Thursday, December 11, 2014

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ် (၁၉)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးအမှတ် (၁၉)        
မိဘဘိုးဘွား မေတ္တာ

မေမြို့ အထူးဗိုလ်သင်တန်းကို ဖေဖေတို့တတွေ သုံးလတက်ပြီးနောက် နဂိုမူရင်း သံလျင်ကတပ်ရင်းကို ပြန်ကြရပါတယ်။ မေမေနဲ့ကျွန်မကတော့ သုံးဆယ်ကို ပြန်ခဲ့ရပါတယ်။

အဲဒီသံလျင်တပ်ရင်းမှာ ပြန်နေရင်းမှာပဲ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အစိုးရတဖွဲ့လုံးနီးပါး လုပ်ကြံခံရ ပါတော့တယ်။ ဖေဖေတို့တပ်ရင်းလည်း ရန်ကုန်လုံခြုံရေးအတွက် တာဝန်ပေးခြင်းခံရပြီး အင်းစိန်ဂေါ်ရာကုန်းကို ပြောင်းရွှေ့ခဲ့ကြရတယ်။

အဲဒီဂေါ်ရာကုန်းကို ဖေဖေတို့ပြောင်းလာပြီးနောက် အင်္ဂလိပ်တပ်မှူးများလည်း အလျှိုလျှိုပြန်ကုန်ကြတာကြောင့် ဖေဖေက တပ်ရင်းမှူး ဖြစ်သွားပြီး တထပ်တိုက်ကလေးတလုံးလည်း နေထိုင်ဖို့ရရှိတဲ့အတွက် သုံးဆယ်ကမေမေ့ကို ပြန်ခေါ်ပါတယ်။ ဒီအခေါက်မှာတော့ မေမေ့အဖေ(ကျွန်မတို့အခေါ် ဘဘကြီး)က ကျွန်မကိုမခွဲနိုင်ဘူးဆိုပြီး ခေါ်ထားလိုက်ပါတော့တယ်။

အဲဒီအချိန်မှာ မေမေက ကျွန်မအောက်ညီမ ‘စန်း’ကိုယ်ဝန် ရှိနေပပြီ။ ဒါ့ကြောင့် မေမေက ကျွန်မကို နို့ဖြတ်ပါတယ်။ ကျွန်မကလည်း အမေနို့မှ အမေနို့၊ ဘာအစားထိုးထိုး မရဘဲ၊ ငိုချည်းပဲနေတော့ အဘိုးက “အမလေးဗျာ၊ ကိုယ့်နို့ကိုယ်တိုက်ရတာ ဝယ်ရတာလည်း မဟုတ်၊ ကျုပ်တို့များ ၄-၅ နှစ်သားအထိ မအေ့နို့ဆွဲတုန်းပါ”လို့မေမေကို ဆူသတဲ့။ ဒါကြောင့်ပဲ မေမေက ကျွန်မကို သုံးဆယ်မှာခွဲထားခဲ့ရင် နို့အလိုလိုပြတ်မှာနဲ့ ဖေဖေ့နောက် လိုက်သွားခဲ့ပါတယ်။ နို့တောင်ဖြတ်မရတဲ့သမီးကို ထားခဲ့မှာမဟုတ်ဘူးလို့တွက်ခဲ့တဲ့အဘိုးဟာ ဘယ်လိုမှ မတတ်နိုင်တော့ ပါဘူး။ ကျွန်မကလည်း အငိုသန်တော့ ကျွန်မအဘွားက သနားလို့ဆိုပြီး သူ့နို့ကိုတိုက်ရာကနေ နို့ပြန်ထွက်လာတယ်လို့ ဆိုပါတယ်။ ကျွန်မကို ကျွန်မအမျိုးတွေက အဘွားနို့ရည်ဝင်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ သြော် သားသမီးအချစ် မြေးအနှစ်အဆိုရှိသလိုမို့လား။

မေမေကလည်း သူ့အကြောင်းနဲ့သူမို့သာ ခွဲရတာ၊ ဘယ်ခွဲချင်ပါ့မလဲ။ ဒါကြောင့်ပဲ သောကြာနေ့ ဖေဖေရုံးဆင်းတာနဲ့ ညလော်ကယ်ရထားစီးပြီး သုံးဆယ်ပြန်ပို့ပေးခိုင်းတတ်ပါတယ်။ တနင်္ဂနွေနေ့ ညရထားနဲ့မှ ပြန်လာတတ်ကြပါတယ်။ အပတ်စဉ်ဖြစ်လာတော့ ဖေဖေကလည်း အလုပ်များတော့ တခါတလေပင်ပန်းလွန်းလို့ နောက်အပတ်တော့ မသွားပါနဲ့တော့ကွာလို့ မေမေ့ကိုပြောတတ်သတဲ့။ မေမေကလည်း အင်း အင်း ကောင်းပပြီလိုဆိုပေမယ့် ကြာသပတေးနေ့လောက်ရောက်လာရင် လူက မနေနိုင်တော့ဘူးတဲ့။ သောကြာနေ့ ဖေဖေရုံးဆင်းလာတာနဲ့ မေမေက သွားဖို့လာဖို့ အကုန်စီစဉ်ထားပြီးပြီတဲ့။ ဖေဖေကလည်း ဘယ်လောက်မောမော မေမေ့အလိုပဲလိုက်ရတော့တာပါပဲတဲ့။

တခါတော့ ဖေဖေက အစည်းအဝေးပြန်တက်ဖို့ရှိတော့ ဒီအပတ်တော့ မသွားပါနဲ့တော့ကွာ၊ နောက်အပတ်မှသွားကြရအောင်လို့ မေမေ့ကို ချော့သတဲ့။ မေမေက အင်မတန်စိတ်မြန်တာ “ကဲ ရှင်လိုက်မပို့နိုင်လည်း ကျုပ်ဟာကျုပ်တယောက်တည်းသွားမယ်၊ ဘူတာရုံပဲလိုက်ပို့”လို့ ဆိုသတဲ့။ ဖေဖေကလည်း “ကဲ ဒါဖြင့်လည်းသွား၊ ကိုယ်လာကြိုနိုင်တော့ လာကြိုပါ့မယ်”လို့ဆိုပြီး မေမေကို တယောက်တည်း သုံးဆယ် ပြန်ခိုင်းလိုက်သတဲ့။ ပြီးတော့ တပတ်လည်းလာမကြို၊ နှစ်ပတ်လည်းလာမကြိုနဲ့ နောက်တတိယပတ်ရောက်လာတော့ မေမေက အဖော် ခေါ်ပြီး(သူ ဖေဖေနောက် ပထမဆုံးလိုက်စဉ်ကလိုက်ပို့ခဲ့တဲ့ သူ့အစ်ကိုခန့်) သူ့ဟာသူပဲ ပြန်လာရဆိုပဲ။

မေမေက ဖေဖေကို တခါတလေ ရန်တွေ့သေးသတဲ့။ “ရှင်တို့ယောကျာ်းတွေက အမေတွေနဲ့တော့ ဘယ်တူပါ့မလဲ။ ကျုပ်တို့က ကိုးလလွယ်၊ ဆယ်လမွေးခဲ့ရတာ၊ သမီးလေးကိုထားခဲ့ရပေမယ့် ဘယ်ခွဲနိုင်ပါ့မလဲ”ဆိုတော့ ဖေဖေက “ကိုယ်လည်း အိပ်ရာပေါ် ကန့်လန့်ဖြတ် အိပ်အိပ် နေတဲ့သမီးလေးကို မျက်စိထဲက မထွက်ပါဘူးကွာ” လို့မျက်စိမျက်နှာမကောင်းဘဲ ပြန်ပြောသတဲ့။ အဲဒီနောက်တော့ မေမေလည်း ဖေဖေ့ကို သနားသွားလို့ ကလေးကိစ္စ စကားမများတော့ပါဘူးတဲ့။

ဖေဖေက တခါတလေ စည်းကမ်းတွေချတာ များလွန်းလို့ မေမေက မလိုက်နာနိုင်ရင် “သုံးဆယ်အိမ်ပြန်မယ်၊ သုံးဆယ်အိမ်ပြန်မယ်”နဲ့ ပြောတတ်လွန်းလို့ တခါတော့ ဖေဖေကလည်း ဘာစိတ်အခန့်မသင့်ဖြစ်နေလည်းမသိ။ “အဲဒီ သုံးဆယ်အိမ်ကြီး မီးထဲပါသွားပါစေဗျာ”လို့ ကျိန်လိုက်သတဲ့။ မေမေလည်း အဲဒီကတည်းက လန့်သွားပြီး ထပ်အကျိန်ခံရမှာစိုးလို့ သုံးဆယ်အိမ်ပြန်မယ်လို့ မပြောရဲတော့ဘူးလို့ ကျွန်မကို ပြန်ပြောပြဖူးပါတယ်။ အဲဒီကာလကတော့ ဖေဖေနဲ့မေမေ အိမ်ထောင်ကျစဖြစ်လို့ တယောက်အထာတယောက်မသိ ဖြစ်နေဟန်ရှိပါတယ်။

ဒီနေရာမှာ ကျွန်မအဘိုးအကြောင်း ပြောပြရပါဦးမယ်။ အဘိုးက မေမေ ဖေဖေနဲ့မေတ္တာရှိနေပြီး ဖေဖေက လာတောင်းတော့မယ်လို့ဆိုတော့ “သူ့ကို နင့်အရင် ငါကြိုက်တာ၊ စစ်တပ်က ထွက်ခဲ့၊ ငါပုဆိုးဆီးဆင်မယ်။ စစ်သားနဲ့တော့ မပေးစားနိုင်ဘူး”လို့တင်းခံခဲ့ပေမယ့် သားမက် ဖြစ်လာတော့ အတော်ချစ်ရှာတယ်တဲ့။ ဖေဖေက မေမေနဲ့ခွဲနေရင် စာကတပတ်တစောင် ရေးသတဲ့။ စာကိုလည်း မှတ်ပုံတင်ပြီးပို့တာဆိုတော့ စာပို့သမားက (မေမေတို့နဲ့ကလည်း ငယ်ငယ်ကတည်းကသိခဲ့တာဆိုတော့) အဝေးကြီးကတည်းက “စိန်စိန်ရေ စာပါတယ်။ ဖောင်တိန်ယူခဲ့။ လက်မှတ်ထိုးဖို့”လို့ အော်တတ်တယ်တဲ့။ အဲဒီတော့ ဖေဖေ့စာ မေမေဆီရောက်လာပြီဆိုရင် မသိချင်မှအဆုံး အားလုံးသိကြတာပါ။ အဲဒါ မေမေ့အဖေက “ဟဲ့ စာထဲမှာ ဘာတွေရေးထားသလဲ”လို့ မေးတတ်သတဲ့။ “သြော် သူ့တပ် ပြောင်းရရွှေ့ရတဲ့အကြောင်း တွေပါ”စသဖြင့် မေမေက အလွယ်ပြောရင် အဘိုးကမကျေနပ်ဘဲ “ဟဲ့ သူ့စာက အထူကြီးပါ။ ဒါပဲလား”လို့မေးတတ်သေးဆိုပဲ။ မေမေက “သူက သူ့စာကို အစီရင်ခံစာကြီးတစောင်လိုရေးတာ၊ တပတ်လုံး ဘယ်သွားတယ်။ ဘယ်လာတယ်။ ဘာစားတယ်နဲ့ စုံနေတာပဲ”လို့ ကျွန်မကို ပြောပြ ဖူးပါတယ်။

သံလျင်တပ်ရင်း ၃ မှာ ဖေဖေနေတော့ အင်္ဂလိပ်တပ်နဲ့ပေါင်းလိုက်ရတာဆိုတော့ အင်္ဂလိပ်တွေရတဲ့ရာရှင်တွေ (ရိက္ခာတွေ)ရတတ်ပါတယ်။ အရက်မှ အကောင်းစားတွေ ရတာပါ။ ဖေဖေက သုံးဆယ်ပြန်လာရင် ယောက္ခမကိုမျက်နှာလုပ်ဖို့ အဲဒီအရက်ပုလင်းတွေ ပါလာတတ်ပါတယ်။ (ရမ်တွေ၊ ဝီစကီတွေ၊ ဝိုင်တွေ) အကောင်းစားတွေဆိုတော့ အဘိုးက တပြုံးပြုံးနဲ့သူ့အိပ်ရာဘေး ကြွက်လျှောက်မှာ စီပြီးတင်ထားသတဲ့။ ရုံးက မိတ်ဆွေတွေနဲ့စုပြီး ဝိုင်းဖွဲ့စားကြသောက်ကြရင်း အတော်ပျော်ဆိုပဲ။ ရုံးက မိတ်ဆွေတွေက ဒီလိုဆိုတော့ သားမက်က အတော်သိတတ် ပါလားလို့ အဘိုးကိုများ ဖားလိုက်ရင် အဘိုးကသိပ်ကျေနပ်ဆိုပဲ။ တဟဲဟဲ နေတာပဲတဲ့။

ဖေဖေသုံးဆယ်ပြန်လာမယ့်နေ့ ကြိုသိလို့ကတော့ ကျွန်မအဘွားဟာ အစောကြီးထ၊ ဈေးသွားပြီး ပုစွန်တုပ်ကြီးတွေ၊ ငါးခူတွေ မရရအောင် ဝယ်။ ဖေဖေကြိုက်တတ်တဲ့ ပါစွန် (ငါးအသေးလေးတွေကို ချဉ်အောင်လုပ်သိပ်ထားတာ၊ ငါးပိမဖြစ်ခင်)ကို ရှာဝယ်၊ ကြော်တဲ့ဟာ ကြော်၊ ချက်တဲ့ဟာချက်၊ သုတ်တဲ့ဟာသုတ်နဲ့ တမနက်လုံး မီးဖိုချောင်ကမထွက်ဘဲ ချက်ပြုတ်ခဲ့ဆိုပဲ။ သြော် အဘိုးတို့အဘွားတို့ တဦးတည်းသမီးကို ချစ်လွန်းတော့လည်း သမီးချစ်သူကို ဝိုင်းချစ်ရဟန်တူပါတယ်။ ဒါလည်း မိဘမေတ္တာတမျိုးပေါ့လေ။
၁၃-၇-၂ဝ၁ဝ

0 comments:

Post a Comment