Wednesday, December 3, 2014

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ်(၁၆)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁) ဆောင်းပါးအမှတ် (၁၆)   
ကြင်စဦးကာလများ
ဖေဖေနဲ့မေမေ့မင်္ဂလာပွဲကို စီစဉ်ပေးသူကတော့ ဖေဖေက သူ့အစ်ကိုကြီးတယောက်လို တသက်လုံးခင်မင်လေးစားခဲ့တဲ့ ဗိုလ်လက်ျာပါ။ အဲဒီတုန်းက ဗိုလ်လက်ျာက မကျန်းမာလို့ဆေးရုံတက်နေရပေမယ့် ဆေးရုံပေါ်ကနေ အစအဆုံးစီစဉ်ပေးပါတယ်။ ရန်ကုန်မှာရှိတဲ့ ဖေဖေ့အဒေါ်ကတော့ ဖေဖေက အမျိုးထဲကအကြီးအကဲနဲ့မင်္ဂလာကိစ္စ စီစဉ်ပေးဖို့ပြောပေမယ့် မေမေနဲ့သဘောမတူနိုင်ဖြစ်နေတဲ့အတွက် ဟိုရွှေ့ဒီရွှေ့လုပ်နေလို့ ဖေဖေက ဗိုလ်လက်ျာကိုပဲ အားကိုးခဲ့ရတာပါ။ မင်္ဂလာကိစ္စအတွက်သုံးဖို့ငွေကိုတော့ ဖေဖေ့မှာ ဘီအိုင်အေခေတ်က စီးခဲ့တဲ့မော်တော်ဆိုင်ကယ်ကိုရောင်းပြီး ရတဲ့ငွေ ငါးသောင်းနဲ့စီစဉ်ခဲ့ရတာပါ။ ငါးသောင်းကုန်မင်္ဂလာပွဲဆိုပြီး အထင်တော့ မကြီးလိုက်ပါနဲ့။ အဲဒီခေတ်က ဂျပန်ခေတ်ဆိုတော့ ဖရောင်းတိုင်တထုပ် ငါးရာလောက် ပေးနေရတာပါ။
မင်္ဂလာပွဲကို ဖေဖေတို့သာယာဝတီဆက် ခေါင်းဆောင်ကြီးသခင်မြအိမ်မှာ ကျင်းပပါတယ်။ သခင်မြရဲ့ဇနီးက မေမေတို့မိဘများနဲ့လည်း ရင်းနှီးပြီးဆွေမျိုးရင်းချာလို နေခဲ့ကြတာပါ။ ဒါကြောင့် သခင်မြတို့ဇနီးမောင်နှံကဦးစီးပြီး မင်္ဂလာပွဲကိုကျင်းပပေးတာပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မင်္ဂလာသြဝါဒစကားပြောကြားပြီး၊ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဦးနုတို့ဇနီးမောင်နှံက လက်ထပ်ပေးခဲ့ပါတယ်။
သခင်မြတို့က သားသမီးရတနာမထွန်းကားပါဘူး။ ဒါကြောင့် သူကိုယ်တိုင်လက်ထပ်မပေးဘဲ သားစုံသမီးစုံရှိတဲ့ဦးနုတို့ကို လက်ထပ်ပေးခိုင်း တာပါ။
ဆရာကြီးမှိုင်းက ရဲဘော်မသေ၊ သေသော်ငရဲမလားဆိုတဲ့ဆောင်ပုဒ်ကို ဘုရားဟောတရားတွေနဲ့ယှဉ်ပြီး မင်္ဂလာစကားပြောရာမှာ လွတ်လပ်ရေးအတွက်၊ အများကောင်းကျိုးအတွက် လူသတ်တာဖြတ်တာ အကုသိုလ်အလုပ်တွေဘယ်လောက်ပဲလုပ်လုပ် ငရဲမကျနိုင်ဘူးလို့ သြဝါဒစကားပြောခဲ့တယ်လို့မေမေက ပြန်ပြောပြဖူးပါတယ်။
လက်ထပ်ပြီးမင်္ဂလာ ဘိသိက်ရည်သွန်းပေးတော့ ဖေဖေက သူ့ဘောင်းဘီအိတ်ထဲက အနားတောင်သီမထားတဲ့ လက်သုတ်ပဝါအကြမ်းကြီး ထုတ်ပြီး လက်သုတ်သတဲ့။ မေမေက ဒါကိုကြည့်ပြီး“အမလေး ဗိုလ်ကျော်ဇော၊ ဗိုလ်ကျော်ဇောနဲ့ နာမည်သာကြီးပြီး၊ သားသားနားနား လက်ကိုင်ပဝါလေးတထည်တောင် မရှိပါလား”လို့စိတ်ထဲက စဉ်းစားမိဆိုပဲ။ မေမေက သူ့အဖေကြီးက အင်္ဂလိပ်အရေးပိုင်ရုံးမှာ ရုံးအုပ် စာရေးကြီးဖြစ်လေတော့ ရုံးတက်ရာမှာ သားသားနားနားခမ်းခမ်းနားနား ဂိုက်နဲ့စတိုင်နဲ့တက်တာတွေ တွေ့လာခဲ့ရတော့ ဖေဖေ့ကြည့်ပြီး စိတ်ပျက်မိတယ်ဆိုပဲ။
မေမေ့ကိုတွဲပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကပွဲထုတ်လာတုန်းကလည်း ဖေဖေ့ဘေးမှာထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖေ့ ရင်ဘတ်ကိုဖိပြီး“ကျော်ဇော ကျော်ဇော သတိထားနော် သတိထား”လို့နောက်ဆိုပဲ။
ဖေဖေက အဲဒီနေ့က ဂျပန်စစ်ဗိုလ်အဝတ်အစားနဲ့လက်ထပ်တာပါ။ ခေါင်းတုံးကြီးနဲ့မျက်နှာကြီးက ပြတ်မတတ်တင်းထားပြီး ဓားလွယ် ချိတ်ထားတဲ့ ဖေဖေရဲ့ အဲဒီနေ့ကဓာတ်ပုံကိုကြည့်ပြီး ကျွန်မအောက်က ညီမ ‘စန်း’က “မေမေကလည်း ဖေဖေ ဒီလောက်အရုပ်ဆိုး ကြောက်စရာကောင်းတာကြီးကို ယူခဲ့တာလား”လို့မေးတော့ မေမေက “အိုအေ ငါကြိုက်တုန်းက ဒီရုပ်မဟုတ်ပါဘူး”လို့ပြန်ဖြေပါတယ်။ ဖေဖေနဲ့မေမေတို့လက်ထပ်ပြီးနောက် ဦးဝိစာရလမ်းက တထပ်တိုက်လေးတလုံးမှာနေပါတယ်။ ဂျပန်အမြောက်တပ်ရဲ့ဘေးမှာဖြစ်လေတော့ တခါတလေ မဟာမိတ်လေယာဉ်ပျံတွေ လာဗုံးကြဲရင် ဂျပန်လေယာဉ်ပစ်အမြောက်တွေက အဲဒီအဝိုင်းထဲကနေ ပြန်ပြန်ပစ်တာ ညလုံးပေါက်တတ်တယ်လို့ဆိုပါတယ်။
ဖေဖေက မျက်နှာထားတင်းလွန်းလို့ အဲဒီကာလက ဖေဖေရဲ့ရဲဘော် သူငယ်ချင်းလူပျိုတွေဖြစ်ကြတဲ့ ဗိုလ်ရန်အောင်တို့ ဗိုလ်ရဲထွဋ်တို့က မေမေ့ကို မကြာခဏ လာစတတ်၊ နောက်တတ်သတဲ့။ ဗိုလ်ရဲထွဋ်က “နေစမ်းပါဦး၊ ခင်ဗျားလူကြီးက ခင်ဗျားနဲ့နှစ်ယောက်တည်း စကားပြောတဲ့အခါ ပြုံးရောပြုံးတတ်ရဲ့လား”လို့စသတဲ့။ မေမေက “အို ပြုံးတတ်ပါတယ်တော်။ ရှင်တို့ကိုသာ ပြုံးမပြတတ်တာ။ ကျွန်မနဲ့ စကားပြောလို့ကတော့ ရီပြုံးနေတာပါတော်”လို့ကက်ကက်လန်ပြန်ပြောရင် သူတို့တတွေက တဟားဟားနဲ့သဘောကျနေတတ်သတဲ့။
ဖေဖေက အဲဒီကာလက အဖြစ်အပျက်တခုကို ကျွန်မကို ပြန်ပြောပြထားတာရှိပါတယ်။ ဖေဖေတို့လက်ထပ်ပြီးနောက်နေ့မှာ ဖေဖေက ရုံးတက်ဖို့ပြင်ဆင်နေတုန်း ဖိနပ်စီးဖို့ကုလားထိုင်မှာထိုင်လိုက်တော့ မေမေက ဖေဖေ့ကုလားထိုင်ဘေးကကြမ်းပေါ်မှာ ဒူးလေးတုပ်ထိုင် လိုက်သတဲ့။ ဖေဖေက “ဘာလုပ်မလို့လဲ”မေးတော့၊ မေမေက “ဖိနပ်စီးပေးမလို့လေ”လို့ဖြေသတဲ့။ သူက သူ့အဖေကြီးရုံးတက်ရင် ဘွတ်ဖိနပ်ကို သူစီးပေးလေ့ရှိတော့ ဖေဖေ့ကိုလည်းစီးပေးဖို့လုပ်တာလေလို့ ဖေဖေကပြန်ပြောပြပါတယ်။ ဖေဖေက မေမေစီးပေးတာမခံဘဲ မလိုပါဘူး။ ကိုယ့်ဟာကိုယ်စီးမှာပါလို့ ပြောရဆိုပဲ။
အဲဒီအိမ်လေးမှာ မေမေတို့လက်ထပ်ပြီး၁ လကျော်လောက်ပဲ နေရပြီး၊ ဖေဖေတို့ ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်ရတော့မှာနဲ့ မေမေ့ကို သုံးဆယ်က မိဘများအိမ်ပြန်ပို့ပါတယ်။ အဲဒီတုန်းက ဖေဖေက ပဲခူးမှာတာဝန်ကျလေတော့ အဲဒီကနေ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ မော်တော်ဆိုင်ကယ်နဲ့ ကိုယ်ရံရဲဘော်လေးနဲ့အတူ သုံးဆယ်ကိုပြန်လာတတ်ပါတယ်။ ဂျပန်တော်လှန်ရေးနီးလာတော့ ဖေဖေ့အစီအစဉ်နဲ့ မေမေက မိဘများနဲ့ခွဲပြီး တယောက်တည်း ဆွေမျိုးတော်စပ်သူတွေမရှိတဲ့ ဒေါဝိရွာလေးမှာ သွားပုန်းနေရပါတယ်။
မေမေ့မိဘများက သုံးဆယ်မြို့မျက်နှာဖုံးတွေဖြစ်ကြတော့ လူတော်တော်များများကသိတဲ့အတွက် ဖေဖေက မေမေ့ကို သူ့မိဘများနဲ့အတူ မထားတာပါ။ ဂျပန်ကိုတော်လှန်ရမှာနဲ့ ဂျပန်အလိုတော်ရိတွေကလက်တို့လိုက်ရင် တမိသားစုလုံးဒုက္ခရောက်မှာစိုးလို့ပါ။ မေမေ့အဖေက မေမေကို အဲသလို တယောက်တည်းခွဲထားရတော့ မျက်နှာသုတ်ပဝါကြီးလည်ပင်းပတ်ပြီး“အစကတည်းက ဒီဒုက္ခတွေမြင်လို့ဒီကောင့်ကို မယူပါနဲ့လို့တားတာ”လို့ပြောပြော ငိုပါသတဲ့။ နောင်တော့ မေမေဟာ တယောက်တည်းပုန်းမနေတော့ဘဲ ဖေ့ဖေ့မိသားစုနဲ့အတူသွားပေါင်းပြီး သုံးဆယ်ပတ်ဝန်းကျင်မှာရှိတဲ့ ဥက္ကံ၊ ဒေါဝိ၊ ဖိုးခေါင်ဆိုတဲ့ရွာတွေမှာ လှည့်ပြီးစစ်ပြေးခဲ့ပါတယ်။ မေမေနဲ့ဖေဖေ ဂျပန်တော်လှန်ရေးအတွင်း တယောက်နဲ့တယောက် အဆက်ပြတ်သွားပြီး ဂျပန်တော်လှန်ရေးပြီးမှ သုံးဆယ်က မေမေတို့အိမ်မှာပြန်ဆုံကြရပါတော့တယ်။
၁၅-၆-၂ဝ၁ဝ

0 comments:

Post a Comment