Tuesday, December 16, 2014

လွှတ်တော် ဝဋ်ဆင်းရဲမှာ ဇွတ်ဆွဲပြီး မနေကြပါနဲ့ (တူမောင်ညို)

0 comments
လွှတ်တော် ဝဋ်ဆင်းရဲမှာ ဇွတ်ဆွဲပြီး မနေကြပါနဲ့ (တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)

အတိုက်အခံများအတွက် လွှတ်တော်တွင်းနိုင်ငံရေးကား လမ်းဆုံးနေချေပြီ၊  ရှေ့ခရီး ဘယ်လိုဆက်ကြမလဲ။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ်ကချမှတ်ခဲ့တဲ့ “တာဝန်ကြီး ၃ ရပ်” (ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး)ကို လွှတ်တော်တွင်းမှာ
ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ကြသလဲ၊ ထိရောက်တဲ့အကျိုးသက်ရောက်မှု ဘာတွေရရှိခဲ့သလဲဆိုတာ ဒီချုပ်ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဆန်းစစ်သင့်ပါတယ်။ ဆန်းစစ်ရရှိလာတဲ့အချက်တွေကို ပြည်သူအများသိရှိအောင် တင်ပြအစီရင်ခံသင့်ပါတယ်။

အောင်မြင်မှုရရှိခဲ့တဲ့ ရည်မှန်းထားချက်တွေက ဘာတွေလဲ။
မျှော်မှန်းထားပြီး မရရှိခဲ့တာတွေကဘာတွေလဲ။ ဘာကြောင့် အောင်မြင်မှုတွေရရှိခဲ့ပြီး၊ ဘာကြောင့်မရရှိခဲ့သလဲ၊ ဘယ်လို ပြုပြင်သွားမှ၊ ဘယ်လိုနည်းလမ်းနဲ့ပြောင်းလဲဆောင်ရွက်နိုင်မှ ရည်မှန်းချက်တွေ ပေါက်မြောက်နိုင်မလဲစသဖြင့် အချက်အလက်ရှိရှိဆန်းစစ် လေ့လာ သုံးသပ်တင်ပြသွားသင့်တယ်လို့မြင်ပါတယ်။

လွှတ်တော်တွင်းနိုင်ငံရေး “မျှော်လင့်သလောက်မဖြစ်ဘူး”ဆိုတာ ဒီချုပ်ပါတီဥက္ကဋ္ဌအပါအဝင် ဒီချုပ်လွှတ်တော်အမတ်တွေ ကိုယ်တိုင် ထုတ်ပြောနေတာဖြစ်ပါတယ်။ ဒီလိုတော့လည်း ဖြည့်စွက်ပြောပါသေးတယ် “လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်၊ထိရောက်မှု မရှိတာ၊ ပြောတဲ့အတိုင်း၊ တောင်းဆိုတဲ့အတိုင်းဖြစ်တာ၊ မဖြစ်တာက သပ်သပ်၊ ဒီလို လွတ်လွတ်လပ်လပ် တိုင်းသိပြည်သိတင်ပြနိုင်တာကိုယ်က တိုးတက်မှုပဲ” တဲ့။ ဘယ်လိုပဲပြောပြော အနှစ်သာရကတော့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူး၊ လွှတ်တော်ထဲမှာ အလုပ်မဖြစ်ဘူးဆိုတာ ငြင်းခုန်စရာမလိုအောင် ထင်ရှားနေပါပြီ။

ဒီချုပ်လွှတ်တော်အမတ်အချို့ ပွင့်ပွင့်လင်းလင်းရင်ဖွင့်ထားတဲ့ လွှတ်တော်တွင်း အခြေအနေအချို့ကို ကောက်နုတ်ဖော်ပြရရင်

-“အားလုံးသိတဲ့အတိုင်းပဲ ပြောင်းလာတဲ့လွှတ်တော်ကိုယ်စားလှယ်သုံးယောက်နဲ့ စုပေါင်း ၄၆ ယောက်၊ ၄၆ ယောက်အင်အားက ဘာမှမရှိဘူး၊ ဒါပေမယ့် အဓိကပင်မ ရည်မှန်းချက်ကြီးဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ တရားဥပဒေစိုးမိုးရေးရယ်၊ အဲဒီရည်မှန်းချက်သုံးချက်မှာ  ၄၆ ယောက်ဆိုတဲ့ ဆယ်ပုံတစ်ပုံအတိုင်းအတာနဲ့ လုပ်ရတာဟာ ဘာမှခရီးမတွင်ပါဘူး၊ ဒါပေမယ့် ဆက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုနဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေအားလုံးက ဆက်လက်သွားနေကြတယ်” (ဦးဝင်းမြင့်)

-“ပြည်သူတွေလိုလားချက်နဲ့ ကျွန်မတို့လွှတ်တော်ကလုပ်နေတာတွေက နည်းနည်း လွဲများလွဲနေသလားလို့ တခါတခါ သံသယဖြစ်မိတယ်ပေါ့၊ ပြည်သူတွေတောင်းဆိုတာ တစ်ခု၊ လွှတ်တော်မှာ တင်လိုက်တဲ့အာဂျင်ဒါက တစ်မျိုးတွေဖြစ်နေတယ်၊ အဆိုးဆုံးက ကျွန်မတို့ အင်အားကနည်းတဲ့အခါကျတော့ ကျွန်မတို့ဆွေးနွေးလိုက်တာ၊ တောင်းဆိုလိုက်တာ၊ ပြောလိုက်တဲ့ကိစ္စရပ်တွေဟာ ဖြစ်မလာတာတွေများတယ်ပေါ့နော်” (မဖြူဖြူသင်း)

-“ဘယ်လောက် စိတ်တိုတယ်အောက်မေ့လို့လဲ၊ ထလည်းမထူးမှာမို့လို့ မထတာ၊ မိုက်တောင်းတယ်၊ မပေးဘူး၊ တစ်ခုတော့ရှိတာပေါ့လေ၊ ဦးသူရရွှေမန်းက ကျွန်တော်တို့ NLD နဲ့ ဆက်ဆံရေးပြေလည်ပြီးတော့ အထိုက်အလျောက်နိုင်ငံရေး space  ပေးတယ်၊အဲဒီဟာလေး ထောက်ထားပြီးတော့နေတာ၊ နို့မဟုတ်ရင်တော့ ကလော်တုတ်တော့မှာပဲ” (ဦးဝင်းထိန်)

လွှတ်တော်ထဲမှာ ထိရောက်မှုရှိဖို့၊ တင်ပြတဲ့အတိုင်း ဖြစ်မြောက်လာဖို့ဆိုတာမှာ အဓိကအားဖြင့် ကိုယ့်ပါတီကအမတ်တွေဟာ လွှတ်တော်ထဲမှာ နေရာအများစုရထားမှ၊ အင်အားအများစုဖြစ်နေမှ မဟုတ်ပါလား။ ဒါ့အပြင် ကိုယ့်ပါတီနဲ့မိတ်ဖက်ဖြစ်နေတဲ့ အခြားပါတီများရဲ့အမတ်တွေရဲ့ ထာက်ခံမှုလည်း လိုတယ်။ ဒါက ပါလီမန်နိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးတွေရဲ့ အခြေခံသဘောသဘာဝ မဟုတ်ပါလား။ ဒါ့အပြင် အခြေခံဥပဒေအပါအဝင်၊ အခြားသော လွှတ်တော်နိုင်ငံရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကလည်း တစ်ဖက်စီးနင်း မဟုတ်ဘဲ၊ မျှတတဲ့အခြေခံနဲ့လည်း တည်ရှိရဦးမယ်လေ။

ဒီချုပ်ပါတီက ဒီလိုအခြေခံတွေ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မရှိဘဲနဲ့ လွှတ်တော်ထဲ ဇွတ်ဝင်သွားခဲ့တာပါ။ အမတ် ၄၆ ယောက်နဲ့လွှတ်တော်ထဲမှာ ဘာမှ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်မလာနိုင်ဘူးဆိုတာ အခုတော့ ဒီချုပ်လွှတ်တော်အမတ်တွေ ကိုယ်တိုင်အတွေ့အကြုံအရ နားလည်သဘောပေါက်ပြီး ဖွင့်ပြောနေကြပါပြီ။

ဒီတော့ ထိရောက်မယ့် ဒီချုပ်ပါတီကိုယ်တိုင်က “လိုလျှင်ကြံဆနည်းလမ်းရ” ဆိုတဲ့စကားအတိုင်း နည်းလမ်းရှာကြံသင့်ပါပြီ။ “သံသရာဝဋ်ထဲ၊ ဇွတ်ဆွဲလို့နေမယ်၊ သေပါစေခင်ရဲ့”ဆိုတာလို့ လွှတ်တော်ဝဋ်ဆင်းရဲမှာ ဇွတ်နှစ်ပြီး မနေစေချင်ပါဘူး။

 အန်ကယ်ဦးဝင်းထိန်လည်း “ကလော်တုတ်”ရမယ့်ကိန်းလည်း ဆိုက်ရောက် မသွားစေချင်ပါဘူး။
 ထောက်ထားနေရတဲ့ “အထိုက်အလျောက်နိုင်ငံရေး space” ဆိုတဲ့ “ဗထက်ချိုင့်” လို ချိုင့်ခွက် ကလေးထဲနေလည်း အလျင်အမြန် လွတ်မြောက်စေချင်ပါတယ်။ ဒါကြောင့် ပါတီတွင်းမှာသော်လည်းကောင်း၊ မိတ်ဆွေများ၊ မဟာမိတ်ပါတီများနဲ့သော်လည်းကောင်း တိုင်းပြည်နဲ့လူထုအတွက် အကောင်းဆုံးဖောက်ထွက်နိုင်မယ့်နည်းလမ်းကို ဒီချုပ်ပါတီအနေဖြင့်  ညှိနှိုင်းရှာဖွေသင့်ပါပြီ။

ဒီလို နည်းလမ်းရှာဖွေကြရမှာလည်း “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍမှာ “ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို မိတ်ဆုံစားပွဲအဆင့်ထက်ပိုပြီး အကျိုးရှိအောင် ဘယ်လို ဆောင်ရွက်သင့်တယ် ထင်ပါသလဲ”ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်ဖြေကြားခဲ့သလို “စိတ်ပြောင်းရမှာပေါ့၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တိုင်းပြည်ရဲ့ကံကြမ္မာ၊တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးကြီးတယ်၊ ဒါဟာလေးလေးနက်နက်နဲ့ သတ္တိရှိရှိနဲ့ရင်ဆိုင်ရမယ်ဆိုတာ လက်ခံဖို့လိုတာပေါ့”ဆိုတဲ့ဖြေနည်းကားမျိုးနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီဖြေဆိုမှုဟာ အလွန့်အလွန် ယေဘုယျဆန်လွန်းလှပါတယ်ခင်ဗျာ။
ညွန်း
- (VOA) ဦးသန်းလွင်ထွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး (၂၃- ၁၁- ၂၀၁၄)
- လွှတ်တော်ကိုယ်စားလှယ်များနဲ့စကားဝိုင်း (ရဲမြင့်ကျော်)၊ ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၄၆၊ အမှတ် ၄၇
- (RFA)၊ ဒီမိုကရေစီခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည် (၁၁ - ၁၂ - ၂၀၁၄ )

0 comments:

Post a Comment