Wednesday, January 9, 2013

ဂျပန်ခေတ်က မဟဝှါ

0 comments
http://juniorwin-english.blogspot.com/2011/09/book-review-3-years-under-japs-khin-myo.html

မဟဝှါကို ဂျပန့်ခေတ် လွတ်လပ်ရေးရစက ဗုန်း ကျင်းထဲမွေးခဲ့သည်။ လူတွေဟာမြေ ကြွက်တွေလိုပဲ ကျင်းထဲကကိုမတက်ရ ဘူးဟု သူ့အမေကြီး မသေခင်က ပြောလေ့ရှိသည်။ ရန်ကုန်နေပြည်တော်မှာ လွတ်လပ်ရေးပွဲခံချိန်တွင် တောနယ်ကျေးလက်ကလူများ ပလိပ်ပြေး ဓမြပြေး ဗုံးပြေးပြေးနေရသဖြင့် လွတ်လပ်ရေးဆိုဒါ သိမှသိကြပါစ။ ခေတ်ဆိုးကြီးမှာ အစစရှားပါးရသည့်အထဲ ဂျပန်က ကားသိမ်း ပစ္စည်းသိမ်း သမီးဆွဲ အိမ်သိမ်းတွေရန်က လွတ်အောင်ရှောင်ရတာက ပိုခက်သေးသည်။ မဟဝှါ အဖေကြီး မနေနိုင်မထိုင်နိုင် ရေဒီယိုဖွက်ထားတာကို ကလိတာလူသိမှဖြင့် ကင်ပေတိုင်လက်မရောက်ပါလား။ ဒီကြားထဲ လေနတ်သားတဲ့ သတင်းစာတွေ လေယာဉ်ပေါ်ကကြဲတာ ခိုးဖတ်ရ၊ မဟာမိတ်ပြန်အလာ မျှော်ကြရ။ ရှိသည့် ဗမာတပ်ကလဲ ဂျပန်တပ်အောက်မှာနေရင်း ဂျပန်ကျင့်အကုန်ယူကာ လူတွေကိုအာဏာပြတတ်သေး သည်။ အဲသဟာနှင့် မဟဝှါ မတ်တတ်မပြေးမီတွင် အင်္ဂလိပ်တွေပြန်လာသည်။ ဂျပန်အောက်က ဗမာတပ်က ကြိုဇယားညှိထားသည့်အတိုင်း ခြံခုန်သွားပြီး အင်္ဂလိပ်တပ်နှင့်ပေါင်းကာတပ်သစ်ဖွဲ့သည်။ ဂျပန်တခေတ်လုံး ဂျပန်ကိုရေစိမ်တိုက်လာသော ကရင်၊ ရခိုင်နှင့်ပြည်သူ့ပြောက် ကြားတပ်တွေ သူပုန်လိုလို၊ တရားမဝင်တပ်လိုလိုဖြစ်ကုန်သည်။ ဂျပန်ခေတ်က အဓိပတိကြီးနားဝိုင်းနေသည့် ရန်ကုန်မျက်နှာကြီးများလဲ နောက်လာသည့် ဗမာအစိုးရအဆက်ဆက်ကို သမီးပေးသမက်ယူနည်းနှင့် ဝင်လုံးသည်။ အင်္ဂလိပ်ကိုပုန်ကန်ခဲ့သည့် ဗမာစစ်ဗိုလ်တွေ အင်္ဂလန်စစ်ပညာသင်သွားသည့်ခေတ်တွင် အရင်ခေတ်မျက်နှာကြီးတွေ အိတ်ထဲဖိတ်ကုန်ကြသည်။ ဒါတွေကို ခင်နှင်းယုက အတက်နှင့်အဆင်း၊ ခံပွင့်စသည့်ဝတ္ထုများနှင့် စာစီသည်။

ထားတော့ မဟဝှါ ကျောင်းထားချိန်တွင် မိဘများလက်ထက်က နေရှင်နယ်ကျောင်းက မကောင်းတော့ပါဘူးဆိုပီး လွတ်လပ်သည့်မြန်မာပြည် ကြီးတွင် ဘိုကျောင်းပို့သည်။ ကျောင်းတက်စမှာ စစ်တွေဖြစ်ပြန်သည်။ ဂျပန်ခေတ်ကလိုပဲ လူတွေ ဟိုပြေးဒီပြေး မဟဝှါတို့ပင် ကံသီ၍ အစိုးရတပ်လက်က လွတ်သွားသည်။ ဂျပန်ခေတ်ကလိုပါပဲ လက်ကြဲကြီးကိုး။ အစုစု လူသိန်းချီသေ၊ ကျပ်ကုဋေချီဆုံးပီး နိုင်ငံခြားက လက်နက်တွေမှာရ၍ စီးပွားရေးမကောင်းတော့ချိန်တွင် ယိုပေါက်ခိုးပေါက်တွေက အာဏာရသူရဲကောင်းကြီးတွေ ခိုးကြလုကြရာက အဝေမမျှ၍ ကွဲပြဲကုန်ကြသည်။ နောက်တော့ သေနတ်အမြဲတမ်းကိုင်ထားသည့်သူရဲကြီးတွေက ဂျပန့်ခေတ်ကသေနတ်ကိုင်ဖူးသည့်သူရဲ ဟောင်းတွေဆီက အာဏာကိုကယ်တင်သည်ဟုဆို၏။ ဆိုရှယ်လစ်နိုင်ငံ တကယ်တည်မည်ဆို၏။ တိုင်းပြည်ကို လက်နက်နှင့် ထင်တိုင်းကြဲ တာကတော့ ဂျပန့်လက်ကျတွေပါပဲ။ အင်္ဂလိပ်၊ အမေရိကန်ကလဲ တပည့်သစ်တွေကို တယ်ချစ်၍ အမျိုးစုံကြည့်ရှုပါသည်။ တရုတ်ကြီးအောက် ရောက်သွားသည့်သူပုန်တွေကို ကာထားမည့် ဒိုမီနိုပြားတပြားစာပေးရတာပဲ သဒ္ဓါပါရဲ့။ ဒီအချိန်မှာပဲ မဟဝှါ အပျိုဖြစ်လို့ ဘုန်းနိုင်ဝတ္ထုဖတ်၊ မာမာအေးသီချင်းနားထောင်သည့်အရွယ် ရောက်ခဲ့သည်။ စာတွေသီချင်းတွေကတော့ ဂျပန်ခေတ်ကထက် အများကြီးပိုထွက်လာပါသည်။ တကယ်တမ်း အရည်အချင်းပီပီမြည်မြည်ရှိရဲ့လားဆိုတာကိုတော့ ထွန်းဦးထွန်းဖေ၊ အောင်လင်း၊ မောင်ကြည်ရှင်စသည့် မြန်မာမှုဂိုဏ်းများက သဘောကျထောက်ခံမည်မဟုတ်၊ ဆန်းချင်တိုင်းဆန်းလာတဲ့ အခြေခံမခိုင်တာတွေလို့ပဲ ပြောကြမည်၊ သက်ဝေပေါ်လာသည့်နောက် ဗမာသီချင်းက တန်းကုန်လေပြီဟု ဦးထွန်းဖေက ရေးပြလိမ့်မည်။ ဂျပန်ဝင်ခါနီးနဲ့ဂျပန့်လက်ထက်ကလဲ ဂျပန်အသွားနဲ့တေးဆန်းတွေ စစ်သီချင်းတွေ အများကြီးထွက်ခဲ့တာပဲ။ ခေတ်ဆိုတာ ပေါ်ပင်လိုက်ကြတာပဲ မဟုတ်လား။

ခက်သည်က မဟဝှါ ကောလိပ်အရောက်တွင် ပြည်ပနှင့်အဆက်အသွယ်တွေပြတ်ကုန်၍ သူ့ရှေ့က အမတွေလို အမေရိကန် ဖင်လန်ဆိုတာ တွေမသွားရတော့ ဘယ်လောက်တော်တော် ဗိုလ်ချုပ်ကြီးချွေးမ စစ်ဗိုလ်အမျိုးတွေ ခိုင်းဖတ်တွေမဟုတ်လျှင် မသွားရ၊ ဒါနဲ့ မဟဝှါ ရုံးမန်နေဂျာကြီးဖြစ်လာသည်။ အလုပ်ဖင်ဂျွတ်တက်အောင်လုပ်၍ ရာထူးတော့တဆင့်ချင်းတက်ပါသည်။ နိုင်ငံခြားသွားရဘို့ကတော့ တမျိုးခက်ပြန်သည်။ မဟဝှါမောင်တွေအကိုတွေက ပြည်ပြေးတွေ သူပုန်တွေဖြစ်နေသည်။ မဟဝှါအကြောင်းကို ရုံးထဲကပဲ ပြန်အစီရင်ခံ နေသူတွေလဲရှိ၏။ မဟဝှါငယ်စဉ်ကလဲ မိဘတွေက အာဘောင်နီတွေဆိုပီး မိဘမနိုင်လျှင် သားသမီးကိုအချောင်ဆော်တတ်သည့် အကျင့်လေးတွေကြုံခဲ့ရသည်။ မဟဝှါအကို တနိုင်ငံလုံးအဆင့်ဝင်ကျောင်းသားကို အင်ဂျင်နီယာကျောင်းပေးမဝင်စေသည့် အလိုတော်ရိဆရာမျိုးတွေ၊ နောက် မဟဝှါသူငယ်ချင်းအဆောင် စာသွားကျက်လျှင် ညအအိပ်မခံဘဲ ပြန်ခိုင်းသည့်အဆောင်မှူးတွေရှိ၏။ လွတ်လပ်သည့်ပြည်ထောင်စုနိုင်ငံကြီးမှာ လွတ်လဲမလွတ်လပ်တော့၊ ပြည်နယ်ခေါင်းဆောင်တွေကိုအမြစ်ဖြိုပီးကထဲက ပြည်ထောင်စုလဲ မဟုတ်တော့။ တောင်ပေါ်တွေမှာလဲ စစ်တွေကအခိုးတလူလူ၊ စစ်ကားရိုက်သည့်ရုပ်ရှင်တွေလဲ အကယ်ဒမီတွေရဆဲ။ စစ်သားကို လူတတန်းစားလိုဖြစ်အောင် ပညာရေးနဲ့လူထုဘဝထဲမှာလဲ မှိုင်းတွေကတိုက်ဆဲ။ သို့နှင့် အရေးအခင်းတဲ့ ဖြစ်ပြန်ပါပီ။ မဟဝှါလဲ နယ်က မြို့တက်ပြေးရသည်။ သူပုန့်အိမ်လိုမြင်နေကြသော မဟဝှါတို့အိမ် အရှာခံရသည်။ မဟဝှါအမျိုးတွေ တောခိုကြ၊ ထောင်ကျကြနှင့် မဟဝှါလဲ ဆံပင်အတော်ဖြူလာပီ။ လူတွေလဲ ဂျပန့်ခေတ်ထက်တောင် ပါးရှားရှာတယ်အေ၊ မဆလခေတ်ကျပ်လှပီမှတ်တာ ဒီခေတ်က ပိုဆိုးပါကလားလို့ မဟဝှါအမေကြီးမသေခင်က ညည်းညည်းသွားတာကို မဟဝှါ ပြန်ကြားနေတတ်သည်။

ကောင်းတာတွေလဲ ရှိပါတယ်အမေ၊ ဂျပန့်ခေတ်ကလိုတော့ မြို့ကလူတွေ စစ်မပြေးရတော့ဘူးပေါ့။ နိုင်ငံခြားပဲထွက်ချင်နေကြတာ၊ ပတ်စပို့ရုံး မှာလဲ လူတွေစီလို့။ ခုခေတ်မှာ ကျမတို့ခေတ်ထက်သာတဲ့ ဒေါ်လာစားဆိုတဲ့အလုပ်တွေ ပေါ်နေပါပီ။ အန်ဂျီအိုဆိုတဲ့အလုပ်ကလဲ ခွေးလှေးပျားတော လူဆင်းရဲရှိတိုင်း ထောင်နေကြတယ် အမေ။ အမေ့ကို ခေါင်းတင်ဖွဲ့ခဲ့တဲ့အန်ဂျီအိုမှာတောင် ထောင်တဲ့ဘုန်းကြီးက စိတ်ဖောက်ပီးငွေစာရင်းမရှင်းနိုင်လို့ ဇာတ်တွေရှုပ်နေတယ်ဆိုပါလား စသည့်စကားတွေက မဟဝှါ ဘုရားရှိခိုးတိုင်း သူ့အမေကိုတပီး ပြောတတ်သည့်စကားများဖြစ်သည်။
ဒါနဲ့ အမေ၊ ကျမတို့ငယ်ငယ်ကလို ပါတီတွေ၊ လွှတ်တော်တွေ ပြန်ဖြစ်နေပြန်ပီ။ ဒီတခါ ဦးနုတော့ မရှိတော့ဘူး။ ဒေါ်စုတဲ့ အမေတို့ ခေါ်နေကျကောင်မလေးက နိုင်ငံရေးသမားကြီးဖြစ်နေပီ။ ဗမာစကားကို ဘိုသံကြီးနဲ့ပြောပေမယ့် ဗမာစိတ်တော့များပုံရတယ် အမေရဲ့။ ဗမာလိုနားလည်တဲ့ပရိသတ်ကို သူ့လောက်မှမတတ်မသိလို့ ကရုဏာဒေါသောနဲ့ဆိုဆုံးမနေတာ အားပါးတရပဲ။ ရွာက အသက် ၈ဝ ၉ဝ ဆရာတော်ကြီးလိုပဲ။

ဆရာတော်ဆိုလို့ တလောက အမေတို့ကိုးကွယ်တဲ့ ရွှေကျင်တိုက်အုပ်ကြီးက ကျမကိုမေးတယ်.. ဟဲ့ မိဟဝှါ အခု ဘာခေတ်တုံးဟေတဲ့။ ကျမလဲ သူဘာပြောချင်မှန်းမသိတာရော သူ့ကို စချင်တာနဲ့ရော မသိပါဗရား၊ ဂျပန့်ခေတ် မှတ်တာပဲဗရားလို့လျှောက်တော့ အေးဟဲ့ ဟုတ်ပုံရတယ်၊ တလောက ငါဗယာကြော် ဘုဉ်းပေးချင်လို့ ကလေးတွေ ကပ္ပိခိုင်းတာ တကွင်းကို ၅ဝ တဲ့ဟ.. နင့်အမေတဲ့မှပဲ.. ဂျပန်ခေတ်ပဲ နေရမယ်။ ငါ့ကျောင်းလဲ ဘာလမ်းဖောက်မလို့ဆိုလား သိမ်းမယ်ပဲ လာလာပြောနေတယ်။ ငါ တောင်ခြေဇရပ်သွားနေရမှာလား .. ဒီဂျပန့်သားတွေ တယ်လဲအရှိန်အစော်ပြင်းသဟဲ့လို့ မိန့်တယ်။ လွတ်လပ်ရေးတွေ၊ ဒီမိုကရေစီတွေ မသိချင်တော့ပါဘူးအမေရယ်၊ အမေပြောတဲ့အင်္ဂလိပ်ခေတ်ကမှ ဈေးသက်သက်သာသာနဲ့အသက်ရှူချောင်လိမ့်အုံးမယ်။ အင်္ဂလိပ်လဲ အခု ပြန်လာမယ်လို့ ပြောသံကြားတယ်။ ဘဏ်ဖွင့်မယ်ဆိုလား၊ ဘိလပ်ရေရောင်းမယ်ဆိုလားပဲ အမေရေ့။
မဟဝှါပြောချင်သေးသည်ကတော့ ဟဝှါဒေးလီးထွက်မှပဲ ဖတ်တော့နော။
ဘိုဘိုလန်းစင်
ယူတာက http://bobolansin.wordpress.com

0 comments:

Post a Comment