အိုဘားမားရဲ့ဒုတိယသက်တမ်း ၄ နှစ် မပြီးသေးပါ။ ကသောင်းကနင်း ကဖြဲကရုန်းနဲ့ အိုးနင်းခွက်နင်းတွေများလှတယ်။ သူ့သမ္မတပါဝါနဲ့လုပ်ချလိုက်တဲ့ လူဝင်မှုဥပဒေလည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်ဦးမယ်မသိ။ ပြည်နယ်အလိုက် မထောက်ခံတာတွေ ကွန်ဂရက်စ်ထဲမှာ အပြိုင်ဥပဒေတင်ဖို့လုပ်နေတာတွေလည်း ဖြစ်နေတယ်။
ဒီကြားထဲ လူဖြူပုလိပ်က လူမည်းအမျိုးသားကို (သတ်မှုလို့တော့ ပြောမဖြစ်သေး)သေတဲ့အထိ အကြမ်းပတမ်းကိုင်တွယ်မှု (တချို့ကတော့ ပုလိပ်အကြမ်းဖက်မှုလို့သုံးတယ်)ကလည်း ၂ ကြိမ်ဖြစ်တယ်။ မြို့ကြီးတွေပါ တစတစနဲ့ကူးလာနေတယ်။ ဆန္ဒပြတာနဲ့ဖြိုခွဲတာ အပေးအယူအလျှော့အတင်း လုပ်တာတွေလည်းရှိနေတယ်။ ဒါက ဘာမှမဆန်းဘူး။ ဖြစ်နေကြဟာမျိုးတွေပါပဲ။ တနေ့ကပဲ ကာကွယ်ရေးဝန်ကြီးကိုဖြုတ်တယ်။ ဒီမနက် အခြားတယောက်ပြန်ခန့်တယ်။ ဒါကလည်း ဘာမှမဆန်းဘူး။ ဖြစ်ရိုးဖြစ်စဉ်တွေ။
ကျေးဇူးတော်နေ့ ကြက်ဆင်လေးတွေ ဘေးမဲ့ပေးတဲ့ပွဲမှာ သမီးတွေဝတ်တာ အမြင်မတော်ဘူးပြောမိတဲ့မိန်းမလည်း ရာထူးကနှုတ်ထွက်သွားတယ်။ ပြောရရင် တခြားထွေလီကာလီတွေလည်း အများသား။ ဗမာပြည်အလှည့်အပြောင်းဟာ သူ့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုဆိုပြီးပြောတာကလည်း“မဟုတ်တမ်းတရား လေလုံးထွားတာ”ဆိုပြီး သတင်းစာထဲက အယ်ဒီတာ့ထံပေးစာတစောင်မှာ ခတ်လှောင်လှောင်ရေးထားတာတွေ့တယ်။
ခု သိုးသိုးသန့်သန့်ကြားနေတာက ဒီမိုကရက်ပါတီထဲမှာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ပါတီသမ္မတလောင်းအနေနဲ့တင်မှာ အမျိုးသမီး..တဲ့။ အဲ့အမျိုးသမီးက သူအရွေးခံရလို့ သမ္မတဖြစ်ခဲ့ရင် ဒုသမ္မတကိုလည်း အမျိုးသမီးကိုပဲခန့်မယ်..တဲ့။ ကမ္ဘာတဝှမ်းက အမျိုးသမီးအခွင့်အရေးတွေအတွက် အားသွန်ခွန်စိုက်လုပ်ပေးမတဲ့။
ထားပါတော့ အဲ့ဒါတွေ။ ပြောချင်တာက ကျနော်တို့ထောင်ထဲနေတုန်းက အမေရိကန်တို့ ဗြိတိန်တို့မှာ ရွေးကောက်ပွဲတွေလုပ်လို့ ဘယ်ပါတီက သမ္မတတွေဝန်ကြီးချုပ်တွေ ဘယ်သူတွေဖြစ်ကြတယ် ဘာညာကလည်း သတင်းကြီးအမျိုးအစားထဲပါတယ်။ ဗြိတိန်လေဘာပါတီက တိုနီဘလဲယားအရွေးခံရတုန်းကများဆို မနက်ဖြန်ပဲ လွတ်တော့မှာလိုလိုတွေပြောပြီး ထောင်ဝင်စာကအပြန် ကတဲ့သူတောင်ရှိသေးတယ်။ ဘာနှောင်ကြိုးမှမပါပဲ စောပြီး တကယ်လွတ်တယ်ဆို တရက်စောလွတ်လည်း တရက်စာတော့ပျော်မှာ သဘာဝကြပါတယ်။
အမေရိကန်မှာ ရီပတ်ဘလီကင်န်သမ္မတဖြစ်ရင် ခုပဲ တပ်ကြီးနဲ့ဝင်လာပြီး စစ်အာဏာရှင်တွေကိုတိုက်တော့မယောင်ယောင်၊ ဒီမိုကရက်သမ္မတဖြစ်လာရင် ခုပဲ အပေးအယူအလျှော့အတင်းတွေနဲ့ အပြောင်းအလဲတွေလုပ် အကျဉ်းသားတွေ လွတ်တော့မှာလိုလိုတွေလည်း ပြောကြတာပါပဲ။ ဘာအပြစ်မှမရှိပဲ ထောင်ထဲနေနေကြရသူတွေ ဆိုတော့ ဘာအနှောင်အဖွဲ့မှမပါပဲလွတ်ရမယ်ဆို မပျော်ဘယ်သူရှိလိမ့်မလဲ။
ကျနော်တို့ လွတ်ရေးမလွတ်ရေးကို နိုင်ငံကြီးတွေက ခေါင်းဆောင်အပြောင်းအလဲနဲ့ ယှဉ်ထိုးပြီးတွေးဆကြည့်ကြတာ ဘာမှ သိတ်အမှားကြီးမဟုတ်ပါဘူး။ မှားသွားလို့လည်း မလွတ်ရုံအပြင် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေရဲ့ကံကြမ္မာ ကျနော်တို့တိုင်းပြည်ရဲ့ကံကြမ္မာတခုလုံးကိုတော့ အဲ့ဒီလူတွေအပြောင်းအလဲနဲ့ အလဲအထပ်လုပ်တွေးနည်းကားတော့ ဘဝင့်ကိုမကျတာ ခုချိန်ထိပဲ။
ခုလည်း ကျနော်အပေါ်မှာပြောသလို လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အမျိုးသမီးသမ္မတ အမျိုးသမီးဒုသမ္မတွေဖြစ်လာရင် တို့ပြည်က အမျိုးသမီးတွေ အကာအကွယ်ပိုရလာလိမ့်မယ်တို့၊ အမျိုးသမီးထုကို ပစ်မှတ်ထား နှိပ်ကွပ်တဲ့ဥပဒေတွေကိုတိုက်ဖျက်ရာမှာ လုံးဝဥသုံအားကိုးရလိမ့်လို့များတော့ ယုံမှတ်ပုံအပ်တွေးမိတာမျိုး မဖြစ်စေ့ချင်တာပါပဲ။
ကိုယ့်အမျိုးသမီးထုကို အမှန်တကယ်အကာအကွယ်ပေးမှာဆိုရင်၊ ကိုယ့်အမျိုးသမီးထုကို အမှန်တကယ်အနှိပ်ကွပ်မခံရအောင်ဆိုရင် အမျိုးသမီးအခွင့်အရေးအပြည့်အဝ အာမခံချက်ပေးရမယ်။ အမျိုးသမီးအခွင့်အရေးဆိုတာ လူ့အခွင့်အရေးကိုပဲ အခြားအမည်နဲ့ခေါ်တာဖြစ်ကြောင်းအပြင် အမျိုးသမီးထုကိုသီးသန့်ညွှန်းဆိုတဲ့ (ဇနီးသည်များ၊ သားသည်မိခင်များ၊ လူမမယ်မိခင်များ၊ လင်စွန့်ခံမိန်းမများ၊ ဖခင်အမည်မပေါ် သားသမီးရှိမိခင်များ စသည်ဖြင့်)အခွင့်အရေးတွေဟာ ဘာတွေဖြစ်တယ်ဆိုတာကို အမျိုးသားတွေရော အမျိုးသမီးတွေပါ နားလည်သထက်နားလည်လာအောင် ပထမလုပ်ရလိမ့်မယ်။ တပြိုင်တည်းမှာ အမျိုးသမီးထုနဲ့အမျိုးသမီးကိုယ်စားပြု အသင်းအဖွဲ့တွေပါဝင်ပြုစုတဲ့ အမျိုးသမီးအခွင့်အရေးဥပဒေမျိုးထုတ်ပြန်ပြီး အတိအကျ ကာကွယ်ထိန်းမတ်ပေးရလိမ့်မယ်။ အဲ့ဒီဥပဒေဟာလည်း နိုင်ငံတကာစံတွေ လူ့အခွင့်အရေးစံတွေကိုအခြေခံပြီး စဉ်းစားတဲ့ဥပဒေမျိုးဖြစ်မှကောင်းမယ်။
ဘာသာရေး လူမျိုးရေးအခြေခံတဲ့ အမျိုးသမီးအခွင့်အရေးဥပဒေဆိုတာ တကယ်တော့ ဘာသာကြီး လူမျိုးကြီးဝါဒကြီးစိုးတဲ့လူ့အဖွဲ့အစည်းတွေက ဖိုဝါဒကြီးစိုးရေးသမားတွေ စိတ်အလိုကလာတဲ့ကိစ္စမျှသာပဲ။ အဲ့သလို ဥပဒေမျိုးဟာ အမျိုးကောင်းသမီးတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးသာထွက်စေပြီး အိမ်ထောင်ရေးမှာလည်း မေတ္တာအပေါ်အခြေခံပြီး ချစ်ခြင်းနဲ့တည်ဆောက်တဲ့အိမ်ထောင်သည်ဘဝမျိုးထက် ဥပဒေကြောက်လို့ဆိုတဲ့ အကြောက်တရားနဲ့တည်ပြီး စိုးရိမ်စိတ်ပြွမ်း အိမ်ထောင်သည်ဘဝမျိုးသာ ရကြဖို့ရှိတယ်။ အကြောက်နဲ့တည်ဆောက်တဲ့အိမ်ထောင်သည်ဘဝမှာ ပျော်ရွှင်ချင်းအတွက် ဘဝသုခအတွက်နေရာ ရှိနိုင်ပါ့မလား။
တကယ်တော့ မိန်းမနဲ့ယောက်ျားပေါင်းသင်းကြတယ်၊ အိမ်ထောင်ဘက်နဲ့ ချစ်သူရွေးချယ်ကြတယ်ဆိုတာဟာ(ဘာသာကိုးကွယ်ယုံကြည်ကူးပြောင်းစွန့်လွှတ်သလိုမျိုး) တသီးပုဂ္ဂကိစ္စမျှဖြစ်တယ်ဆိုပေမယ့် ၂ ဘက်စလုံးမှာ တန်းတူအခွင့်အရေးလည်းရှိ သိလည်းသိ ထိန်းလည်းထိန်းနိုင်မှ ပျော်ရွှင်တဲ့ဘဝသုခ ရမှာမဟုတ်လား။ တယောက်ကိုတယောက် တဘက်နဲ့တဘက် နိုင့်ထက်စီးနင်းမလုပ်သရွေ့ ဘာဥပဒေမှလိုပါဘူး။ လုပ်လာပြီဆိုရင်တော့ လိုလာပြီ။ ဘာသာရေးကြတော့ ဥပဒေဆိုတဲ့ကိစ္စဟာ စကားလုပ်ပြောရမယ့်အရာလို့ကို မရှူမြင်အပ်ဘူးမဟုတ်လား။
တဘက်နဲ့တဘက် တယောက်နဲ့တယောက် နိုင့်ထက်စီးနင်းလုပ်မရအောင် ကြပ်မတ် တားမြစ်ကာကွယ်ပေးမယ်ဆိုတဲ့ဥပဒေကိုယ်တိုင်က တဘက်စောင်းနင်းဖြစ်နေရင်တော့ အဲ့ဥပဒေမျိုးရှိတာထက် ဘာဥပဒေမှမရှိတာက လူသား ၂ ယောက်ရဲ့ ပေါင်းဖက်မှုအတွက် ပိုကောင်းတယ်လို့ပြောရမှာပဲ။
0 comments:
Post a Comment