ဗမာစကားတွင်
ကျေးဇူးနှင့်စပ်သည့်ဝေါဟာရပေါင်းလည်းများ၏။
စကားပြောရာနှင့်စာရေးရာတွင် သူ့နေရာနှင့်သူ ကွက်တိသုံးတတ်က အလွန်ထိရောက်
ထိမိလှ၏။
ထို့အတူ မြန်မာမှုတွင် ကျေးဇူးတရားနှင့် ပတ်သက်၍ဖော်ပြချက်များလှ၏။ ၃၈
ဖြာမင်္ဂလာဟု ဘုရားဟောဆိုသည့် အထဲတွင်ပင် ကျေးဇူးတင်ထိုက်သူကိုတင်ခြင်း
ကျေးဇူးဆပ်ခြင်းစသည်တို့မှာ မင်္ဂလာတရားတစ်ပါးအနေဖြင့် အတိအလင်းမြွက်ဆိုထား၏။
ဗုဒ္ဓဝင်ဆိုသည်များတွင်လည်း
ကျေးဇူးနှင့်စပ်သည့်ဇာတကများ ပုံဝတ္ထုများမနည်းလှ။
မြန်မာ့လူမှုအဝန်းအဝိုင်းတွင် ”ကျေးဇူးကန်း”ဆိုလျှင် လူတကာ့အော့နှလုံးဖြစ်ပြီး
”ကျေးဇူးသိတတ်သူ” ဆိုလျှင် ”လူတော်”ဆိုသည့်သဘော ချီးမွမ်းထောပနာထိုက်သူစာရင်းဝင်၏။
ကျေးဇူးခံကျေးဇူးစားကို အကောင်းသဘောရော အဆိုးအပြောမှာပါသုံး၏။ မြန်မာ့ရာဇဝံသတွင်
တစ်လုပ်စားဖူးသူ့ကျေးဇူးခေါင်းစဉ်ဖြင့် အလုပ်လုပ်ကျွေးဖူးသူအားသစ္စာမဲ့ခြင်းအတွက်
သူကောင်းပြုခံရသူတွေလည်း မနည်း။ ကျေးဇူးကြွေးပိကာ တစ်ဘဝလုံးထိုးအပ်ခံလိုက်ရသော
သမီးပျိုလေးတွေအကြောင်းလည်း နားမဆန့်အောင်ကြားဖူး၏။ ကျေးဇူးရှင်တွေ
ခြေတော်အတင်ခံလိုက်ရသည့်ပန်းကောင်းတို့
အညွန့်ကျိုးရပေါင်းလည်းများလှ၏။ သားသမီးကိုအကြွေးချသလို
ကျေးဇူးတရားနှင့်ချည်နှောင်ကာမွေးမြူသော အမိအဖများမရှိဟု မည်သူဆိုဝံ့မည်နည်း။
”သားသမီးရှိထားတော့ ကိုယ်အသက်ကြီးလာတဲ့အခါ....” ဆိုသည့် ကြားနေကျစကားကို မည်သို့
အနက်ကောက်မည်နည်း။ လူ့အဖွဲ့အစည်းတွင် မမှန်တာကိုမမှန်၊ မတရားတာကို
မတရားဟုပြန်ပြောခြင်း သို့မဟုတ် ငုံ့မခံမိခြင်းနှင့် ပြန်ပုန်ကန်မိခြင်းအတွက် ကျေးစွပ်သည်၊
ကျေးဇူးကန်းသည်ဆိုသည့်စကားဖြင့်
မင်း(အစိုးရ)တို့
ကိုယ့်ကိုယ်ကိုထမင်းရှင်လုပ်ကာ၊ ဘဝရှင်မင်းတြားကြီးလုပ်ကာ
ကြိမ်းမောင်းပေါင်း
ကွပ်မျက်ပေါင်းလည်းများလှ၏။ သူလိုငါလို လောကီတွင်းနေကာ လောကဥတ္တကိစ္စတွေမှာ
အာစရိယလုပ်သူတချို့ကိုလည်း ဘဝသခင်ကျေးဇူးတော်ရှင်ဟု ကင်ပွန်းတပ်ကြရသေး၏။
ပြောလျှင် များလိမ့်မည်။ နောင်အလျဉ်းသင့်ပါကရေးမည်ဟု
တေးထားလိုက်၏။”ကျေးဇူးတရားဆိုတာ သိတတ်ရတယ်”ဟူသည်မှာလည်း ”သိတတ်ခြင်း”ကို
မည်သို့နားလည်ကြသနည်းဆိုသည့်အပေါ်တည်ကာ မူကွဲအနက်တွေရှိနိုင်သေး၏။ ထောင်စကား
”စားပြီးနားမလည်”သည် ယခုအခါ ခေတ်သုံး အရပ်သုံး ဘန်းစကားဖြစ်ကာ
တွင်ကျယ်၍ပင်နေချေပြီ။ ထို တစ်ခွန်းဖြင့်
မျက်မှောက်မြန်မာ့နိုင်ငံရေးနှင့်စီးပွားရေး (တနည်း) အာဏာနှင့်အဿပြာ(တနည်း)
အာဏာရှိသူနှင့်စီးပွားရေးသမားတို့ကြားက အဆက်အစပ်ကို
ရေးတေးတေးလှမ်းမြင်နိုင်ကြည့်နိုင်သေး၏။ ထို ”စားပြီး”သည် ”ကျေးဇူး”၏
အကောင်းဘက်ခြမ်းတွင်ပါသည့်တရားတွင်
ပါ/မပါ လူတိုင်းသိသော်လည်း ”နားလည်” ပါမူ ”သိတတ်သူအဖြစ်” ထောပနာထိုက်သည်ဟု
ခေတ်လူအချို့ဆိုကြ၏။ မင်း(အစိုးရ)တို့ကလည်း ထမင်းရှင်နေရာဝင်ထိုင်ကာ
တစ်လုပ်စားဖူးသူ့ကျေးဇူးငခင်ညိုတွေကိုလည်းကောင်း
ဦးဆွေ့ဆံမြည့်အုတ်လှငယ်တို့ကိုလည်းကောင်း အစဉ်သဖြင့်သာတမ်းတလျှက်။
မျိုးမြင့်ချို
ဇူလိုင် ၂၀။ ၂၀၁၃