၂ဝ၁၄ ဒီဇင်ဘာ ပထမနဲ့ဒုတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
(လူတိုင်းမှာ အာဇာနည်ရှိတယ်)
ဦးအောင်ဆန်းနဲ့တကွ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ခေါင်းဆောင်တွေကို (အာဏာရ အစိုးရအဆက်ဆက်၊ စစ်အုပ်စုအဆက်ဆက်က) အာဇာနည်တွေအဖြစ်သတ်မှတ်ပြီး အလေးအမြတ်ပြုကြသလို စစ်အုပ်စုအဆက်ဆက်က လုပ်ကြံသတ်ဖြတ်ခဲ့လို့ကျဆုံးခဲ့ကြရတဲ့ လူနည်းစုလူမျိုးစုခေါင်းဆောင်တွေကိုလည်း အာဇာနည်တွေအဖြစ် လူမျိုးစုတွေကသတ်မှတ် အလေးအမြတ်ပြုကြတာပါပဲ။ ဗမာပြည်မယ် စစ်အုပ်စုလုပ်ကြံလို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရတဲ့လူမျိုးစုတွေမှာ ခေါင်းဆောင်ကအစ ရွာသားလေးအဆုံးထိ ရှိကြတာချည်းပဲ။ လူမသိအောင် အလုပ်ခံထားရလို့သာ မပေါ်လွင်ရတာပဲ။
အစိုးရသတ်မှတ်တဲ့အာဇာနည်နေ့ကြ အစိုးရထိပ်သီးတွေနဲ့ အဆင့်ဆင့်သောအုပ်ချုပ်ရေး ယန္တရားကအလိုတော်ရိက လူတွေလာစုရုံးတန်းစီခိုင်း ဦးညွှတ်ခိုင်းတယ်ဆိုတာမှာ အလေးအမြတ်ပြုစေ့ချင်တဲ့ရည်ရွယ်ချက်ထက် “ဗမာပြည်မှာ အာဇာနည်ဆိုတာ ဒီလူတွေကလွဲလို့ ဘယ်သူမှမရှိ”ဆိုတဲ့သဘော စွဲမြဲသွားအောင် ဦးချိုးနံနှိမ်တာပိုကဲတယ်။ လူနည်းစုလူမျိုးစုတွေရဲ့ အာဇာနည်တွေကိုကြ အာဇာနည်အဖြစ်သတ်မှတ်ပေးဖို့ဝေးစွ တရားဝင်ကျင်းပခွင့် ဦးညွှတ်ခွင့်ပေးရိုး ရှိခဲ့သလား၊ ရှိသလား၊ ပြန်တွေးကြည့်ဖို့ပါပဲ။
ဦးညွှတ်ခိုင်းရာမှာလည်း ဦးအောင်ဆန်းကို နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင် လူထုခေါင်းဆောင် အမျိုးသားခေါင်းအဆာင်အဖြစ်ထက် ဗိုလ်ချုပ်အောင်ဆန်း၊ စစ်ခေါင်းဆောင်၊ စစ်ဗိုလ်ကြီး၊ စစ်တပ်ထူထောင်သူစတဲ့အနက်တွေ မထွက် ထွက်အောင်လုပ်ထားတာလည်း ထင်ရှားနေတာပဲ။ အလေးပြုတိုင်တာတောင် “ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ” ဆိုတာကိုကြည့် သိသာနေတာပဲ။ ဒါဟာ စစ်ဝါဒနဲ့စစ်ဗိုလ်ကျမှုကို မူလတန်းရွယ်ကျောင်းသားလေးရဲ့ဦးနှောက်ကနေ ခေါင်းဖြူစွယ်ကျိုးပါမောက္ခအိုကြီးရဲ့
အသိစိတ်ထဲအထိမြဲသွားအောင်လုပ်တဲ့ စစ်ဝါဒဖြန့်နည်းပဲ။ သိမြင်ရုန်းထွက်နိုင်သူနည်းပေမယ့် သိကြတယ်။
စစ်အုပ်စုကတော့ လုပ်မှာပဲ။ စစ်ဝါဒထူထောင်ရေးကိုး။
ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်မှာ မဟုတ်လား။
စစ်တပ်ကို သိက္ခာရှိတင့်တယ်တဲ့စစ်တပ်နေရာ ပြန်ပို့ဖို့မဟုတ်လား။
ဒါဆို စစ်အုပ်စုက လုပ်ကြံသတ်ဖြတ်လို့ကျဆုံးသွားခဲ့တဲ့ လူနည်းစုလူမျိုးစုအာဇာနည်တွေနဲ့ အာဇာနည်နေ့တွေကို အသိအမှတ်ပြုတာ၊ ဝိုင်းကူဖော်ထုတ်ကြတာ၊ အဲ့ဒီနေ့တွေ အတူပါဝင် ဆင်နွှဲကြတာ၊ အလေးအမြတ်ပြုဦးညွှတ်ကြတာတွေ လုပ်မှကောင်းတယ်။
လုပ်ထိုက်တယ်။ လုပ်လည်း လုပ်ရမယ်။
ပါးစပ်ကနေ “ဗမာတွေပဲကိုယ်စားပြုတာမဟုတ်ပါဘူးတို့၊ တတိုင်းပြည်လုံးအတွက်ပါတို့၊ လူမျိုးစုအားလုံနဲ့ဆိုင်ပါတယ်တို့”ဆိုတာတွေကို နှုတ်တက်ရွရွဘယ်လောက်ပဲ အာဂုံဆောင်ပေ့စေ စစ်အုပ်စု အမျက်သိုငြိုjငင်မစိုးလို့ လူမျိုးစုအာဇာနည်တွေကို ဗြောင် အသိအမှတ်မပြုဝံ့တာ၊ အဲ့သလိုအခမ်းအနားတွေကို လက်ရှောင်ကြတာ၊ ဗြောင် မထောက်ခံဝံ့ဘူးဆို ဘယ်လူမျိုးစုက ကိုးစားလိမ့်မလဲ၊ ဘယ်လူမျိုးစုက လက်တွဲဝံ့လိမ့်မလဲ၊ ဘယ်လူမျိုးစုက ယုံယုံရဲရဲရှိပါ့မလဲ။ တွေးစရာပါ။ ဒါ အာဇာနည်နဲ့ပတ်သက်တဲ့ ကိစ္စပဲ။ ကိစ္စဆိုပေမယ့် ကိစ္စလေးတော့မဟုတ်။ ကိစ္စမှ တကယ့်အကြီး ကြီးပါ။
ဆိုတော့ ကျနော်တို့ပြောပြောနေတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြားနေရာများနည်းတူ ခုပြောတဲ့နေရာကနေလည်း စမှတ်သဘောထားပြီး ဆက်ထွက်သွားလို့ရတာပါပဲ။
ဦးအောင်ဆန်းနဲ့တကွအာဇာနည်များကိုလည်း အလေအမြတ်ပြုဦးညွှတ်
လူနည်းစုလူမျိုးစုအာဇာနည်များကိုလည်း အလေးအမြတ်ပြုဦးညွှတ်ကြဖို့သာပဲ။

(ပြောင်းပြန်ဆန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး)
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ လွတ်လပ်ရေးရစကတည်းက အစည်းပြေခဲ့တဲ့ အမျိုးသားညီညွတ်ရေးကို မရမနေပြန်တည်ဆောက်ရမှာကိုပြောတာပါ။
လုပ်ရမှာကလည်း လူများစု ဗမာလူမျိုးစုနဲ့ လူနည်းစုလူမျိုးစုတွေကြားမှာလုပ်ရမယ့် နိုင်ငံရေးအလုပ်ပါ။
စစ်တပ်နဲ့လုပ်ရမှာက စစ်တန်းလျားပြန် ခေတ်မီဂုဏ်သိက္ခာရှိ ပရိုဖက်ရှင်နယ်တပ်ဖြစ်လာရေးပဲ။ နိုင်ငံရေးအလုပ်မှ မဟုတ်တာ။
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရအောင် စစ်တပ်က နိုင်ငံရေးအင်အားစုမဟုတ်သလို ဘယ်လူမျိုးစုကိုမှကိုယ်စားပြုလို့မှ မရတာ။
စစ်တပ်ဆိုတာ တမျိုးသားလုံးက စစ်စစ်မှန်မှန်ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အစိုးရကိုနာခံဖို့ပဲ။
ခုကပြောင်းပြန် အမျိုးသားပြန်လည်သင့်မြတ်ရေးတစာစာအော်ပြီး
လူမျိုးစုကိုယ်စားပြုအဖွဲ့အစည်းတွေ ပါတီတွေနဲ့တွေ့ဖို့လက်တွန့်သလောက် စစ်အုပ်စုနဲ့ကြ တွေ့ပါရတွေ့ပါရစေ ခြေသလုံးဖက်နေကြတဲ့အဖြစ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ နိုင်ငံရေးအလုပ်
လူမျိုးစုတွေအကြားလုပ်ရမှာ။
စစ်တပ်နဲ့က စစ်တန်းလျားပြန် ဂုဏ်သိက္ခာရှိ နိုင်ငံတကာအဆင့်မီတပ်မတော်ဖြစ်ရေးလုပ်ရမှာ။

တလင်မယားတို့ ရာသက်ပန်ရိုးမြေကျတို့ဆိုတာ ဥပဒေကလာတာမဟုတ်။ ချစ်ခြင်းမေတ္တာအခြေခံတဲ့ လိင်မှုဘဝ၊ စီးပွားရေးဘဝနဲ့ လူ့မျိုးဆက်အရှည်သဖြင့် တည်တန့်ပြန့်ပွားရေးတွေအတွက် လူယောက်ျားနဲ့လူမိန်းမတို့ရဲ့ပေါင်းစည်းမှုက လာတဲ့အရာပဲ။ လင်ခန်းမယားခန်းပြတ်တဲ့အခါ ကွယ်လွန်ကြတဲ့အခါ စီးပွားခွဲခြင်းနဲ့အမွေဆက်ခံမှု စတဲ့ကိစ္စမျိုးတွေတော့ ဥပဒေပြဌာန်းထားဖို့လိုကောင်းလိုမှာပဲ။ ချစ်ခြင်းမေတ္တာကို ဥပဒေပြဌာန်းလို့ မရဘူး။ မပြဌာန်းကောင်းဘူး။ မပြဌာန်းအပ်ဘူး။ ပြဌာန်းလာရင် ဆန့်ကျင်ရမှာပဲ။
ဘယ်သူ့ကိုပဲချစ်ရမယ်၊ ဘာလူမျိုး ဘာသာဝင်နဲ့ပဲ စုံမက်ရမယ်၊ ဘယ်အမျိုးအစားလူနဲ့ပဲ လိင်မှုပြုရမယ်၊ လူမျိုးဘာသာ မတူရင် တူအောင်အရင်လုပ် ပြီးမှ ချစ်ကြ၊ စုံမက်ကြ၊ လိင်မှုပြုကြဆိုတာလောက် လူ့အခွင့်အရေးချိုးဖေါက်တာ လူ့ချစ်ခြင်းမေတ္တာအပေါ် ချုပ်ကိုင်စေစား တင်တင်စီးစီး နိုင်လိုမင်းထက်ပြုတာရှိဦးမလား။
မိန်းမ/ယောက်ျား တယောက်ထက်ပိုယူပိုင်တဲ့၊ ကွာရှင်းပြတ်စဲမှုကို ဓလေ့ထုံးတမ်းအရ ခွင့်ပြုထားတဲ့လူ့အစုအစည်းတွေမှာမဆိုထားနဲ့ တလင်တမယားစနစ်ကို အခိုင်အမာထောက်ခံပြီး “ဘုရားသခင်အလိုတော်အားဖြင့် ပေါင်းစည်းအပ်သောအရာကို လူ့အလိုအားဖြင့် မကွဲကွာစေရ”ဆိုကာ ဘာသာတရားသွန်သင်မှုနဲ့နှောင်ဖွဲ့အပ်တဲ့ ရှေးရိုးခရစ်ယာန်တွေ ကြီးစိုးတဲ့အရပ်မှာတောင် ကျောင်းတော်ကလက်ထပ်မပေးရင် ရုံးတော်မှာ၊ ကျောင်းတော်ကကွာမပေးရင် ရုံးတော်မှာ သွားလက်ထပ် သွားကွာရှင်းပြတ်စဲလို့ရနေတာပဲ။
ဆိုတော့ လူယောက်ျားလူမိန်းမ ၂ ဦးရဲ့ ချစ်ခြင်းမေတ္တာထဲ စုံမက်မြတ်နိုးလိင်မှုဘဝထဲကို ဥပဒေခေါင်းမြီးခြုံပြီး အစွန်းရောက်ဘာသာရေး လူမျိုးရေးအယူအဆတွေသွတ်သွင်းပြီး (အထူးသဖြင့်) အမျိုးသမီးထုကို နှိပ်ကွပ်ဖိစီးမယ်များတော့ မကြံလေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။
မိမိလင်သား အငယ်အနှောင်းထားတာ၊ မိန်းမလိုက်စား အပျော်အပါးကျူးတာ မိမိတို့အိမ်ထောင်ရေးရဲ့ ပုဂ္ဂလဘဝပုဂ္ဂလိကပြဿနာထက် ကျော်ကြည့်ချင်ရင် အခြားကြည့်စရာရှူထောင့်တွေရှိပါတယ်။ ဖြေရှင်းရမယ့်နည်းနာတွေလည်း ရှိတယ်။ ဒါကို တလင်တမယားဥပဒေကိုင်ပြီး ခြိမ်းခြောက်ဖြေရှင်းလို့ရမယ်မထင်လေနဲ့။ ပိုဆိုးသွားမယ့် အလားအလာတွေ ဖြစ်မလာဘူးမဆိုနိုင်ဘူး။ ဥပဒေတိုင်းမှာ ခြွင်းချက်ရှိတာလည်း သတိရှိဖို့ပါပဲ။
မိန်းမတွေကို အမျိုးသမီးအခွင့်အရေးအပြည့်အဝ၊ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်ရေး၊ သူတပါးအမှီခို(တတ်နိုင်သမျှ)ကင်းရေးအတွက်ဇောင်းပေးတဲ့ စီမံကိန်းနဲ့လုပ်ဆောင်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အလုပ်တူ အရည်အချင်းတူရင် ခံစားခွင့်တူရေးတွေ၊ တန်းတူပညာရှာဆည်းပူးခွင့်တွေ၊ ကျား/မ တန်းတူအခွင့်အရေးတွေ အခြေအနေတွေသာ ဖန်တီးပေးပါ ဖော်ဆောင်ပေးပါ။ လင်ဆိုတာဘာ၊ လင်မှန်ရင် ဘယ်စံရှိရမယ်၊ အိမ်ထောင်ရေးစံသတ်မှတ်ချက်၊ အမွေဆက်ခံခွင့်၊ လင်ခန်းမယားပြတ်စဲခြင်း၊ အမွေဆက်ခံခြင်း စတာတွေအကုန်လုံး သူတို့ဘာသာသူတို့တောင်းဆို တိုက်ပွဲဝင်လာကြမှာပဲ။ တိုက်လည်းတိုက် တောင်းလည်းတောင်းရမှာပဲ ဒါမှလည်း သင့်မြတ်မှန်ကန်မှန်ပဲ။
“မိန်းမတွေက သူတို့နစ်နာနေတာတွေ သူတို့ဆုံးရှူံးနေတာတွေကိုမသိလို့ ဘုန်းဘုန်းတို့က ရဟန်းတန်မယ့် ဃယာဝါသဥပဒေကိစ္စတွေလိုက်ပြောနေရတာ”ဆိုတဲ့ ပေါင်ခြံကြားဆင်းချလာတဲ့ကိုယ်တော်တွေလည်း နဂိုထားခဲ့တဲ့ သံဃာစင်ပေါ်ပြန်သွားကြရုံပဲ။ နောင်လည်း ဆင်းလာစရာမလိုတော့ဘူး။

သာသနာသန့်ရှင်းရေးက ထောက်ပံ့ကြည့်ရှူမယ့်သားသမီး မရှိ၊ ဆွေမျိုးကျောထောက်နောက်ခံ မရှိ၊ ခိုလှုံစရာလူအိုရုံ မရှိ၊ နိုင်ငံတော်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်မရှိတဲ့ မင်းဆိုး စနစ်ဆိုးကြောင့် ခိုကိုးရာမဲ့ထမင်းငတ်လို့ ကတုံးတုံး မယ်သီလဝတ်စုံဝတ်၊ ယောဂီဝတ်စုံဝတ်ပြီး သူဖုန်းစားလိုတောင်းရမ်းစားသောက် ကိုယ့်ဝမ်းကိုယ်ကြောင်းနေကြရရှာတဲ့ အမယ်အို အဘွားအိုတွေက စရမှာမဟုတ်ဘူး။
သာသနာ့သန့်ရှင်းရေးက မိမဲ့ဖမဲ့ ညာတကာမဲ့ ဆင်းရဲချွတ်ခြုံကျ နင်းပြားဘဝတွေကမွေးဖွားလာပြီး စာသင်ခန်းထဲရှိနေရမယ့်အရွယ်ကို ကလေးအလုပ်သမား၊ ကလေးစစ်သား၊ ကလေးပြည့်တန်ဆာနဲ့ ကလေးသူတောင်းစားတွေဘဝရောက်အောင်ပို့တဲ့ မင်းဆိုးစနစ်ဆိုးကြောင့် ကတုံးလေးတုန်း ကိုရင်ဝတ်သင်္ကန်းလေးစည်းပြီး မိသားစုကိုတောင်းရမ်းရှာဖွေကျွေးနေတဲ့ လူမမယ်ကိုရင်လေး မယ်သီလလေးတွေက စရမှာမဟုတ်ဘူး။
သာသနာ့သန့်ရှင်းရေးက စာတတ်ပေတတ်(ဘုန်းကြီးစာ၊ လောကီပညာ) စတာတွေ တတ်တယ်ဆိုတဲ့၊ ဇိမ်ခံကားတွေနဲ့ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့
ကျောင်းကြီးတွေနဲ့ အေးဓမြတိုက်လို့ရတဲ့ သောက်သောက်လဲဝင်ငွေတွေနဲ့ စည်းဇိမ်တွေယစ်ပြီး လောကဖျက် နိုင်ငံဖျက် ပြည်ဖျက်ရွာဖျက် အမုန်းတရားဟော လူသတ်အားပေးနေတဲ့၊ ဘိက္ခုရဟန်းတပါးရဲ့ ခြိုးခြံချွေတာမှု အကျင့်သီလစင်ကြယ်မှု လောကီလောကုတ္တရာ လူသားတို့ကောင်းကျိုးဆောင်မှုစတာတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့၊
မြတ်ဗုဒ္ဓရဲ့ဓမ္မနဲ့ သံဃာ့အစုအသင်းဝင်အဖြစ် လားလားမျှမထိုက်တန်တဲ့ မင်းဆရာ ရာဇဂုရုလို့ဆိုတဲ့ ထိပ်သီး ဘုန်းကြီးအာဏာရှင်တွေကနေ အစ၊
အလတ်တန်း ဘုန်းကြီးအာဏာပိုင်အဆင့်ဆင့်အလယ်
လေးတိုင်စင်ကျောင်းနဲ့ ခွန်နှစ်အိမ်တန်းမှာဗိုလ်ကျနေတဲ့ဘုန်းကြီးအဆုံး
သေချာကျန စိစစ်သန့်စင်ပစ်ခြင်းကနေ စရမှာပါ။
အဲ့ဒီလုပ်ငန်းကြီးကိုလည်း ဘုန်းကြီးနဲ့အစိုးရ (ဓမ္မစက်နဲ့အာဏာစက်)ဆိုတဲ့ ပုလင်းတူဗူးဆို့တွေကလုပ်ရမှာ မဟုတ်ဘူး။
ပညာတတ် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ လူဒါယိကာ ဒါယိကာမတွေကနေ လုပ်ရမှာ။ အထူးသဖြင့် အမျိုးသမီးထုက စလုပ်ရင် အကောင်းဆုံးပဲ။
ရာဇဝတ်မှုကျူးလွန်တဲ့ဘုန်းကြီးဆိုးဆို ရဲလက်အပ် တရားလိုလုပ်တရားစွဲ တရားရုံးပစ်ဒဏ်ပေးတာတွေအထိဖြစ်အောင် လုပ်ရမှာ။
လုပ်တဲ့အဆင့်တိုင်းမှာလည်း အာဏာပိုင်နဲ့ပင်းပီး လွတ်ထွက်မသွားအောင် သေသေချာချာအနီးကပ်စောင့်ကြည့် ထုတ်ပြန်တာတွေလုပ်မှရမယ်။ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာကသိအောင် အလေးထားသတိမူမိလာအောင်အထိလုပ်နိုင်ရင် ပိုတောင်ကောင်းသေးတယ်။
အခု ထိုင်းမှာ လုပ်နေတာတွေကြည့်။ အောက်ခြေက ငတ်လို့ အယောင်ဆောင် တောင်းရမ်းစားသောက်နေတဲ့သာသနာ့အရေခြုံပုဂ္ဂိုလ်တွေက စတာမဟုတ်ဘူး။ ခေါင်တွေကို စကိုင်တာ။ နတ်နေကိုင်းတွေ စခုတ်တာမျိုးပါ။
ဗမာပြည်မှာလည်း ထိုနည်းနှင်နှင် စမှ ဖြစ်တော့မှာပါ။

0 comments:
Post a Comment