ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁) ဆောင်းပါးအမှတ်(၁၅)
မေမေရဲ့ ချစ်ဒုက္ခများ
မေမေရဲ့ ဘဝတာဟာ ဖေဖေနဲ့မေတ္တာမျှခဲ့တဲ့အချိန်ကစလို့ ဖေဖေ့အပေါ်ထားရှိတဲ့သူ့မေတ္တာရဲ့ လမ်းညွှန်မှုအောက်ကသာ လှုပ်ရှားပြုမူခဲ့ရတာ ချည်းပါပဲ။
ကျွန်မတို့က မေမေ့ကို တခါတရံ ဖေဖေနဲ့သားသမီးတွေ ဘယ်သူ့ကိုပိုချစ်သလဲလို့နောက်ပြောင်ပြီးမေးတဲ့အခါတိုင်း မေမေရဲ့ မပြောင်းမလဲ မယိမ်းမယိုင်တသမတ်တည်းရှိတဲ့ အဖြေကတော့ “ဖေဖေက ပင်စည်ပင်မကြီးပဲ၊ သားတို့သမီးတို့ကတော့ အကိုင်းအခက်ပဲဖြစ်တာပဲ”လို့ချည်း ဖြေပါတယ်။ တခါတလေလည်း မေမေက အခုလိုပြောတတ်ပါသေးတယ်။ “ဖေဖေဟာ အားလုံးကောင်းတယ်။ မေမေ့စကားလည်း အားလုံး နားထောင်တယ်။ မေမေ့အပေါ်မှာလည်း အင်မတန်ကောင်းတယ်။ တခုပဲမကောင်းတာရှိတယ်။ အဲဒါကတော့ မေမေက နိုင်ငံရေးမလုပ်ပါနဲ့ ဆိုတဲ့စကားတခုပဲ နားမထောင်တာ”တဲ့။ ဒါ့အပြင် မေမေက “ဖေဖေမကြိုက်တာဆို ဘာမှ မေမေမလုပ်ဘူး။ ရှေ့မှာလည်း မလုပ်ဘူး။ ကွယ်ရာမှာလည်း မလုပ်ဘူး။ သူမကြိုက်တဲ့အရောင်တို့၊ အဆင်တို့ကိုတောင် မေမေက ဘယ်လောက်ကြိုက်ကြိုက် မဝတ်တော့ဘူး”လို့လည်း ဆိုတတ်ပါသေးတယ်။
တကယ်လည်း ဖေဖေနဲ့မေမေဟာ အကြိုက်ခြင်းမတူကြပါဘူး။ ဖေဖေက အဝတ်အစားဆို ရိုးရိုးအဆင်၊ သေးသေးနုပ်နုပ်ကလေးတွေ ကြိုတ်တတ်ပြီး၊ အရောင်ဆိုရင်လည်း မျက်စိမစူးတဲ့ အစိမ်းတို့၊ အပြာတို့စတာတွေကို ကြိုက်ပါတယ်။ မေမေက အပျိုဘဝကဆိုရင် အဆင်ရဲရဲ၊ အရောင်ရဲရဲတွေကိုကြိုက်တတ်ပါတယ်။ ဖေဖေနဲ့အိမ်ထောင်ကျပြီးနောက်တော့ မေမေလည်း ဖေဖေ့အကြိုက်လိုက်ပြီးဝတ်စားဆင်ယင် ခဲ့ရရှာပါတယ်။ တို့အတူပဲ မေမေဟာ နိုင်ငံရေးကိုစိတ်မဝင်စားပေမယ့် ဖေဖေကိုချစ်တဲ့စိတ်နဲ့ သည်းညည်းခံ ပါဝင်ပတ်သက်ခဲ့ရတာ နောက်ဆုံးမှာတော့ ဖေဖေတောခိုရာနောက် လိုက်ခဲ့ရတဲ့ဘဝအထိပါပဲ။
ဒီလိုဒုက္ခတွေကြားထဲကတောင် မေမေက သူ့ဘဝတခုလုံးအတွက် ကျေနပ်ဝမ်းသာဂုဏ်ယူစွာပြောတတ်လေ့ရှိတဲ့ စကားတခုကတော့ “မိန်းမတယောက်အဖို့ယောက်ျာကောင်းတယောက်ရဲ့ သစ္စာရှိရှိမြတ်နိုးတာခံရတာလောက် ကံကောင်းတာ မရှိဘူး”ဆိုတာပါပဲ။
မေမေ့ခမျာ ဖေဖေနဲ့စတင်ချစ်ကြိုးသွယ်စဉ်ကတည်းက ပညာပေးခြင်းခံရရှာတာပါ။ ဖေဖေက မေမေဖတ်ဖို့စာအုပ်တွေ လာလာပေးတတ် သတဲ့။ ဒါ့အပြင် ဗမာပြည်နိုင်ငံရေးအခြေအနေတွေ နိုင်ငံခြားက လွတ်လပ်ရေးတိုက်ပွဲတွေ၊ တော်လှန်ရေးလှန်ရေး စတာတွေကို ကြားဖူး နေတာပါ။ နေရူးရဲ့ ထောင်တွင်းကပေးစာများစာအုပ်တို့၊ နဂါးနီစာအုပ်တိုက်ကထုတ်တဲ့ စာအုပ်တွေ၊ မဟာဆွေရဲ့ဝတ္ထုတွေ စတာတွေကိုလည်း ဖေဖေက ယူလာပေးတတ်သတဲ့။
ကျွန်မတို့ငယ်ငယ်က ဘာကစလို့လဲ မသိဘူး။ ဖေဖေနဲ့မေမေစကားများတော့ ဖေဖေက ကျွန်မတို့ရှေ့မှာပဲ မေမေ့ကို အခုလို နောက်ဖူးပါတယ်။ “သူက ဖေဖေနောက်လိုက်လာတာ။ ဖေဖေ BIA ခေတ်က ဖေဖေ့ဆီမှာ ရွှေပန်းခိုင်၊ ငွေပန်းခိုင်တွေ (BIA ခေတ်က စစ်ဗိုလ်များဟာ BIA နံမည်နဲ့ ပစ္စည်းတွေသိမ်းတတ်ကြပါတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ပါ။ တချို့က အဲဒီလိုသိမ်းပိုက်ပစ္စည်းတွေကို ကိုယ့်အိတ်ထဲ ကိုယ်ထည့်ပြီး ချမ်းသာသွားတဲ့အဖြစ်အပျက်တွေရှိပါတယ်။ အဲဒီလို ကိစ္စမျိုးတွေကိုရည်ရွယ်ပြီး ဖေဖေက နောက်တာပါ) ရှိတယ်ကြားလို့ လိုက်လာတာ”လို့နောက်တော့ မေမေက ဒေါကလည်းပွနေတာဖြစ်လေတော့ “အောင်မယ် အောင်မယ်။ အဲဒီတုန်းက ရှင်ရေးဖူးတဲ့စာတွေ ဂျပန်တော်လှန်ရေးအတွင်း ပြေးရပုန်းရတုန်းက မီးရှို့ပစ်လိုက်မိလို့။ ဟင်း- ဗမာ့လွတ်လပ်ရေးတိုက်ပွဲဟာလည်း အမေရိကန်လွတ်လပ်ရေး တိုက်ပွဲလို ၇ နှစ်-၈ နှစ် တိုက်ချင်တိုက်ရမယ်။ အဲဒီလိုဒုက္ခတွေခံနိုင်မှလိုက်ခဲ့”လို့ရေးခဲ့တာလေ။ သိမ်းမထားလိုက်မိတာ နစ်နာလိုက်တာ” လို့ ဒေါသနဲ့ပြန်ရန်တွေ့ခဲ့ပါတယ်။
မေမေက အဲဒီစကားစရပြီး၊ သူဖေဖေ့နောက်လိုက်ခဲ့ရစဉ်က ရောက်ခဲ့ရတဲ့ဒုက္ခတွေကို ပြန်ပြောပြဖူးပါတယ်။ ဖေဖေက မေမေ့ကို တောင်းရမ်းပေးဖို့ ဖေဖေ့ဦးလေးကိုလွှတ်ခဲ့ပေမယ့် စစ်အတွင်း စစ်သားနဲ့ သူ့သမီးကိုမပေးစားနိုင်ဘူးဆိုပြီး မေမေ့အဖေက သဘောမတူ ပယ်ချလိုက်တော့ ဖေဖေက မေမေ့ဆီကို တလအတွင်းဖြစ်တဲ့နည်းနဲ့ထွက်ခဲ့ပါလို့ လှမ်းစာရေးခေါ်ပါတယ်။ မေမေက ဖေဖေ့ဦးလေးကိုပဲ အဖော်ခေါ်ပြီး ရန်ကုန်ကို လိုက်လာပါတော့တယ်။ ရန်ကုန်မှာရှိတဲ့ ဖေဖေကျောင်းနေတုန်းကနေခဲ့တဲ့ ဖေဖေ့အဒေါ်အိမ်မှာ ခဏနေရပါတယ်။ ဖေဖေက အလုပ်များလို့တကြောင်း၊ မေမေ့ကို သုံးဆယ်က မိဘတွေဆီပြန်အပ်ဖို့စီစဉ်နေလို့ကတကြောင်း ချက်ချင်းလက်မထပ်ဖြစ်ဘဲ အဲဒီအိမ်မှာပဲ တလလောက် သောင်တင်နေပါတယ်။ အဲဒီ ဖေဖေ့အဒေါ်က ဖေဖေ့ကို တခြားသူတဦး (ရန်ကုန်ရှိ လူကုံထံတဦးရဲ့သမီး)နဲ့ ပေးစားဖို့စီစဉ်နေတာပါ။ အဲဒီတုန်းကလည်း ဖေဖေတို့က အလွန်နံမည်ကြီးနေပြီး ကြည့်မြင်တိုင်းဈေးကြီးတောင် “ကျော်ဇောဈေး”လို့ ပြောင်းခေါ်နေချိန်ဖြစ်ပါတယ်။ အဲသလိုအချိန်မှာ မေမေက “ဖျက်မြင်း”အဖြစ်ရောက်လာတော့ ဖေဖေ့အဒေါ်က သူ့အစီအစဉ်ပျက်သွားရလို့ အတော် ဒေါသူပုန်ထပါတယ်။ ဒီကြားထဲ မေမေ့မိဘများကလည်း အရှက်လွန်ပြီး အပြန်အအပ်မခံလို့ မေမေ့ခမျာ အတော်မျက်နှာငယ်ရှာ ပါတယ်။ အဲဒီအဒေါ်က အမျိုးမျိုးစောင်းမြောင်းငြူစူပြောဆိုတာတွေ ခံရရှာပါတယ်။ မေမေ့အဖြစ်ကလည်း လူကြုံနဲ့ခိုးရာလိုက်ခဲ့ရတာဆိုတော့ အဲဒီကာလ အယူအဆတွေနဲ့ကြည့်ရင်တော့ ကဲ့ရဲ့စကားတင်းဆိုစရာကြီးပေါ့။ မေမေ့မှာ အဲဒီအိမ်ပေါ်မှာ နေ့စဉ်မျက်ရည်နဲ့မျက်ခွက် နေခဲ့ရတယ်လို့ဆိုပါတယ်။
ဖေဖေကတော့ ဒါတွေ ဘာမှမသိဘူး။ ညနေရုံးဆင်းရင် မော်တော်ဆိုင်ကယ်တဘုတ်ဘုတ်နဲ့ရောက်လာပြီး နေကောင်းသလား၊ ဘာဟင်းနဲ့ ထမင်းစားသလဲ စသဖြင့် တလုံးစနှစ်လုံးစမေးပြီး ပြန်သွားတတ်သတဲ့။ ဒီကြားထဲ ပျဉ်းမနား ခရီးထွက်စရာရှိတယ်ဆိုပြီး ခရီးထွက်သွား လိုက်တာ တပတ်ဆယ်ရက်ကျော်ဆိုပဲ။
မေမေ့ခမျာ ဖေဖေနဲ့လက်ထပ်ဖို့အရေး အခက်အခဲအမျိုးမျိုး၊ စိတ်အနှောင့်အယှက် အမျိုးမျိုး ကြုံခဲ့ရပြီးမှ နောက်ဆုံး မှာတော့ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရန်ကုန်မှာပဲ ပျော်ပျော်ရွှင်ရွှင်ကြီး လက်ထပ်ခဲ့ရပါတော့တယ်။
၂၈-၄-၂ဝ၁ဝ
0 comments:
Post a Comment