ကူတွေ ရိုက်ထုတ်တာကို ဘဏ်အသိုင်းဝိုင်းတွေက မကြိုက်ဘူး။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်လို၊ ဥရောပ အာရှစတဲ့ဘဏ်ကြီးတွေ ငွေကြေးအဖွဲ့ကြီးတွေက နှာခေါင်းရှူံ့ကြတာပဲ။ ခြုံလိုက်တော့ ဒေါ်လာဈေးသာကျသွားပေမယ့် အမေရိကန်စီးပွားရေးက တက်မလာဘူး။ သူနဲ့ချိတ်ဆက်ထားတဲ့နိုင်ငံတော်တော်များများလည်း ပိန်မသာလိန်မသာပဲ။ နဂိုကမှ ဘာရွှေပေါင်မှမထား ဘာအာမခံချက်မှမရှိပဲ ယုံကြည်မှုတစ်ခုတည်းနဲ့ ကမ္ဘာသုံးငွေလိုဖြစ်နေတဲ့ ယူအက်စ်ဒေါ်လာအပေါ်မှာလည်း လူအများ သံသယ ဝင်တန်သလောက်ဝင်ကြပြီ။ တချို့နိုင်ငံတွေဆို နိုင်ငံခြားအရန်ငွေကို ယူရိုနဲ့ ပြောင်းထားလာကြပြီ။ တချို့ကတော့ ယူရိုတဝက်ဒေါ်လာတဝက်နှုန်း။
အိုဘားမားရဲ့နိုင်ငံခြားရေးပေါ်လစီမှာ လူထုထောက်ခံတဲ့ ခနတဖြုတ်အောင်မြင်ခဲ့တယ်လို့ ဆုပ်ဆုပ်ကိုင်ကိုင်ပြောနိုင်တာ တခုပဲရှိတယ်။ အီရတ်ကနေ အမေရိကန်စစ်သား အကုန်နီးနီးပြန်ရုပ်ပေးခဲ့တာပဲ။ ခုတော့ ပြန်ပို့နေရပြီ။ စစ်တိုက်ဖို့ပို့တာ မဟုတ်ပါဘူး ဘယ်လိုပြောပြော စစ်ပွဲရှိရာကို စစ်တပ်လွှတ်တာပဲ။ ဗမာပြည်ကိစ္စကို သူ့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုလို့ ကမ္ဘာပတ်ပြီး ဘယ်လောက်အမွှမ်းတင်တင် လက်တွေ့မှာမဟုတ်မှန်း အိုဘားမားကိုယ်တိုင်သိတာပါပဲ။ သိတဲ့အလျှောက် မျက်နှာလည်းပူ အရှက်လည်းကွဲတာပါပဲ။(အောင်သောင်းကိစ္စကိုကြည့်၊ အိုဘားမားရဲ့ နသားပါယားအလုပ်ခံရတဲ့ဖိုးသင်းမျောက်စစ်ဗိုလ်တွေကို ငါ့ဆီက လွယ်လွယ်နဲ့တော့ မရဘူးလို့သတိပေးတာလည်းပါသလို ရှက်ရမ်း ရမ်းတာလည်းပါတယ်။ ဗမာပြည်သူတွေကြိုက်မယ် (ဒေါ်အောင်ဆန်းစုကြည်လည်းလက်ခံမှာပဲ ကျိန်းသေပေါက် တွက်ပြီး) ထင်ပြီး လုပ်ထည့်လိုက်တာ ရည်မှန်းချက် မပေါက်သွားဘူး။ ဒေါ်စုက အောင်သောင်းဘက်ကရပ်လိုက်တော့ တွက်သလိုဖြစ်မသွားဘူး။ ပြည်သူတွေကတော့ ကိုယ့်ဂုတ်ခွစီး ကိုယ့်အသွေးအသားဝါးမြိုနေတဲ့ကောင်တွေကို ဘယ်သူ ဆုံးမမ ဘယ်သူ ဒဏ်ခတ်ခတ် အားရဝမ်းသာရှိကြတာပါပဲ။ အိမ်ဖြူတော်ရဲ့ နသားပါယားတလှည့် အာဘွားတလှည့်ပေါ်လစီဟာ ဘာမှန်းဆိုတာ ဗမာပြည်သူတွေသိခွင့်ရလိုက်တာလည်း အမြတ်ပါပဲ။
ပြန်ချုပ်ရရင် အာရှ ပစိဖိတ်ဒေသရဲ့ရှိနေတဲ့ပြဿနာတွေကို ဘေးတီးမီးမွှေးယပ်ခပ်ပြီး အမြတ်ထုတ်ဖို့ကြံရွယ်တဲ့ အိမ်ဖြူတော်ရဲ့ရန်လိုတဲ့နိုင်ငံခြားရေးပေါ်လစီကို သတိရှိကြဖို့ပါပဲ။ နိုးကြားကြဖို့ပါပဲ။ နေတတ်ကြဖို့ပါပဲ။ လောလောဆယ်မှာ ဆုံးဖြတ်နိုင်တဲ့အခွင့် (နိုင်ငံရေးအာဏာ)က စစ်အုပ်စုလက်ထဲမှာဆိုတော့ ဘာမှလုပ်မရဘူးလို့ မမြင်မိဖို့ပါပဲ။ အာဏာသူ့လက်ထဲရှိတာမှန်ပေမယ့် တိုင်းပြည်က အမျိုးသားသွေးစည်းညီညွတ်မှု အစည်းပြေနေတဲ့အချိန်ပဲ။ စစ်အင်အားဘယ်လောက်ရှိရှိ ခေါဘဏီတပ်ကြီး ဘယ်မျှကြီးကြီး အမျိုးသားစည်းလုံးညီညွတ်မှုမရှိတဲ့ပြည်ဟာ ဘယ် ပြည်ပကျူးကျော်မှုကိုမှ အောင်အောင်မြင်မြင် မတွန်းလှန်နိုင်ပါဘူး။
ဗမာပြည်(စစ်အုပ်စု)ကိုင်ပြီး ဗမာပြည်ရဲ့အိမ်နီးခြင်းတရုတ်ကို ကုန်းတွင်းပိုင်းကရန်လုပ်မယ့် အိမ်ဖြူတော်ရန်စောင်မှုကို သတိမပြတ်ဆင်ခြင်မိတာပါပဲ။ ချိန်ဆကြည့်ကြဖို့ပါပဲ။ (မျိုးမြင့်ချို)

0 comments:
Post a Comment