ကျနော်
မနေ့ညကရေးပြီးတင်ခဲ့တဲ့စာစုဖြစ်တဲ့ (မလဲစေလိုသည့်အရင်းနှင့် ထင်းမဖြစ်စေချင်သူများ)ကို
ဖတ်သူမိတ်ဆွေအားလုံးကို ကျေးဇူးတင်ကြောင်း ဦးစွာပြောပါတယ်ခင်ဗျား။ ကျနော်နဲ့ နိုင်ငံရေးဥပဓိချွပ်စွပ်နီးပါးတူတဲ့မိတ်ဆွေတစ်ဦးကို “ဖတ်ပြီး အမြင်လေးသိချင်တယ်ဗျာ။ အချိန်ရရင်
ကွန်မန့်တစ်ကြောင်းလောက် ချန်ထားခဲ့ပါလား၊ ကျနော် ပြန်တက်လာတော့ဖတ်မယ်”လို့ပြောဖြစ်ပါတယ်။
သူဖတ်နေတုန်းမှာပဲ ဖတ်ပြီးသွားတဲ့မိတ်ဆွေတချို့ဆီက ကွန်မန့်လေးတွေတက်လာတာမြင်တော့ အားတက်သရောဖတ်ဖြစ်ပါတယ်။
လိုင်းပေါ်ကဆင်းမယ့်ကိစ္စကို ဖျက်လိုက်တဲ့အထိပါပဲ။ တချို့ကို ချက်တင်န်းဘောက်စ်ကနေ ပြန်လည်းပြောဖြစ်ပါတယ်။
ဦးဦးမှော်ဆရာနဲ့တော့ ကွန်မန့်ကိုကွန်မန့်နဲ့ ပြန်ပြောဖြစ်ခဲ့ပါတယ်။ ဒီတင် အကင်းမသေနိုင်တဲ့စိတ်ကူးဟောင်းက ရွပိုးထိုးလာပါတယ်။
ဒီလိုဗျာ..
ဗိုလ်(ဟောင်း)ခင်ညွန့် နိုင်ငံရေးပြန်လုပ်တော့မလိုလို လေသံထွက်လာချိန်က (ပုဇွန့်ခေါင်းနန်းကျပေါက်ကောင်)ဆိုပြီး
ကျနော် စာတိုလေးတခုရေးပြီးတင်ပါတယ်။ ဘက်သဘောတွေအရ ထောက်ခံသူကန့်ကွက်သူတွေနဲ့ ဖေ့စ်ဘွတ်ရိုးရာမပျက်
စည်စည်ကားကားပေါ့နော။ ရုန့်ရင်းသူတချို့ကို မိတ်ဆွေစာရင်းကဖျက်လိုက်ရတာတော့ရှိခဲ့ပါတယ်။
အဲ့ဒီစာစုကိုအကြောင်းပြုပြီး ရေးလာတဲ့ကွန်မန့်တွေထဲက တချို့ကွန်မန့်တွေက စဉ်းစားတွေးတောစရာအပြင်
ချိန်ဆစရာတွေပါ ပါတယ်ခင်ဗျ။ ဒါနဲ့ ကျနော်လည်း ဒီကွန်မန့်တွေ ပြန်စုပြီးပြန်တင်ရရင်
စိတ်ဝင်စားသူတွေအတွက် အကျိုးများမယ်တွေးပြီး ပြန်စုပြန်တင်လုပ်ပါတယ်။ ထင်တဲ့အတိုင်းအပြည့်မဟုတ်တောင်
များတန်သလောက်အကျိုးများခဲ့ပါတယ်။ လုပ်မိပြီး အားလည်းတက်ခဲ့ရတာအမှန်ပါပဲ။
ခု
ဒီစာစုရေးပြီးတင်တော့ အဲ့စိတ်ကူးနဲ့အတွေး မရှိဘူးဗျ။ တွေးမိတာက တချို့ရဲ့ ခါးခါးသီးသီးအငြိုအငြင်ကို
ခံရနိုင်တယ်၊ တချို့နဲ့ မိတ်ပျက်သွားနိုင်တယ်ဆိုတာလောက်ပါပဲ။ ဒါလည်း ကိစ္စတော့မရှိပါဘူးနော။
နိုင်ငံရေးကိုယ်ပိုင်အမြင်ရှိရုံမက အဲ့ဒီအတိုင်း ဆုပ်ကိုင်ရပ်ခံတတ်သူတွေ ကြုံရမြဲဓမ္မတာပဲမဟုတ်လားဗျာ။
ကြိုတွက်မိတာတခုကတော့ လူပုဂ္ဂိုလ်အကြည်ညိုလွန်သူတချို့ပါ ဝင်ပါပြီး မကြားဝံ့မနာသာတွေများ
ပြောလာမလားပေါ့ဗျာ။ ဒါနဲ့ ရေးတယ်၊ တင်လိုက်တယ်၊ တုန့်ပြန်မှုတွေရတယ်။ ဒါပေမယ့် ကျနော့်တွက်ချက်မှုနဲ့
ပြောင်းပြန်ဖြစ်လာတယ်ဗျာ။ အဲ့လိုပြောလို့ (ဒီလူ လာ ပလီနေတယ်)လို့ ပြောကြမလားထင်ပါတယ်။
အဟုတ်ပါပဲ။ အောက်မှာ ကွန်မန့်တွေဖတ်ကြည့်ပါလား။ အဲ့အထဲက လူခြောက်ဦးက ကျနော်က ကွန်မန့်လေးရေးထားပေးခဲ့ပါ ဆိုသူတွေဖြစ်ပါတယ်။
သူတို့ကိုတော့ သူတို့လိပ်စာတွေပါတင်ပေးလိုက်ပါတယ်။ အခြားသူတွေကတော့ ခွင့်ပြုချက် မတောင်းရသေးတာမို့
မတင်ပါဘူးခင်ဗျား။ အကယ်၍ (ခွင့်ပြုချက်လိုသေးလို့လားဗျာ အမည်ရင်းတွေနဲ့ ကွန်မန့်တောင်တက်ရေးနေတာပဲဟာ)လို့ ပြောမယ်ဆိုရင်တော့ အားလုံးရဲ့လိပ်စာတွေ ဖော်ပြချင်ပါတယ်ခင်ဗျား။
စန်းထချိန်ပြောတော့ ဖိလစ်ပိုင်က ဂျပုမလေးကို သတိရတယ်ဗျာ။
ထက်ထက်မိုးဦးတောင်လိုက်မမီဘူး။ နောက်တော့ ရုံးချိန်းလည်း ထွက်ရော.. ဘယ်ကအဖွားကြီးလဲလို့တောင်ထင်ရတယ်...အာရိုယို..အာရိုယို...။
(ဒီကွန်မန့်ရှင်က ကျနော်တို့ချစ်မြတ်နိုးစွာခေါ်တဲ့
ဗူးသီး..တဲ့။ ဘိုကလေး အန်င်အယ်ဒီကလူငယ်ပဲ။ ထောင်ထဲရောက်တော့ အသက် ၂ဝ လောက်ရှိမယ်ထင်တယ်။
သူနဲ့ ကျနော် သာယာဝတီမှာ တတိုက်တည်း ၂ ခန်းကျော် (၅)နှစ်ကျော်အတူနေခဲ့ဖူးပါတယ်။ ခုတော့
သူက နော်ဝေမှာ။ သူပြောမှ အဲ့ဒီ မိန်းမပု စွာတာတာလေးကို ပြန်မြင်တယ်။ ဝတ်တာစားလည်း စမတ်ကိုကျလို့။
တစ်ယောက်ကပြောင်ပြီး သူ့နံမည်ကို အာယိုယိုဆိုပြီး နာလို့ မဲ့နေတဲ့မျက်နှာနဲ့ခေါ်ပြတာ
မှတ်မိနေတယ်။ ဒီ မိန်းမပုလေး စန်းထလာတော့ ချီးမြှောက်ကြတာအလွန်များပါတယ်။ သူလည်း စစ်ဗိုလ်ဟောင်းတွေ၊ ခရိုနီတွေနဲ့ပေါင်းပြီး သူ့နိုင်ငံရေးကျင့်ဝတ်ကို ရောင်းစားခဲ့သလိုဖြစ်ခဲ့ဖူးပါတယ်။
ဒီနေ့ ဖိလစ်ပိုင်စစ်တပ်နဲ့ ဖိလစ်ပိုင်နိုင်ငံရေးပုံစံကို ဗမာပြည်ကစစ်ဗိုလ်တွေ အားကျနေလောက်မှာပါ။
သူတို့လည်း အဲ့သလိုတိုင်းပြည်မျိုး လိုချင်မှာပါပဲ။ အင်ဒိုနီးရှားစစ်ဗိုလ်ကြီးနဲ့ သူ့ပြုပြင်ပြောင်းလဲရေးတော့
စံထားလိမ့်မယ်မထင်ပါကြောင်း။ သြော်..ဒါနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဖိလစ်ပိုင်သွားကြတယ်နော။
လေ့လာရေးခရီး..တဲ့။ သူတို့ ဘာတွေများလေ့လာခဲ့ကြပါလိမ့်။ သတင်းစာတွေတော့ ရှင်းကြဦးမယ်ထင်တယ်။
သူတို့နဲ့ပတ်သက်တဲ့သတင်းတွေက ဟုတ်လည်းဟုတ်တယ် ရှုပ်ပွနေတာကိုး)
ထိုအနေအထားတို့ကို လက်နက်ကိုင်တော်လှန်ရေးတို့နှင့်
ချိန်ထိုးကြည့်လျှင် ပိုပေါ်လွင်မည်ထင်၏။
(သူကတော့ ကျနော်မဲဆောက်နေတုန်း ထိတွေ့ခဲ့ဖူး ဂျီတိုက်ခဲ့ဖူးတဲ့
ကဗျာဆရာပါ။ မောင်လွမ်းဏီ..တဲ့။ ကျနော့်ကို သူက မွှေကြီး..တဲ့။ သူက ဘာမှမပြောဘူး သူ့အမြင်ကို။
ကျနော့်စာ တစ်ကြောင်းပဲ ပြန်ကူးပေးလိုက်တယ်။ အဲ့စာကြောင်းက သူ့ရင်ဘတ်ကို တည့်တည့်သွားစူးပုံပဲ။
အဲ့စာကြောင်းကပဲ သူ့အမြင်နဲ့သွား ထပ်မိဟပ်မိနေလို့များလား။ ကျနော်နဲ့သူ ပဲခူးရိုးမမှာ
ကွန်မြူနစ်ပါတီဖြစ်ခဲ့တဲ့ဖြစ်စဉ်အကြောင်းနဲ့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း)မှာဖြစ်ခဲ့တဲ့
နာကျင်စရာကိစ္စတွေကို ပြောဖြစ်ကြပါတယ်။ ပြောတိုင်းလည်း နာကျင်ရပါတယ်။
ဟီးဟီးဟင့်...အစကဒီလိုဖြစ်လာမယ်မှန်းသိရင် အမေ့ဆီပြန်မလာပါဘူး။
ခုတော့သားသမီးတွေကိုပြစ်ပြီး ဘယ်ကိုရောက်နေတာလဲ...။ စဉ်းစားပါဦး…မေမေရယ်နော်။
(ဒီတယောက်ကတော့ မိန်းကလေးများဖြစ်မလားပဲ။ ဖေ့စ်ဘွတ်ခ်မှာ
မိတ်ဆွေဖြစ်ကြတယ်။ ကျနော်ရေးတာတွေ အားလုံးလိုလိုဖတ်တတ်တယ်။ တခါတခါ လှောင်သလို ကလိသလို
ထေ့သလို ငေါ့သလိုမှတ်ချက်လေးတွေ ရေးတတ်တယ်။ နိုင်ငံရေးစကားကို အရပ်သားပြော ပြောတယ်လို့ဆိုရင်
နိုင်ငံရေးသမားက ဘာသားမို့လို့လဲလို့ပြန်မေးတတ်မယ့်သူမျိုးများ ဖြစ်လေမလားပဲ။ တခါတလေ
သူပေးတဲ့မှတ်ချက် သူပြောတဲ့စကားတွေက နိုင်ငံရေးသမားဆိုသူတွေ စာရွက်လေးနဲ့ရေးပြီး ခေါင်းရင်းမှာချိတ်ထားဖို့တောင်ကောင်းတယ်ထင်မိတာပါပဲ)
အခြေခံဥပဒေဟာ အစိုးရနဲ့စစ်တပ်ကို သွေးခွဲထားတယ်။
တိုင်းပြည်နဲ့စစ်တပ်ကို ကျောသားရင်သားခွဲထားတယ်။ စစ်တပ်ယုံမှ အာဏာရမယ်။ ခရိုနီတွေယုံကြည်ရုံနဲ့
အာဏာမရနိုင်ဘူး။ အဲဒီ ကော်ဇောအိတ်သမားတွေက pragmaticism ကိုအံခွနေပြီ။ ကိုယ်က အခုမှ။
ဒီမြေပုံအတိုင်း ဆို .....Sorry.....။ တို့ဆီမှာ ခုချိန်ထိ ဘာ Road Map မှမရှိသေးဘဲ။
အဲဒီတော့ သူတို့ရဲ့မြေပုံအတိုင်း မြင်းတစီးဓားတလက်နဲ့ ဆက်ဆွဲနေပုံရတယ်။
(သူက ကဗျာရေးတဲ့ အေအမ်တီ။ နိုင်ငံရေးအကျဉ်းသားဟောင်း။
ထိုင်းမှာ ကျနော်နဲ့ဆုံးခဲ့ဖူးတယ်။ ခု အမေရိကားရောက်နေတယ်။ သူ့ကဗျာတွေ အကုန်လိုလိုကျနော်နှစ်ခြိုက်တယ်။ ဟိုတလောက သူရေးတဲ့ ငါးတစ်ကောင်ရဲ့နွေတေးဆိုတဲ့ အက်ဆေးလေးလိုလို တပုဒ်များ
ဖတ်ရင်းမျက်ရည်လည်ပြီး စာလုံးတွေဝေဝေကုန်လို့ မျက်တောင်ခဏခဏခတ်ရပါတယ်။ နိုင်ငံရေးဆိုတာ
မြင်းတစီး ဓါးတလက်နဲ့လုပ်လို့ရတဲ့အရာမဟုတ်ကြောင်း သူပြောတာပါပဲ။ ဒါပေမယ့် ကိုယ့်ဆီမှာ
ဘာလမ်းပြမြေပုံ တနည်းပြောရရင် ဘာလမ်းစဉ်၊ ဘာသေနင်္ဂဗျူဟာမှ မရှိတော့ သူ့လမ်းပေါ် တစ်ကိုယ်တော်
မြင်းတစီးဓါးတလက်နဲ့ “ဆက်ဆွဲ”နေရတယ်..တဲ့။ “ဆွဲတယ်”ဆိုတာက အပြင်မှာလည်း သုံးကြမှာပါ။
ထောင်ထဲမှာတော့ စားဝါးတာလည်း ဆွဲတာပဲ။ စကားအရည်မရအဖတ်မရ ပြောတယ်ဆိုလည်း ဆွဲတာပဲ။ လိင်တူချင်းဆက်ဆံတာကိုလည်း
ဆွဲတာပဲ။ နေရာအတော်များများမှာ ဆွဲတယ်ဆိုတာကို သုံးပါတယ်။ ခု သူပြောတဲ့ “ဆက်ဆွဲ”ဆိုတာတော့
သူ့အဓိပ္ပါယ်နဲ့သူသုံးတာနေမှာပါ။ ကဗျာဆရာဆိုတာ စကားလုံးနဲ့ အဘိဓမ္မာကို ထုဆစ်သူမဟုတ်လား)
သိပ်တော့စိတ်မပူနဲ့ ကိုမျိုးမြင့်ရေ..ခင်ဗျားပြောသလို
ထင်းဖြစ်ရင်တောင် ခရိုနီတွေကမှ ငါတို့ကိုဝယ်ပြီး မီးမွှေးနိုင်သေးတယ်.. မင်းက ငါတို့ဝယ်ပြီး
မီးမွှေးနိုင်လို့လားကွ..ဆိုပြီး ပြာပုံအောက်ကနေ နှုတ်သီးကောင်းလျှာပါးနဲ့ ခင်ဗျား ထ
ရန်တွေ့နေဦးမှာ...။
(ဇော်ကြီးလို့ ကျနော်တို့ ရင်းရင်းချာချာခေါ်တဲ့
ကဗျာရေးတဲ့သစ်ကောင်းအိမ်။ သူလည်း နိုင်ငံရေးအကျဉ်းသားဟောင်းပါ။ ကျနော်က အဖျားတွေထင်းဖြစ်မှာပူနေတယ်ထင်ပြီး
မပူနဲ့လို့ တခုတ်တရအားပေးလိုက်တာမှန်းသိပါတယ်။ ဆက်ပြောတာက ခင်ဗျား ပြာပုံအောက်ကနေ
ထ ရန်တွေ့ခံရမှာ..တဲ့။ သူပြောမှ သြော်..ဟုတ်သားပဲ..ငါ့နှယ်မနေနိုင်မထိုင် ပူတတ်ရန်ကောလို့တော့
အတွေးမပေါ်မိဘူး။ သူတို့အတွက်တော့ မပူမိဘူး ဇော်ကြီးရေ။ ပူတာက လူထုအတွက်ပါ။ သူပြောတဲ့
ပြာပုံကိုလည်း ဒီလိုတွေးမိပြန်တယ်။ ငရဲကလူတွေမကြောက်တဲ့ ပြာပူပုံလား။ ဒါမှမဟုတ် မွဲချင်တဲ့အကောင်တွေတိုးတဲ့ ပြာပုံလားပေါ့ဗျာ။ ဘာ ပြာပုံပဲဖြစ်ဖြစ်ပါ ဘယ်လောက် မကြောက်ရင်ဖြစ်ဖြစ်ပါ။ ဘယ်လောက်
မွဲချင်ချင် မချင်ချင်ပါ။ တိုးမိရင်တော့ ပြာပုံထဲမှာ “ပျာယာခပ်ပြီး ”“ပြာ”ဖြစ်သွားမှာပဲ။
ပြာပူလောင်မှာပဲ။ နောက်ဆုံး ပြာကျမသွားရင် ကံကောင်းပေါ့သူငယ်ချင်းရာ။ ကဗျာဆရာတွေများ
စကားလုံးတွေကိုမှော်သွင်းရာမှာ ပဉ္စလက်ဆရာတွေကျနေတာပဲ။
ဝတ္ထုတို စာရေးဆရာဆရာချစ်လှိုင်ရဲ့“စည်းကျိုးသဖြင့်
ဘက်ပြိုင်အံတုခံရခြင်း” ဝတ္ထုတိုကလေးကို အမှတ်ရမိတယ်။ နိုင်ငံရေးမှာ“စန်း” ရှိသည် မရှိသည်ကိုတော့
ကျနော်မသိပါ။ ကျနော်သိသည်ကတော့ နိုင်ငံရေးဆိုတာအကျိုးစီးပွားတခုခုကို ကိုယ်စားပြုလုပ်ရတာပါပဲ။
လူတစုအတွက်လား... လူထုအတွက်လား... စသည်ဖြင့်ပေါ့။ နိုင်ငံရေးသမားဟာ သူကိုယ်စားပြုတဲ့ လူထုလူတန်းစားအကျိုးကို
ကိုယ်စားမပြုတော့ဘူးဆိုရင် သူ့ရဲ့နိုင်ငံရေး“စည်း”ကျိုးတာပါပဲ။ အဲဒီထက်ပိုပြီး အကျိုးစီးပွားအရ ရန်သူဖြစ်နေတဲ့လူတစုအကျိုးစီးပွားဘက်က ရပ်မယ် ကာကွယ်မယ်ဆိုရင်တော့ စည်းက ကျိုးရုံတင်မက..ကမ်းပါပြိုရမယ့် အဖြစ်မျိုးပါ။
ကျနော်မြင်တာက လူထုကသမိုင်းကိုရေးနေတာပါ။ သမိုင်းကတော့ အညှာအတာကင်းတယ်လို့ ယုံကြည်မှတ်သား မိခဲ့တယ်။
လူဟာ နိုင်ငံရေးသမားဖြစ်ဖြစ်..ဘာဖြစ်ဖြစ် “ကိုယ်လုပ်တာကိုယ်ရတာပါပဲ”။ အနှေးနဲ့အမြန်ပေါ့
... ။ ဒါလောက်ပါပဲ ဘဲကြီး (ကိုမျိုးမြင့်)ရေ ....။
(ကျနော်တို့က ကိုပေါက်လို့ ခေါ်တဲ့ သူပုန်ကဗျာဆရာ
ကမာပုလဲ..ပါ။ ကိုပေါက်က ပေါက်ရင်တကယ်ပေါက်တာဗျ။ ကျနော်တို့ ကျောက်စားပွဲလေးမှာထိုင်ပြီး
အတူတူပေါက်ခဲ့ကြဖူးတာတွေလည်း သတိရတယ်။ လောက်ခေါင်နဲ့ရောင့်ရဲ့ခဲ့ရတဲ့ ထုံထောင်းရဲ့ ညနေခင်းတချို့ဟာလည်း လွမ်းလောက်ပါတယ်။ စာအတူရေးကြတယ်။ ကဗျာတွေ အတူခံစားခဲ့ကြတယ်။ ကွန်ပြူတာ အဟောင်းကြီးတလုံးရှေ့ချပြီး
အင်ဒရူးဝိုင်းယက်ရဲ့ ခရစ္စတီးနားရဲ့ကမ္ဘာ၊ ဗင်ဂိုးရဲ့နေကြာပန်းတွေအပါအဝင် အာရုံဝင်ခဲ့ကြတဲ့
ပန်းချီကားတွေနဲ့ သစ္စာမဂ္ဂဇင်းအပေါ်ထပ်မှာ ညတိုင်းနီးပါး လွတ်ခဲ့ကြတဲ့ညစာတွေလည်း ပြန်သတိရတယ်။
ဒီ ကျနော့်စာစုမှာ ကျနော်က စန်း လို့ပြောတယ် သူက စည်း လို့ဆိုတယ်။ ကျနော်က ဒါကို “စံ”လို့
ထပ်မပြောတော့ဘူး။ သူပြောတာနဲ့တင် လုံလောက်ပြီထင်လို့ပါ။ ကိုပေါက်ရေ ကိုယ်လုပ်တာ ကိုယ်တကယ်ရကြရင်
ကောင်းတယ်ဗျာ။ ကိုယ်လုပ်တာကိုယ်ရမယ့်ခေတ် လည်း မျှော်မိတယ်ဗျာ။ ခက်တာက ကိုယ်လုပ်တာတွေ
သူချည်းယူယူသွားပြီး သူပြန်ပေးတဲ့ မဝရေစာလေး၊ သူချချကျွေးတဲ့ မသဓာရေစာလေးလောက်စားရရုံနဲ့တင်
မန်ဝင့်မောက်မာသူတွေနဲ့တော့ ကိုယ်လုပ်တာကိုယ်ယူ ကိုယ်ရတဲ့ခေတ်ထဲ အတူမစီးဆင်းချင်ဘူးဗျာ။
အမှန်ပြောတာပါ။
ကျနော်တို့ပြည်သူတွေအနေနဲ့ ဦးအုန်းကြိုင်ပြောတာကို
မကြိုက်ပါဘူး။ ရှေးကအစိုးရတွေက တိုင်းပြည်မွဲအောင်ဖျက်ခဲ့တယ်။ နောက်တက်လာမယ့်အစိုးရအနေနဲ့
လူငယ်တွေကို အတွေးအခေါ်တွေပျက်အောင်မလုပ်ပါနဲ့...။ ပြောတဲ့လူတွေက တိုင်းပြည်က ဘာမှခိုးမရောင်းစားလို့
တပြားမှမပေးနိုင်ပါဘူး။ ဘဝတွေပေးပြီးလို့ မသေရုံတမယ်ကျန်တာပါ..။ ကျနော်တို့လည်း ဒီလိုမှန်းသိရင်
(၁၈)နှစ်သားလောက်ကတည်းက ဘာဒီမိုကရေစီမှမတောင်းဘဲ ခရိုနီဖြစ်အောင်လုပ်မှာပေါ့..။
(ဒါလည်း နော်ဝေက ညီလေး ဗူးသီးပါပဲ။ “ပိုက်ဆံရှိရင်
လုပ်ချင်တာလုပ်လို့ရတယ်”ဆိုတဲ့ အတွေးအခေါ် အကောက်အယူဟာ လုပ်ချင်ရာတွေကို လုပ်ချင်တိုင်း
ထင်တိုင်းကြဲလုပ်ချင်သူတွေအတွက်တော့ အမှန်တရားပါ။ ဂုဏ်ဆိုတာငွေကိုခေါ်တယ်ဆိုတာ လည်း
ငွေဆိုတာဂုဏ်ပဲလို့မှတ်သူတွေအတွက် အမှန်တရားပါ။ ဗူးသီးပြောချင်တာက လောကမှာ ပိုက်ဆံနဲ့လုပ်ယူလို့မရတဲ့ အရာတွေ၊
ပိုက်ဆံရှိရုံနဲ့လူ့ဂုဏ်သိက္ခာမစုံလင်ဘူးလို့ ဆိုတာမျိုးတွေများ ဖြစ်မလားထင်တယ်။ ဟုတ်တယ်
ဗူးသီးရေ။ အမှန်ပဲ။ ကျနော့်ဆွေမျိုးထဲကလူချမ်းသာတယောက်က ကျနော့်ကို လူမိုက်လူညံ့လို့
“ဆန်မရှိသောက်စားကြီး”လို့ ယိုးတာကို ကျနော်ကမနာပဲ သူ့ကို “အကိုက ပိုက်ဆံကလွဲလို့ ဘာမှမရှိတဲ့လူ”လို့
ကျနော် ပြန်ပုတ်ခတ်တော့ သူ ယမ်းပုံမီးကျဖြစ်ခဲ့ဖူးတာ သတိရမိပြန်တယ်။ ခုလည်း အထိမခံဖြစ်ကြတာ
ဟိုလူတွေက ရွှေပန်းကန်ကြီးတွေဖြစ်လို့များလား တွေးကြည့်ပါဦး။
စန်းလေးထတုန်းမှာ ထိသမျှ ရွှေပေါ့အကိုရာ။ ငွေကြးနဲ့
အာဏာနဲ့ မြင့်မားလှတဲ့အခြေအနေတစ်ခုက အမြဲတမ်းတည်နေမယ်လို့များ သူတို့ထင်နေရှာလားမသိ။
အန်တီစုမရှိတော့တဲ့ NLD ကို မျှော်ကြည့်တော့ အာဏာရူးတွေမြင်မိတယ်။ လွန်ခဲ့သောနှစ်များက
ကျနော်တို့ မျှော်လင့်ခဲ့သမျှ အခုချိန်တည်းက တတိတိတိုက်စားခံနေရ။ (စိတ်ပျက်မိတယ်)
(ဒီ တယောက်ကတော့ အခြားအရေးအရာနဲ့ ဖြစ်တည်မှုအားလုံးနည်းတူ
နိုင်ငံရေးကိုလည်းသတိသံဝေဂသဘောနဲ့ ဆင်ခြင်တတ်ပုံပါပဲ။ သူတော်ကောင်းတရားကျင့်တာနဲ့
နိုင်ငံရေးလုပ်တာဟာ အလွန်ခြားနားတာမှန်ပေမယ့် သူတော်ကောင်းတရား အခြေခံအချို့ကိုလက်ကိုင်မပြုတဲ့နိုင်ငံရေးဟာ ကျင့်ဝတ်ပျက်နိုင်ငံရေး Unethical Politics ပဲဖြစ်ရမှာပါ။ ကျင့်ဝတ်ပျက်နိုင်ငံရေးရဲ့
လားရာဟာ သန္ဓေပျက်ဉာဉ်ဆိုးမို့ အချိုးအကွေ့တခုရောက်ရင် ဗုံးဗုံးလဲမှာအသေအချာလို့ ထင်ပါတယ်။
ဒေါ်စုမရှိတဲ့ NLD ကို သူ တွေးဆပုံဖော်ကြည့်မိပြီး စိတ်လေးနေပုံပေါ်တယ်။ ဒေါ်စုမရှိလည်း
ဗမာ့နိုင်ငံရေး၊ နိုင်ငံရေးလူနဲ့ နိုင်ငံရေးပါတီတွေက ဆက်ရှိသွားမှာတော့သူ့စကားမှာပါပြီးသားမို့
ပြောစရာမရှိပါ။ ကဗျာဆရာ ဟုတ်ပုံမရပေမယ့် ကဗျာဆန်လှတဲ့အရေးကတော့ သြောချပါတယ်။ ဘာတဲ့..
လွန်ခဲ့သောနှစ်များက ကျနော်တို့မျှော်လင့်ခဲ့သမျှ အခုချိန်ကတည်းက တိတိတိုက်စားခံနေရ..ဗျာ။
ကျနော် အဲ့ စာကြောင်းလေးဖတ်ရင်း နောက်ဆောင်းပါးတပုဒ် ရေးမိမယ်ထင်ပါတယ်။ ကျေးဇူးတင်တယ်ဗျာ
အတွေးသစ် ဝင်အောင်ဖြစ်စေတဲ့ ခင်ဗျားစာတိုလေးအတွက်။
"ခမျာ လင်မရှိ မုဆိုးမ ပါကွယ်။ စားစရာမရှိလို့
တောင်းရမ်းရတာပါ"။ "ထိသည်၊ မိသည်၊ လွန်စွာကောင်းမွန် ချက်လက်မှန်သော သုံးသပ်မူဖြစ်သည်"
(ဒီတစ်ယောက်ကတော့ ပထမတစ်ကြောင်းမှာ ထေ့သည် ငေါ့သည်
ရိသည် ကလိသည်ပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးဆန်လွန်းတယ်လို့ ဆိုချင်သူများလည်းရှိမှာပါ။ တကယ့်လက်တွေ့မှာလည်း နိုင်ငံရေးပုဂ္ဂိုလ်ဆန်သလို
ပုဂ္ဂိုလ်ဆန်နိုင်ငံရေးလည်းရှိရမှာပါ။ ဒီဘက်မှာ ၆ဝ-၇ဝ ခုနှစ်ကာလများဆီကနေ ခုထိတိုင်
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေ မကြာမကြာပြောကြဆဲစကားနဲ့ဆိုရင် “The Personal
is Political”ဆိုတာမျိုးပါ။ ထူးခြားတာက အဲ့ဒီ ဝါကျမှာ နာမဝိသေသနချည်းသုံးထားတာဖြစ်ပါတယ်။
ဘာသာပြန် နားလည်လွဲရင် အမှတ်မှားမှာစိုးပါတယ်။ ဒို့ခေါင်းဆောင်မထိနဲ့ ဒါးကြည့်ဆိုပြီး
ဒါးကြိမ်း ကြိမ်းကြတာလည်း ပုဂ္ဂိုလ်ဆန်နိုင်ငံရေးမျိုး လို့ဆိုရမှာပါ။ ကျနော့်ဆောင်းပါးကိုတော့
ထိသည် မိသည် ဘာညာဆိုတာမျိုးရေးထားတာမြင်တော့ ပီတိဖြစ်တာအမှန်ပါ။ ဒါပေမယ့် မျက်နှာတော့
အပူသား။
နိုင်ငံရေးဟာ ဘောလုံးလိုဘဲတဲ့ ဆရာမျိုးတို့ ဘောပွဲကြိုက်တယ်
ထင်တယ်။ ဒါဆိုရင် ပွဲမပြီးခင် ပြောလို့ရတာလေးပြောရမယ်ဆိုရင် နှစ်ဖက်အသင်းကို အနီကဒ်ပြလိုက်ဗျို့။
ပွဲသိမ်းလိုက်တော့။ ခေါက်ဆွဲစားနေတာ နှစ်ဖက်စလုံးဘဲ။ "စန်း" ကတော့ ခင်စန်းဝင်းဘဲ
နှစ်ပိုင်းတပိုင်း အခြောက်မ..ဟ ဟ၊ စန်းထနေရင် သူ့ယောင်္ကျားဆုံးမလိမ့်မယ်..။
(အဟဲ..ဒီတစ်ယောက်ကတော့ အရွှမ်းဖေါက်ရာ ကျင်လည်ပုံပါပဲ။
ကျနော် ဘောလုံးဝါသနာတော့ မပါဘူးဗျ။ ဒါပေမယ့် ဘောလုံးသမားအစစ်တွေရဲ့ သူတို့နယ်ပယ်မှာကျွမ်းကျင်မှု၊ သူတို့အလုပ်အပေါ်တန်ဖိုးထားမှု၊ သူတို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်မှုတွေကိုတော့
အားကျမိတာအမှန်ပါပဲ။ ကိုယ်သာ ဘာမှမဟုတ်တာ။ ဒီနေရာမှာ သူသုံးစွဲလိုက်တဲ့ “ခေါက်ဆွဲစား”ဆိုတဲ့
စကားလုံးကတော့ ကွက်တိဒက်ထိပဲဗျာ။ ဧကန္တ ကိုယ့်ဆရာက ဘောလုံးဝါသနာအိုးနေမယ်။ ဗမာ့ဘန်းစကားတွေထဲမှာ
ခေါက်ဆွဲစားတယ်ဆိုတဲ့အလုံးဟာ ဘယ်အချိန်ကစဝင်လာတာလဲတော့ အဆိုတော်ကိုမင်းမင်းလတ်ကြီးပဲ
သိမယ်ထင်ရဲ့။ သူက စာအုပ်တောင်ပြုစုဖူးသူကိုးနော။ ဒါပေမယ့် မဆလတခေတ်လုံး ခေါက်ဆွဲစားကြရဲ့သားနဲ့
ဆန်ဈေးတွေတက်တာတော့ မကောင်းဘူးဗျာ။ ခု သူပြောသလိုရင် နှစ်သင်းလုံးစားတော့ ခေါက်ဆွဲဖိုးပိုကုန်မှာပေါ့နော်။
ဘောလုံးမှာက တစ်သင်းကိုပဲ ကျွေးကြတာဟုတ်။ တစ်သင်းပဲစားတာဟုတ်။ ခင်စန်းဝင်းကတော့ ကျနော်လည်း
နံမည်ပဲကြားဖူးတာဆိုတော့ ထားလိုက်တော့ဗျာ။ သြော်..ဒါနဲ့ ဆရာသမား ထမင်းပဲစားနော်။ ဒီခေတ်
ခေါက်ဆွဲဈေးက တအားကြီးတယ်။
ဆောင်းပါးက ကောင်းသားပဲ။ ကိုင်း... ဒါဆိုရင် ဘာလုပ်ရမလဲ၊
ဆောင်ရန်ရှောင်ရန်လေး ပွားပေးပါအုံးဗျာ။
(ဒီ ပုဂ္ဂိုလ်ကတော့ သူ့စာမျက်နှာဝင်ကြည့်တော့ ထောင်ကျမှာမကြောက်လို့
အစိုးရကိုမကြောက်လို့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်နေတာ..ဒါနဲ့တောင် သူ့ကိုခရိုနီဘာညာ
လာပြောနေကြတယ်..စသည်ဖြင့်သဘောမျိုးလေးတွေရေးတင်ထား တာတွေ့တယ်ဗျ။ သူလည်း နဘေဆရာနဲ့တူပါတယ်။
ဆောင်းပါးကကောင်းသား…ဆိုတော့။ ကျနော်က ဆရာရေ ကျနော်မြင်တာ တွေးမိတာလေးတွေ ရေးတာပါ။
အမြင်မတော်လို့ တော်လို့စသည်ဖြင့်တော့ စာမရေးပါဘူး။ ဆောင်ရန်ရှောင်ရန်တွေလည်း မပွားတတ်ပါဘူးဗျာ။
နောက်တခုကရှိတာကလည်း လူဟာ လူတစ်ယောက်တည်းတသီးပုဂ္ဂလသဘောအရ ကိုယ့်ပါတီ၊ ကိုယ့်နောက်လိုက်၊ ကိုယ့်လူ့အဖွဲ့အစည်း စတာတွေအကုန်ကောင်းအောင်/ဆိုးအောင် လုပ်နိုင်လောက်တဲ့သတ္တဝါမဟုတ်ပါဘူး။
ဗုဒ္ဓတောင် သူ့အဘိဓမ္မာကိုဖြန့်ချိဖို့ သံဃလို့ဆိုတဲ့အစုအစည်းကို ထူထောင်ရပါတယ်။ အဲ့ဒီ
ဓမ္မတပ်မတော်ကြီးမှာ အတွေးအခေါ်နဲ့လုပ်ဟန်မှာ၊ ကျင့်ဝတ်ပြဋ္ဌာန်းမှုမှာ၊ စံပြနမူနာယူစရာအဖြစ်
မြတ်ဗုဒ္ဓဟာတပ်မှူးကြီးဖြစ်ပါတယ်။ “ငါပြောသလိုငါလုပ်ပြီး ငါပြောသလိုမင်းတို့လည်းလုပ်”တို့၊
“ငါဆောင်တာ မင်းတို့လည်းဆောင် ငါရှောင်တာ မင်းတို့လည်းရှောင်”တို့ ဆိုတာတွေကို အတိအကျပြဋ္ဌာန်းပြီး အတိအလင်းကျင့်သုံးခဲ့ပါတယ်။ ပါတီတစ်ရပ်ကောင်းဖို့ ခေါင်းဆောင်မှာချည်းပဲတာဝန်ရှိတာ မဟုတ်ပေမယ့်
ခေါင်းဆောင်ကောင်းမရှိပဲ ပါတီကောင်းမရှိပါဘူး။ ခေါင်းဆောင်ကိုယ်တိုင်ကောင်းဖို့က ဘယ်သူကမှ
ဆောင်ရန်ရှောင်ရန်ပေးလို့ ပြောလို့မရပါဘူး။ လက်ဖွဲ့လို၊ ဂါထာမန္တန်လိုအရာမှ မဟုတ်တာပဲလေ။
ခေါင်းဆောင်ကောင်းဆိုတာ ဘယ်သို့ဘယ်ပုံဆိုတာတွေသိချင်ရင်တော့ တက်ကမ်းတွေများများဖတ်မှရမယ်ထင်တယ်။
ကျနော်တော့ ငယ်ငယ်တုန်းက ဖတ်ပါတယ်။ နောက်တခုကလည်း ဆောင်ရရှောင်ရမယ့်အရာ ဘာဆိုတာမှမသိရင်
ဘေးလူပေးလာဦးတောင် သိနိုင်ပါ့မလားလည်းတွေးချင်စရာနော်။ စကားစပ်လို့ပြောတာမဟုတ်ပါဘူး
ဆရာသိစေချင်လို့ပြောပြပါ့မယ်။ ကျနော် နိုင်ငံရေးလုပ်လို့ ထောင်ထဲမှာ ၁၅ နှစ်လောက်တော့ နေခဲ့ဖူးပါတယ်ခင်ဗျာ။
နိင်ငံရေးသည် ဘော်လီဘောနှင့်တူသည်။ ပင့်ပြီးမြှောက်တင်သလို၊
ဆန့်ကျင်ဘက်ကဝင်လာပါကာ၊ ရိုက်ချတတ်သည်။ နောက်တခုက NLD ကို နပိုလီယံလို ဖြစ်မှာဆို(စိုး)သည်။
(သူ့တော့ သိတယ်ဗျာ။ လူချင်းမရင်းပါဘူး။ သူ့အမျိုးသားက
ကျနော်နဲ့အမှုတွဲပါ။ ထောင်အနှစ်နှစ်ဆယ်မှာ (၁၃) နှစ်လောက် နေခဲ့ရသူလို့မှတ်မိနေပါတယ်။
သူ့သားလည်း နိုင်ငံရေးလုပ်လို့ (၈)နှစ်လောက် ထောင်ထဲနေခဲ့တာမှတ်မိနေတယ်။ သူက ဘော်လီဘောလို့မြင်တယ်။
အင်း..ဒါလည်း အဟုတ်ပဲနော။ ကျနော် ဘော်လီဘောနည်းနည်းပါးပါး ကစားဖူးတယ်ဗျ။ နိုင်ငံရေးထဲမှာလည်း
ဘော်လီဘောဝင်ပုတ်ဖူးပါတယ်။ တခါတလေ ကိုယ်ကထောင်ပေး တခါတလေ ကိုယ်ကရိုက်ချ။ တခါတလေလည်း ကိုယ်အထောင်ခံရ အရိုက်ခံရ။
ဒါပေမယ့် တွေးစရာက နိုင်ငံရေးဟာ ဘော်လီဘောပွဲလား၊ ဘော်လီဘောကစားနေသူတွေလား၊
ဘောလီဘော ဘောလုံးလား၊ ဘော်လီဘောကွင်းကြီးလား ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျ အစုနဲ့ကစားရတဲ့ပွဲတိုင်းမှာ
Key Player ကတော့ ရှိရစမြဲမဟုတ်ပါလား။ နိုင်ငံရေးလည်း Key Players တွေက Decision
Makers and Policy Makers တွေမဟုတ်လားဗျာ။ ဒါ့ကြောင့် ပြောရင် ခေါင်ကို၊ ကီးပလေယာကိုပဲ
ပြောရတတ်တယ်။ ရွေးလည်း ပစ်ရတတ်တဲ့သဘောရှိပါတယ်။ နပိုလီယန် နောက်ဆုံးပြောခဲ့တဲ့စကားကတော့
ရှေ့ပြန်နောက်ပြန်လည်း အတည့်မို့ကတကြောင်း သူ့ တကယ့်အဖြစ်မို့တကြောင်း ကမ္ဘာကျော်ခဲ့ပါရဲ့။
သံဝေဂယူစရာပါ။ ABLE WAS I ERE I SAW ALBA. ခုလည်း အဲ့စာမျိုးနောက်တစ်ကြောင်း မဖတ်ချင်လှပါကြောင်း
ဒေါ်အေးသန့်ကြူခင်ဗျား)
0 comments:
Post a Comment