Thursday, January 10, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၆ (မျိုးမြင့်ချို)

0 comments
http://article.wn.com/view/2011/04/26/Exsoldier_shines_light_on_hidden_Myanmar_war/
ဇန်နဝါရီ ၁ဝ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး
သောတရှင်များခင်ဗျား…
အပစ်အခတ်ရပ်စဲရေးဆိုတဲ့ဝေါဟာ ရဟာ စကားလုံးတခုအနေနဲ့ ဖြည့်စွက်ဖြုတ်ပယ်စရာမလိုတာတော့ အမှန်ပါပဲ။ အခြေအနေပေးလို့ ငြိမ်းချမ်းရေး စကားပြောကြတော့ မယ်ဆိုရင် အပစ်အခတ်ရပ်ရေးကိစ္စက ထိပ်ရောက်လာရစမြဲပါပဲ။ ဒါပေမယ့် ဘယ်အချိန်မှာ အပစ်အခတ်ကို စရပ်ကြမှာလဲ၊ ဘယ်သူ့ဘက်က စရပ်ကြမလဲဆိုတာကတော့ အခြေအနေပေါ်မှာတည်သလို ကွဲလည်းကွဲပြားနိုင်ပါတယ်။ ပထမတမျိုးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမတိုင်ခင် ကြိုပြီး တပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ်ထားကြတာမျိုးဖြစ်ပါတယ်။ အဲ့ဒီအမျိုးအစားနဲ့ တထပ်တည်းနီးပါးကျခဲ့တဲ့အခင်းအကျင်းက မြန်မာပြည်မှာဖြစ်ခဲ့ဖူးပါတယ်။ အချိန်ကာလအနေနဲ့ပြောရရင်(၁၉၆၃)ခုနှစ်ကာလကို ညွှန်းချင်ပါတယ်။ တပြည်လုံးအတိုင်းအတာနဲ့ ဘာ့ကြောင့်အပစ်အခတ် ရပ်ဖို့လိုရသလဲဆိုရင်တော့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ပါပဲ။ မြန်မာပြည် ပြည်တွင်းစစ်ဟာ ရန်ကုန်အစိုးရလို့တွင်ရလောက်တဲ့အထိ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဖြစ်ခဲ့တဲ့စစ်ပါ။ အဲသလိုစစ်မျိုးအတွက် အပစ်ရပ်ရေးတောင်းဆိုရာမှာလည်း စရပ်မယ့်အချိန်နဲ့ပြီးဆုံးမယ့်အချိန်ကို သက္ကရာဇ်ရက်စွဲတွေနဲ့သတ်မှတ်တာမျိုး မဟုတ်ဘဲ ဖြစ်စဉ်တခုလုံးအပေါ်အခြေခံထားတာပဲဖြစ်ပါတယ်။ အစိုးရနဲ့တဘက်အင်အားစု နှစ်ဘက်ညှိပြီးမှဆုံးဖြတ်ရတာမျိုးလည်းဖြစ် ပါတယ်။ တဘက်ဘက်ကသဘောမတူခဲ့ရင် ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတဲ့အဆင့်အထိတောင် ရောက်မလာနိုင်တဲ့အနေအထား မျိုးပါပဲု။ ဒါ့ကြောင့်မို့ အစိုးရဘက်က တဘက်သတ်ကမ်းလှမ်း တဘက်သတ်ဆုံးဖြတ်တာမျိုးလုပ်မရသလို၊ ပျက်ခဲ့တယ်ဆိုရင်လည်း တဘက်တည်းကြောင့်လို့ပြောဖို့မလွယ်ပါဘူး။ ဒီအခင်းအကျင်းဟာ နိုင်ငံတကာကြီးကြပ်ရေးတို့၊ ကြားဝင်ဆောင်ရွက်ရေးတို့၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လို့ဆိုတဲ့ ကြားပွဲစားမလိုအပ်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

(၁၉၆၃)ခုနှစ်မှာ တော်လှန်ရေးကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ထွက်လာတယ်ဆိုရင်ပဲ တောတွင်းအင်အားစုအသီးသီးဆီကလည်း တုန့်ပြန်ကြေညာချက်တွေထွက်လာပါတယ်။ ကြေညာချက်တွေမှာ အဖွဲ့အစည်းအခြေခံအလိုက် တချို့နေရာတွေမှာ နည်းနည်းပါးပါးကွဲလွဲတာမှန်ပေမယ့်၊ တစ်ချက်မှာတော့ တညီတညွတ်တည်းရှိနေတာတွေ့ရပါတယ်။ အဲ့ဒါကတော့ ဆွေးနွေးပွဲတွေမတိုင်ခင်၊ ဆွေးနွေး နေစဉ်နဲ့၊ တကယ်လို့ဆွေးနွေးပွဲ ပျက်ခဲ့တယ်ဆိုရင်တောင် တောတွင်းအင်အားစုတွေ တောတွင်းပြန်ကြချိန်အထိ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲထားဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခင်းအကျင်းကိုရောက်ဖို့ အပေးအယူအလျှော့အတင်းတွေ အမျိုးမျိုးလုပ်ခဲ့ကြပေမယ့် တောင်းဆိုတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒေသအလိုက်ကန့်သတ်ပြီး အပစ်ရပ်ပေးတာမျိုး၊ တချို့ဒေသတွေမှာဆို ထိုးစစ်တွေလောက်ပဲရပ်ထားပေးတာမျိုးနဲ့ လျှောမွေးဖြစ်သွားခဲ့ရတာပါ။ နှစ်ဘက်ညှိစကားပြောကြတဲ့ တနေရာမှာဆိုရင် အစိုးရဘက်က တဘက်အင်အားစုတွေကို Grid Line အတွင်း သူတို့တပ်တွေအကုန်စုထားပေးရမယ်၊ အပြင်ကနေအစိုးရတပ်က ဝိုင်းထားမယ်ဆိုတဲ့အထိ တောင်းဆိုခဲ့တာတောင်တွေ့ရပါတယ်။ အဲ့ဒီ အပြန်အလှန်တောင်းဆိုချက်တွေနဲ့လိုက်လျောမှုတွေမှာ တရားတယ်/မတရားဘူးဆို တဲ့ရှူထောင့်ကကြည့်ပြောမယ်ဆိုရင်၊ ဒါမှမဟုတ် နိုင်ငံရေးအရ၊ ဘက်သဘောရပ်ခံချက်အရပြောရ မယ်ဆိုရင် အဖြေတမျိုးထွက်ပါလိမ့်မယ်။ တကယ်တမ်း စေ့စေ့တွေးကြည့်တော့ ဒီအခြေအနေတွေဟာ နှစ်ဘက်သဘောမတူ ပဲဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ လူတွင်ပါလို့နွားကျားကိုက်တာလို့ ပြောရမယ်ထင်ပါတယ်။ (၆၃)ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဟာ အဲ့ဒီအနေအထားအောက်မှာပဲဖြစ်ခဲ့ရ၊ ပျက်ခဲ့ရတာပါ ။

သောတရှင်များခင်ဗျား…နောက်တမျိုးက ဒေသနဲ့ကာလ ကန့်သတ်အပစ်ရပ်ထားပြီး ဆွေးနွေးကြတာမျိုးဖြစ်ပါတယ်။ အဲ့ဒီအမျိုးအစားမှာ ဖြစ်နေတာကလည်း တတိုင်းပြည်လုံး ဟုတ်ချင်မှလည်းဟုတ်မှာပါ။ အင်အားအနေနဲ့ကလည်း အစိုးရဘက်က အဆမတန်အင်အားသာနေ စစ်ရေးအရအသာစီးရနေတဲ့ အခြေအနေမျိုးမှာ ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ တဘက်အင်အားစုကအပစ်ရပ်ရေးတောင်းဆိုတာမျိုး၊ နှစ်ဘက်ညှိပြီးမှဆုံးဖြတ်သတ်မှတ်ရတာမျိုးမဟုတ်တော့ဘဲ အစိုးရ ဘက်ကစပြီး ကြေညာဆုံးဖြတ်သတ်မှတ်တာမျိုးဖြစ်ပါတယ်။ ကြေညာတဲ့နေရာမှာလည်း ဘယ်နေ့က ဘယ်နေ့အထိ၊ ဘယ်ဒေသအတွင်းတွေမှာပဲ အပစ်ရပ်ထားမယ်။ သဘောကတော့ ကာလရောဒေသကိုပါ အစိုးရဘက်ကအတိအကျကြိုတင်သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ သတ်မှတ်ကာလနဲ့ဒေသအတွင်း ငြိမ်းချမ်းရေးဆွေးနွေးချင်ရင်လာခဲ့၊ မလာရင် ပြန်ချကြတာပေါ့ဆိုပြီး ရာဇသံပေးတာမျိုးဖြစ်ပါတယ်။ တဘက်အင်အားစုတွေမှာ အစိုးရသတ်မှတ်ချက်ကို လက်ခံတာနဲ့ငြင်းပယ်တာနှစ်ခုကလွဲလို့ ဘာမှရွေးချယ်စရာမရှိတဲ့ကိန်း ဆိုက်နေတာမျိုးဖြစ်ရပါတယ်။ အဲ့ဒီပုံစံမျိုးအပစ်အခတ်ရပ်ကြတာတွေကတော့ အတွေ့ရများမယ်ထင်ပါတယ်။ အဲ့ဒီအနေအထားအောက်ကနေဖြစ်ခဲ့တဲ့ဆွေးနွေးပွဲတချို့ဟာ ငြိမ်းချမ်းရေးဖြစ်ရမယ့်အစား အစိုးရဘက်ကလက်ဦးမှုယူ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ သွေးချောင်းစီးအကျည်းတန်ပြီး နိဂုံး ကမ္မတ် အဆုံးသတ်ခဲ့ရတာမျိုးများလှပါတယ်။ အဲ့ဒီဆွေးနွေးပွဲတွေဟာ များသောအားဖြင့် နိုင်ငံတကာတို့၊ ကြားပွဲစားတို့မလိုပဲ၊ မပါပဲဖြစ်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကြားဝင်ပေးခဲ့သည့်တိုင်အောင် တဘက်အင်အားစုတွေကို လက်စတုံးမျိုးဖြုတ်သုတ်သင်ခဲ့တဲ့အဖြစ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ အနီးခေတ် နိုင်ငံတကာပြည်တွင်းစစ်တွေထဲကတခုကိုပြရမယ်ဆိုရင် သိရိလင်္ကာက တမီလ်တိုက်ဂါးတွေနဲ့အစိုးရကြားက အဖြစ်အပျက်ပါ။ နော်ဝေနိုင်ငံအပါအဝင်နိုင်ငံတကာက သီရိလင်္ကာပြည်တွင်းစစ်ချုပ်ငြိမ်းရေးကိုဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ အဲ့ဒီ နိုင်ငံတကာ့မျက်စေ့အောက်မှာပဲ တမီလ်လွတ်မြောက်ရေးတပ်ဦးက တပ်မှူးတပ်သားတွေ တပ်လုံးပြုတ်အသုတ်သင်ခံရပြီး ကြားဝင်ပေးသူတွေလည်း နိုင်ငံတကာအလည်မှာအရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပါတယ်။ သီရိလင်္ကာဥပမာဟာ သင်ခန်းစာယူစရာလို့ မြင်ပါတယ်။

သောတရှင်များခင်ဗျား..နောက်တမျိုးကတော့ အပစ်အခတ်ရပ်စဲရေးလို့တောင်ပြောဖို့ခက်မယ့် အပစ်ရပ်နည်းဖြစ်ပါတယ်။ အဲ့ဒီနည်းကို စကားလုံးအမျိုးမျိုးနဲ့ဖလှယ်သုံးကြတာတွေရှိပေမယ့် လူသုံးများတာကတော့ “ပိုနေမြဲကျားနေမြဲအနေအထား”လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်အခြေအနေမှာ အဖြစ်များတတ်သလဲဆိုတော့ အစိုးရနဲ့တဘက်အင်အားစု အပြန်အလှန်ချိန်ဆရ၊ အကဲခတ်ရခက်နေတဲ့ အနေအထားမျိုး၊ နှစ်ဘက်စလုံးက တဘက်ကိုတဘက် အပြတ်တိုက်နိုင်ခြေမရှိတဲ့အနေအထားမျိုး၊ နှစ်ဘက်စလုံးမှာ စစ်ရေးနိုင်ငံရေး အကျပ်အတည်းကနေထွက်ပေါက်ရှာဖို့ အပူတပြင်းလိုနေတဲ့အနေအထားမျိုး၊ ရေရှည်မှာအစိုးရဘက်က သာသွားဖို့အလားအလာများတဲ့ အနေအထားမျိုးတွေမှာ ဖြစ်တတ်တာပါ။  အဲ့သလိုအခါမျိုးမယ် တဘက်ဘက်ကစ ဗြောင်တောင်းဆိုတာမျိုးမဟုတ်ပဲ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လို့အမည်ခံတဲ့ ကြားပွဲစားကတဆင့် တိုးတိုးတိတ်တိတ်ကြိတ်ပြီး ဖြစ်ရတာမျိုးများတတ်ပါတယ်။
သောတရှင်များခင်ဗျား…နဝတ၊ နအဖစစ်အစိုးရတွေလက်ထက်မှာဖြစ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေဟာ ခုနောက်ဆုံး ကျနော်တင်ပြခဲ့တဲ့ အမျိုးအစားအောက်မှာ အကြုံးဝင်ပြီးဖြစ်ခဲ့တာလို့ ယေဘုယျပြောနိုင်ပါတယ်။ နောက်တပတ်ဆက်ပါဦးမယ်။ကျနော် မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment