အတွေးစင်စင်လင်းတဲ့စာ (မျိုးမြင့်ချို)
ဖို့တ်ဝိန်း ဒီဇင်ဘာကား မြေခဲလောက်အောင် မအေးသေး။ Ever Green ခေါ် ထင်းရှူးဆန်ဆန်အပင်တို့မှတပါး ဘယ်အပင်မှ အရွက် မဖါးနိုင်တော့။ အကုန်လည်းမကြွေသေး၊ ရွက်ကြွင်းပင်ကပ်တချို့ ကျန်နေသေး၏။ အကျည်းတန်လွန်းသည့်ရာသီဟု မဆိုရက်သော်လည်း သစ်ပင်တို့အလှရည်ပျက်ချိန်ဟုတော့ ယိုးစွပ်ချင်မိ၏။ တရွက်မကျန်ကြွေကုန်လျှင်လည်း ကောင်းသား။ “ရိုးတံကျဲကျဲ ပင်အိုတို့အလှခြင်းပြိုင်သလို”နှင့် သွေ့ခြောက်လှပရှိသေး၏။ ယခုကား ထိုသို့မဟုတ်။ သေမည့်ရက်သိပြီးသားလူမမာနှယ် ဖြုတ်ကနဲကြွေတော့မည့်ဟန် ရိုးတံညှာ ခိုင့်တခိုင်နှင့်။
ဟိုတပတ်က ၂ ရက်တိုင်တိုင် ထူထူထပ်ထပ်ကျထားသည့်နှင်းတို့လည်း ကြက်ပျောက်ငှက်ပျောက်။ အပြင်မှာ နှင်းဖုံမွမွ နှင်းရွရွလည်းမရှိ။ နေကလည်း နွေလိုမနွေး။ မိုးကလည်း တချက်တချက် ဖြိုးတိုးဖြောက်တောက်နှင့်။ အိမ်တွင်း အပူပေးစက်မှထွက်သည့် အပူငွေ့သည် နွေးသည်ဆိုသော်လည်း သဘာဝအနွေးမဟုတ်။ ခနလေးနှင့် ငြီးစီစီပင်ဖြစ်ချေသေး၏။
အိပ်ယာထဲကွေး စာဖတ်နေဖို့ကောင်းတာမှန်ပေသိ ဘဝက ထိုမျှ သောင်သောင်သာသာမဟုတ်။ ပါးစပ်လှုပ်ဖို့ လက်ရောခြေပါလှုပ်ရသေး၏။
ခြံထဲမြက်ခင်းပေါ်က ရေကွက်ရေအိုင်လေးများလည်း ရေခဲဖြင့်မျက်နှာကြောတင်းကြပြီ။ ကြက်တကောင်စာမနိုင်ချင့်နိုင်ချင် ရေခဲမျက်နှာပြင်ပါးပါးပေါ် လည်ဆံမော့မော့မြီးကော့ကော့ဖြင့် ဟန်ရေးပြရင်းလျှောက်လာသည့်ကြက်ဖဖြူကြီး ရေခဲခြေကျွံ ရေတွေမွှန်ကာ မျက်ကလူးဆန်ပြာဖြစ်တာမြင်တော့ “ရာဇအိနြေ္ဒပျက်တယ်ဆိုတာ ဒါမျိုးနေမှာ”ဟုတွေးရင်း တကိုယ်တည်းပြုံးမိသေးသည်။ တောင်ပံကြားက ရေစက်လက်ကို တဖျန်းဖျန်းခါချရင်း အောက်အီးအီးအွတ်ဟုချော်လဲရောထိုင်ကာ ကြက်မတွေဘက် ပေစောင်းစောင်းကြည့်တာမြင်၏။ မချောတသိုက်က ပုဝါကွယ်ကာ ပြုံးစစမလုပ်ကြသော်လည်း ခမျာလေး ရှက်စနိုးဖြစ်ရော့သလားမပြောတတ်။ ဘောက်ဆတ်ဘောက်ဆတ်နှင့် ထွက်သွား၏။
အစာရှာကြက်တို့ နှင်းလောင်မြက်ညိုညိုတို့ကြားမှ ပိုးကောင်မွှားကောင်လေးများအား ထိုးဆိတ်ပေါက်ဆွရန် ခြေတို့ဖြင့်ယက်လိုက်တိုင်း မြေမှုံမြက်မွှားတို့ ဖွားကနဲဖွားကနဲ ထွက်ရမည့်အစား ချရွပ်ချရွပ်မြည်သံနှင့်အတူ ရေခဲတုံးလက်လက်ကလေးများ နေရောင်ပြန်နှင့် ပြက်ကနဲပြက်ကနဲ ဖန်ကွဲစလေးများနှယ် ကြည့်ပင်ကောင်းသေးတော့။
ကြက်ပေါက်စလေး ၂ ကောင်က ခုမှတွေ့ဖူးသည့် ရေခဲမွမွနှင်းစစကို ထီမထင်ဟန်ဖြင့် ရေခဲလွှာပါးပေါ် လျှောပင်တိုက်ကြသေး၏။ စိုးရိမ်သံတဖွဖွ မိခင်သောကဖြင့် တကောက်ကောက်လိုက်နေသည့်အမေကိုပင် လှည့်လှည့်ပြီး တချက်တချက် စသေးပြောင်သေး၏။ ကြက်ဆင်လေးတွေကတော့ ချမ်းချမ်းစီးစီးထဲ အေးအေးလူလူ။ အပျိုဖျန်းလေးဖြစ်လာသည့် အမကလေးက တသွေးတမွေးနှင့် မျက်နှာလေးပန်းရောင်သန်းနေပြီ။ အဖိုလေးက ဖိုသံပေးရုံတင်မကတော့ နိစ္စဓူဝမြင်နေရသည့် ကျနော့်ဇနီးကိုပင် အသွေးအဆင်တောက်တောက် အကွက်အပြောက်ဝတ်ထားလျှင် မကြည်ဖြူချင်တော့။ ဝန်လည်း တိုတတ်လာပြီထင်သည်။ လည်ကြီးစောင်း ခေါင်းကြီးထိုး မျက်ဒေါင့်ကြီးကပ် မရှုစိမ့်လေသံတွေပေးရင် ဒေါင်းတကောင်လို အမြီးဝိုင်းနေအောင်ကော့ကာကော့ကာဖြင့် အလှခြင်းပြိုင်တတ်လေပြီ။
ခွေးလေး ၂ ကောင်ကတော့ နှင်းတွေအထူကြီးကျပါစေလို့များ နေ့စဉ်ဆုတောင်းနေမလား မပြောတတ်။ ခြံပြင်ထွက်တိုင်း မြက်ခင်းပေါ်က နှင်းမှုံပါးပေါ် ကျိန်းကြေရုံလောက်လူးရတာ သိတ်ကြေနပ်ပုံမပေါ်။ အိမ်ထဲပြန်ဝင်ရတိုင်း မျက်နှာတွေက စူပုပ်ပုတ်။ ဒီနှစ် နှင်းစကျသည့် မနက်ခင်းက ဒင်းတို့ ၂ ကောင်ဖြစ်ပုံမှာ ငိုအားထက် ရယ်အားသန်စရာကောင်းသေး၏။ အိပ်ယာထထခြင်း အပြင်မှာနှင်းတွေဖွေးဖွေးထနေတာမြင်တော့ ၂ ကောင်သား ရှိသမျှပြူတင်းပေါက်တွေဆီပြေးလိုက် ပဒပ်ရပ်လိုက် ဟောင်လိုက် ကုပ်လိုက်ခြစ်လိုက် အခန်းထဲပြန်ဝင်လာပြီး လူကိုနှိုးလိုက် တအီအီအော်လိုက်နှင့် အူအမြူးလွန်ပြီး ကောက်ကာငင်ကာ ရူးသွပ်သွားသည့်အတိုင်းပင်။ “ဒီမှာ နှင်းစကျတဲ့နေ့ဆို ကလေးနဲ့ခွေးတွေ အတူတူပဲ၊ အဲ့သလိုပဲ အူမြူးကြပျော်ကြတာလေ၊ တို့ငယ်ငယ်ကလည်း အဲ့အတိုင်းပဲ။ သိတ်ပျော်ကြတာ၊ တံခါးသာ ဖွင့်ပေးလိုက်၊ အပြင်မှာ နှင်းလူးပေးစေ့၊ နှင်းဦးထိတာနဲ့ သူတို့ကိုယ်က ပိုးတချို့သေတာလို့ တိရိစ္ဆာန်ဆရာဝန်ပြောတာမှတ်မိလား”ဟု ဇနီးက အိပ်မှုံစုံမွှားဆိုရင်း တံခါးဟပေးလိုက်တော့ မျောက် ၂ ကောင်လို ခုန်ပေါက်ထွက်သွား၏။ နှင်းတောထဲမြုပ်နေအောင်လူးခဲ့ကြတာ ပြန်အမှတ်ရမိသေး၏။
ဒီနေ့ အပြင်ထွက်စရာမရှိဟုစိတ်ချပြီးကာမှ အရေးပေါ်အပွိုင်မင်န်တခု လိုက်ပေးရ၏။ ပြန်ရောက်တော့ ကွန်ပြူတာရှေ့ထိုင် အတွေးပေါ်ရာလေးတွေရေးမည်ကြံ၏။ မရေးဖြစ်။ မိတ်ဆွေတချို့နှင့် ခနတဖြုတ် သောင်းပြောင်းထွေလာကြသေး၏။
ထိုအချိန်မှာပဲ အိမ်ရှေ့တံခါးခေါက်သံ မြည်လာခြင်းဖြစ်သည်။ FedEx စာဝေကား အိမ်ရှေ့မှာရပ်ထားတာလှမ်းမြင်တော့ “တယောက်ယောက်ဆီက ခရစ္စမတ်စ်လက်ဆောင် နေမယ်”ဟုတွေးရင်း တံဖါးဖွင့်လိုက်တော့ စာပို့လုံမကြီးက “မစ္စတာမျိုးလား”ဟု ချိုချိုသာသာမေး၏။ “ဟုတ်ပါ့ ဘာများတုန်း”ဆိုတော့ “မန္တလေးက ပက်ကေ့ဂ်ျပါ လက်မှတ်ထိုးပြီး လက်ခံယူပါ”ဟုဆိုရင်း လက်မှတ်ထိုးရမည့်ဖြတ်ပိုင်းနှင့်ဘောပင်န်ထိုးပေး၏။ လက်က စာရွက်နှင့်ဘောပင်န်ကို လှမ်းယူလိုက်သော်လည်း မျက်လုံးက သူ့လက်ထဲက ကောက်ရိုးရောင်အထုတ်ဆီရောက်နေ၏။ အထုတ်က ထုကြီးထည်ကြီး ဖေါင်းကားကားကြီး မဟုတ် ပါးပါးလျားလျားကျစ်ကျစ်လစ်လစ်မို့ စာအုပ်တွေများလားဟုထင်ကာ စာရွက်နှင့်ဘောလ်ပင်န်ကိုမယူပဲ သူ့လက်ထဲကအထုတ်ကို လှမ်းဆွဲယူမိ၏။ သူက ပထမတော့ ကိုင်ထားသေး၏။ နောက်တော့ လွှတ်ပေးလိုက်သဖြင့် ကျနော့်လက်ထဲပါလာ၏။ “ဘယ်သူ့ဆီကများလဲ ဘာများလဲ မန္တလေးကဆိုပါ့လား”။ ပို့သူလိပ်စာကြည့်တော့ Aung Myint Oo, 32 Rdx82Rd x 81 Street, Morning Star Café, Mandalay, Myanmar တဲ့။
ပါးစပ်က ဟာ..ကနဲပင် အော်မိလိုက်သည်ထင်၏။ မီးဖိုချောင်ဘက် ကပ်ကျေးယူရန်ထတော့မှ “ဒီမှာ လက်မှတ်ထိုးပေးဦးလေ”ဆိုသည့် စာပို့လုံမကြီးအသံကြောင့် “ဟာဆောရီးမေ့သွားလို့” ဟုပြောရင်း ဒရောသောပါးထိုးပေးလိုက်၏။ ကျနော့်မျက်နှာဘယ်သို့ရှိမည် ကျနော် မသိသော်လည်း သူ့တမျက်နှာလုံး ပြုံးချိုနေပုံထောက်တော့ ကျနော် ဝမ်းသာပျော်ရွှင်နေမှန်း ကိုယ့်ဘာသာသိလိုက်၏။ “မြန်မာပြည်က မင်း မိတ်ဆွေသူငယ်ချင်းလား”ဟုမေးတော့ “အင်း..ဟုတ်တယ် မဟုတ်ဘူး”တွေဖြစ်ကုန်၏။ ကျေးဇူးပဲနော်၊ ငါ သွားဖွင့်ကြည့်လိုက်ဦးမယ်ဟု ပြောပြီး ဘိုင့်ဘိုင်လုပ်တော့ မျက်နှာဇဝေဇဝါနှင့် လုံမကြီး ယူအာဝဲလ်ကမ်းလုပ်ပြီး ပြန်ထွက်သွား၏။
အထုတ်ကိုဖွင့်လိုက်တော့ စာအုပ် ၂ အုပ်။ တအုပ်က ဒဂုန်တာရာစာ ဒဂုန်တာရာစကား(စုဆောင်းသူ-အောင်မြင့်ဦး(လူထုစာကြည့်တိုက်)။
နောက်တအုပ်က သခင်သန်းထွန်းစာပေါင်းချုပ်။ ၂ အုပ်စလုံး ထုတ်ဝေသူက ဦးချစ်ညွန့်။ ၂ အုပ်စလုံး ဖြန့်ချိတာက နှင်းဆီနီစာပေ။ သခင်သန်းထွန်းစာပေါင်းချုပ်မှာ နှင်းဆီနီက တိုတိုတုတ်တုတ်အမှာစာ ပါ၏။ (စာမူတွေစုဆောင်းပေးတဲ့ ကိုအောင်မြင့်ဦး (လူထုစာကြည့်တိုက်)နဲ့ စာအုပ်အဖြစ်ထုတ်ဝေခွင့်ပေးတဲ့ သခင်သန်းထွန်းရဲ့သမီး ဒေါ်ခင်သန်းတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုအပ်ပါသည်)ဟု တွေ့ရ၏။
သည်စာအုပ်တွေ ဘယ်ပုံဘယ်နည်းကျနော့်ဆီရောက်လာကြောင်း နောက်မှ သပ်သပ်ရေးဖြစ်အောင်ရေးမည် တေးထားလိုက်၏။
ခုတော့ ကိုယ်တိုင်လည်းရေး၊ ကိုယ်တိုင်လည်းစုဆောင်းသည့်အပြင် စာအုပ်ဖိုးအပြင်ပို့ခပါ ကုန်ကျစိုက်ထုတ်သည့် ဦးအောင်မြင့်ဦးအား ဖော်မပြနိုင်မည့်ကျေးဇူးတင်စိတ် အားနာစိတ်ဖြင့် မျက်ရည်ပင်လည်မိတော့၏။ ရဲမော်ထူး၊ ကိုဌေးသိန်း(နောင်ကျော်)နှင့် ကိုအောင်မျိုးထွန်းတို့အား မနေနိုင်မထိုင်နိုင် လှမ်း ဝါလိုက်မိသည်အထိပင် ဝမ်းမြောက်မိတာအမှန်။
ဖတ်မည်။ ခုည ဖတ်မည်။ အိပ်ယာထဲကွေး စာဖတ်နေရလောက်အောင် အခြေအနေက မသောင်သာသော်လည်း ဖတ်ထိုက်သည့်စာဆို အသိမရှင်းမခြင်းဖတ်သည့်အလေ့ကြောင့် လောကအမှောင်မှ အတွေးအခေါ်စင်စင်လင်းနိုးကြားထကြွခဲ့သည့် မနက်ခင်းပေါင်းများစွာ ရှိခဲ့ပြီးသည်မဟုတ်လား။
(မျိုးမြင့်ချို) ၂ဝ၁၄ ဒီဇင်ဘာ

0 comments:
Post a Comment