ပြောချင်တာက ညောင်တုံးနဲ့ရံကင်းစံရာရွာက တို့ဗမာအစည်းအရုံးညီလာခံမှာတင်ခဲ့တဲ့ အဆိုတွေအကြောင်းပါ။ ဒါပေမယ့် နောက်ခံလေး နည်းနည်းဖြည့်မှ လုံးကောက်ဆဝါးမိနိုင်မှာမို့ အောက်ကအကြောင်းတွေပါ ပြောရတာပါ။
ညောင်တုံးမြို့ တဘက်ကမ်းမှာ ရံကင်းစံရာအမည်နဲ့ရွာကြီး တရွာရှိပါတယ်။ ညောင်တုံးက မြို့ဆိုပေမယ့် တို့ဗမာအစည်းအရုံးဖွဲ့တာမှာတော့ ရွာကြီးရန်ကင်းစံရာ က ဦးပါတယ်။ ရန်ကင်းစံရာရွာ တို့ဗမာအစည်းအရုံးဥက္ကဌက ဘုန်းတော်ကြီးဦးဝါသဝ၊ အတွင်းရေးမှူး သခင်ငွေသိန်းဖြစ်ပြီး သခင်လှမောင်၊ သခင်ထွန်းအေး၊ သခင်အုန်းဖေ၊ သခင်ထွန်းရင်တို့လည်း ညောင်တုံးမြို့သား (မောင်)ဖေဌေးတို့ထက်စောကာ သခင်ဘွဲ့ခံနှင့်ပြီးသူများ ဖြစ်ကြပါတယ်။
သခင်ဘွဲ့ခံမယ့်သူ (၁၅)ဦးပြည့်မှ မြို့နယ်အဆင့်တို့ဗမာအစည်းအရုံးဖွဲ့ခွင့် ရှိလေတော့ မောင်ဖေဌေးတို့တသိုက် မျိုးချစ်စိတ်ရှိမယ့်ကုန်သည်ပွဲစား(တနည်းပြောရရင် လူလတ်တန်းစားအမျိုးသားဓနရှင်ပေါက်စ)တွေဆီ ကြိုးကြိုးကုပ်ကုပ် နူးနူးညွှတ်ညွှတ် ချဉ်းကပ်ကြပြီးနောက် (၁၅)ဦးပြည့်တဲ့အခါ ညောင်တုံး(မြို့နယ်အဆင့်)တို့ဗမာအစည်းအရုံး ဖွဲ့စည်းနိုင်ပါတော့တယ်။ နာယကကြီး ဦးစန်းရင်၊ ဥက္ကဌ သခင်ဘဖြူ၊ အတွင်းရေးမှူး သခင်တင်ဦး၊ ဝါဖြန့်ချိရေးမှူး သခင်ဖေဌေး၊ ငွေထိမ်း သခင်ငြိမ်း၊ စာရင်းစစ် သခင်ဘိုးပု၊ အမှုဆောင်တွေက သခင်သန်း၊ သခင်ခန့်ကြီး၊ သခင်သန်းမောင်၊ သခင်ဖြူး၊ သခင်ကျော်စိန်၊ သခင်ချစ် စသူတွေဖြစ်ကြပါတယ်။
နောက် သိတ်မကြာခင်မှာပဲ ဒေါက်တာဘမော်(နောက်ပိုင်း ဂျပန့်ခေတ်အဓိပတိကြီး) ဒေါက်တာဘဦး(နောက်ပိုင်း လွတ်လပ်သောသမ္မတမြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတကြီး)တို့တတွေ နယ်ချဲ့သမားဆီခစားပြီး ဝန်ကြီးတွေဖြစ်နေချိန်မှာပဲ ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့ ကျောင်းသားပိတ်ဖြစ်ခဲ့တယ်။
ဒီနောက်ပိုင်း ကျောင်းသားနဲ့သခင်တွေစုစည်းမှုဟာ ပိုကျယ်ပြန့်လာပြီး နယ်ချဲ့ဆန့်ကျင်ရေးတရားပွဲတွေ တပြည်လုံးမှာဟုန်းဟုန်းတောက်တော့တာပဲ။ ဒီတော့ ညောင်တုံးသားသခင်တွေလည်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့
မောင်ထွန်းရှိန်(နောက်ပိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်)နဲ့ ဥက္ကကြီးသခင်ဘဖြူတို့တွဲပြီး တရားပွဲလုပ်ခဲ့ကြတယ်။
ရံကင်းစံရာရွာနဲ့ညောင်တုံး တို့ဗမာအစည်းအရုံး ၂ ခုက တာဝန်ယူပြီး မြို့နယ် တို့ဗမာအစည်းအရုံးညီလာခံကျင်းပခဲ့တယ်။ မအူပင်၊ ပန်းတနော်၊ ဓနုဖြူဘက်တွေက သခင်တွေလည်း ဧည့်သည်တော်တွေအနေနဲ့တက်ကြတယ်။ ရန်ကုန် တို့ဗမာအစည်းအရုံး ဌာနချုပ်ခေါင်းဆောင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်လှဘော်ကြီး၊ သခင်စိုး၊ သခင်လှဖေ၊ သခင်တင်မောင်(ကျုံမငေး)တို့ တက်ရောက် ကြတယ်။ (ဆရာကြီးမှိုင်းက ပုသိမ်ညီလာခံအသွား သခင်ဗစိန်+ထွန်းအုပ်ဂိုဏ်းသား သခင်ကျော်ရင် ချောင်းရိုက်ခံထိထားတဲ့အနာ မကျက် တကျက်ကြီးနဲ့လာတက်တာ)
ညီလာခံမှာတင်တဲ့အဆိုတွေက
၁) သီးစားခလျှော့ပေါ့ရေး
၂) အမတော်ငွေ တိုးတက်ရရှိရေး
၃) လယ်သမားတွေလက်ထဲမှာ စပါးတွေရှိနေတုန်း စပါးဈေးတိုးမြှင့်ပေးရေး
၎) စပါးတွေ လယ်သမားတွေလက်ထဲမရှိတော့ဘဲ ကုန်သည်ကြီး ဓနရှင်ကြီးများလက်ထဲစပါးများသိုလှောင်ထားချိန်မှာ
ဆန်ဈေး အထည်အလိပ်ဈေးများ ချပေးရန်နဲ့
၅) ၉၁ ဌာန အုပ်ချုပ်ရေးဖျက်သိမ်းပေးရန် တို့ဖြစ်ကြပါတယ်။
တောင်းဆိုချက် ၃ နဲ့ ၄ ဟာ အတော်မတရားမမျှတတဲ့ လယ်သမားတွေဘက်က တဘက်သတ် ဘက်လိုက်တဲ့ တဘက်စောင်းနင်းဆန်တဲ့ တောင်းဆိုချက်တွေလို့မြင်စရာ မဟုတ်လား။ ဟုတ်ပါတယ် နိုင်ငံ့အရေးမှာ ဘက်လိုက်ပါတယ်။ ဘက်လိုက်ရပါတယ်။ ဘက်လိုက်မှ ရပါတယ်။ ဘယ်ဘက်က လိုက်မလဲဆိုတာကတော့ ခင်ဗျား ဘယ်ဘက်က ရပ်သလဲဆိုတဲ့အပေါ်မှာပဲ တည်ပါတယ်။
ခုနှစ် စပါးပေါ်ချိန် ဗမာပြည်မှာ စပါးဈေးတွေ ဘယ်အထိထိုးကျသွားခဲ့သလဲဆိုတာ အထူးမပြောလိုပါ။ စပါးဈေးတွေကျတော့ လယ်သမားတွေအဖို့ လုပ်တာနဲ့ရတာမကာမိ မထေမိတော့တဲ့အဆုံး ရှိတဲ့လယ်လေးပေါင်နှံရင်း ဆုံး၊ အမျိုးသားမြေရှင်နဲ့ အရင်းရှင်တွေ လက်ထဲထိုးရောင်း၊ စစ်တပ်နဲ့ပုလင်းတူဗူးဆို့တွေက မြေသိမ်းယာသိမ်း၊ ဘဝတွေပါ အသိမ်းခံရ၊ မြေမဲ့ယာမဲ့ဘဝမဲ့တွေအဖြစ် မြို့ပေါ်မြို့နားတက် လက်လုပ်လက်စားလုပ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူနဲ့ အပြည်ပြည်အရပ်ရပ်မှာ မျက်နှာအောက်ချပြီး ဘဝနာနေကြတာတွေ ဘယ်သူ့မှမျက်ကွယ်ပြုလို့မှမရတာ။
အင်္ဂလိပ်နယ်ချဲ့သမား ဂျပန်ဖက်ဆစ်များမဟုတ်တဲ့ ကိုယ့်အမျိုးသားအုပ်စိုးတဲ့ပြည်ဆိုပေသိ အရင်းရှင်လူတန်းစား ကုန်သည်ပွဲစားဝါဒမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ၊ တပြည်ထဲဖွား ဘာညာစတာတွေကို သွေးစုပ်ချယ်လှယ်ရာမှာ မခွဲခြားပါဘူး။ တန်းတူအဖိနှိပ် တန်းတူသွေးအစုပ် တန်းတူအချယ်လှယ်ခံရပါတယ်။ ဒါ လူတန်းစားပြဿနာပါ။ လူတန်းစားကိစ္စမှာ လူမျိုးရေးမပြောနဲ့ အမျိုးအရင်း ခေါက်ခေါက်တောင် မချန်ပါဘူး။ စောင်မန်ခုတ် လက်ဝါးကြီးအုပ်တဲ့နေရာမှာ အရထူးရင် ဘနဖူး သိုက်တူးကြတာချည်းပါပဲ။
အကယ်၍ ဒီနှစ် စပါးပေါ်ချိန်က ဗမာ့လယ်သမားတွေ အပေါ်ကပြောတဲ့ တောင်းဆိုချက် ၃ နဲ့ ၄ ကိုကိုင်ပြီး လမ်းမတွေပေါ်ထွက်လာကြရင် ဒီမိုကရေစီအရေခြုံ အရပ်သား အယောင်ဆောင် ဗိုလ်သိန်းစိန်တို့စစ်အုပ်စု ဘာလုပ်မယ်ထင်သလဲ။ ဘယ် “ဘက်”က လိုက်မယ်ထင်သလဲ။
သူတို့ ဘက်လိုက်ကြပါတယ်။
ကျနော်တို့ ဘက်လိုက်မှ ရပါမယ်။
0 comments:
Post a Comment