ပါဖောမင်န့်ဆရာကြီးတစ်ဦးက
သူဘာလုပ်လုပ် ပါဖောမင်န့်အနုပညာ ဆိုတဲ့သဘောမျိုး ဆုံးမတာလည်း နာယူဖူးပါတယ်။ သူ လုပ်လည်း လုပ်နေပါတယ်။ လုပ်သမျှလည်းပါဖောမင်န့် လို့ဆိုပါတယ်။ ကလေးအနှီးလဲ(ဒီမှာတော့ Diaper Changing လုပ်တယ်ပေါ့ဗျာ)တာ ကအစ အနုပညာပါရင် ပါဖောမင်န့်မြောက်တယ်လို့ သံခိပ်ပြုပြတာတောင်မှတ်သားဖူးပါတယ်။ သူလုပ်တဲ့ပါဖောမင်န့်တွေ အကုန်လုံးတော့ နားမလည်ပါ။ တခါတလေ ကြည့်ကောင်းတယ်။ နားလည်တယ်။ ခံစားလို့ရတယ်။ တခါတလေ ဘာမှန်းမသိဘူး။ တခါတလေ ဟုတ်သလိုလိုနဲ့ ဘာမှမဟုတ်သလိုလို ဖြစ်ဖြစ်နေတယ်ထင်တယ်။ အနုပညာတစ်ခုအဖြစ်နဲ့တော့ လှပပါတယ်။ သို့ပေသိ နေရာကတာ ပါပါပြီး ဖေါရှောတွေများလာရင်တော့ ကွန်မင်န့်တွေနဲ့ချည်းတိုးပြီး ပါဖေါမင်န့်ဆိုတာ မစ္စတာဘီးန်းရဲ့ဟာသတွေလိုလို၊ အသံမကြားရတဲ့ အပေါစားပျက်လုံးတွေလိုလိုနဲ့ လူရီ(ရယ်)စရာ ဖြစ်ကုန်မလားလည်းတွေးမိပါတယ်။ ပလပ်စတစ်ဇလုံထဲ ထမင်းထည့်စားပြတာ၊ သံတိုင်အပြင်လက်ထုတ်ပြီး အိုးထဲကရေ ခပ်ပြတာ၊ အပြင်ကလူက အထဲကလူကို ဆေးလိမ်မီးညှိပြတာ အဲဒါတွေလည်း ပါဖောမင်န့်လိုလို သရုပ်ပြလိုလိုနဲ့ ကြာတော့ နိုင်ငံရေးအကျဉ်း သားတွေရဲ့ ထောင်တွင်းနေထိုင်မှုဘဝရဲ့ တကယ့်အစစ်အမှန်သရုပ်သကန်တွေပျက်ပြီး ပေါ့တန်သွားအောင် ကူဖေါ့ပေးကူဖျက်ပေးနေသလို ဖြစ်မှာလည်းစိုးပါတယ်။ ဒီ့ထက်ပို အနှစ်အသားပါတဲ့ဖော်ပြချက်တွေဆို ပိုကောင်းမယ်တွေးမိပါတယ်။ နောက်တခုက ပါဖောမင်န့်အနုပညာပြောင်မြောက်ဖို့ လိုအပ်မယ်ဆိုရင် ဘာသဏ္ဍန် ဘာသရုပ် ဘာပစ္စည်း ဘာလူအမျိုးအစားကိုပဲသုံးသုံး ဘာမှပြောစရာ သိတ်မရှိလှပါဘူး။ အနုပညာဆိုတာ အခြားနယ်ပယ်တွေက ကန့်သတ်ချက်တွေ၊ ဘောင်တွေအတွင်းကနေလုပ်မှရတဲ့ ရမယ့်အရာမဟုတ်ဘူးလို့လည်း နားလည်မိပါတယ်။
မိတ္ထီလာတပ်ကစစ်ဗိုလ်လေး
သူများပစ္စည်းခိုးတဲ့အကြောင်း ထောင်းလမောင်းထအောင်ပြောကြတယ်။ ကျနော်လည်း ပါ ပါတယ်။ အမှန်ကတော့
အထူးအဆန်းမဟုတ်ပါဘူး။ ဆင့်အဝှါအနာလုပ်တယ်ဆိုတာလောက်လေးပါ။ ဒါက ဒီနေ့ခေတ်ဗမာ့စစ်ဗိုလ်များစီးပွားရှာနည်းလေ။ သူ့ရာထူးက နိုင်ငံတော်ပြန်တမ်းဝင်အရာရှိဆိုပေမယ့် နိုင်ငံနဲ့ချီတဲ့သယံဇာတတွေ ”ခိုးခွင့်လိုင်စင်ရရာထူး“မဟုတ်သေးတော့ လက်နိုင်ခြေနိုင် ပုဂ္ဂလိကပိုင်ပစ္စည်းလေးလောက်ခိုးတာပါဗျ။ မပြောကြပါနဲ့ ဒီစစ်ဗိုလ်လေးမှရွေးပြီး သူခိုးမယိုးနဲ့။ စစ်ဗိုလ်တွေ ကြီးလေခိုးလေခေတ်ကြီးမှာ နေပြီးတော့များ။ နောက်တခုက အရပ်သားတွေလည်း ခိုးတာပဲဟာ။ ထမီရုပ်တဲ့နောက်ဖေးလမ်းကြားက သူခိုးနဲ့ ပန်ကာအောက်ကသူခိုးပဲကွာတာပါ။ တခုတော့ရှိတာပေါ့။ ပန်ကာအောက်ကျတော့ ယူနီဖေါင်းနဲ့မကောင်းတော့ဘူးလေ။
အတူတူနဲ့အနူနူကိုများ ယူနီဖေါင်းနဲ့စစ်ဗိုလ်တွေချည်းပဲ ကွက်ပြောတာတော့မသင့်ဘူးဗျာ။ မရှိခိုးနိုး လို့ ဆိုရအောင်လည်း မရှိလို့ခိုးတာမဟုတ်ဘူးဗျ။ ခင်ဗျားတို့လို မျက်နှာမွဲကျောမွဲ၊ ”ဆင်းရဲခြင်းမှတပါး
ဘာမှမရှိသူတွေ“မဟုတ်ဘူးဗျ။ စကားပုံတွေရှိတိုင်း စကားတတ်တိုင်း သွားမယိုးစွပ်နဲ့။ သူတို့ခံမှာမဟုတ်ဘူး။ နောက်တခုက တိုင်းပြည်က မင်းမဲ့တိုင်းပြည်မဟုတ်ဘူးဗျ။ မင်းရှိတယ်။ တရားဥပဒေရှိတယ်။ ရှိရုံတင်မကဘူး စိုးပါစိုးမိုးနေတာ။ စိုးမိုးတာမှ ကြာလှပြီ။ မစိုးမိုးဘူးပြောမှာစိုးလို့ စိုးမိုးရေးကော်မရှင်တောင် ဖွဲ့ထားပေးတယ်ဗျာ။ ဒီစစ်ဗိုလ်ပေါက်စ သူများပစ္စည်းခိုးတာ တရားသူကြီးက မှန်မှန်ကန်ကန်စီရင်..ရင် စီရင်။ မစီရင်လို့ကတော့ ကော်မရှင်နဲ့တွေ့သွားမှာပေါ့။ ကော်မရှင်ထားတာ အလကားမဟုတ်ဘူးဗျ။ ဒါမျိုးတွေကို ဆုံးမပြီးနောင်ကျဉ်အောင်လုပ်ဖို့ပဲ။ နောက်ဆုံးတခုထပ်ပြောမယ်ဗျာ။ နိုင်ငံရေးစကားပဲ။ နိုင်ငံရေးစကားမပြောကြး..တို့။ နိုင်ငံရေးတွေမပါကြေး..တို့ဆိုတာတွေ လာမပြောနဲ့။ အဲ့ဒီခေတ်ကုန်သွားပြီ။ ပြောမယ်။ ပြောရဲတယ်။ လူတစ်ယောက်လူတစ်ယောက်ကိုသတ်တာ ပြစ်မှုထင်ရှားရင် ကြိုးစင်ပို့တယ်။ လူတစ်ယောက်က လူဆယ့်လေးငါးယောက်ကိုသတ်လိုက်ရင် အရူးဆိုပြီး စိတ်ရောဂါကုဆေးရုံပို့တယ်။ လူတစ်ယောက်က လူအယောက်ပေါင်းသိန်းသောင်းချီပြီးသတ်လိုက်ရင် နိုင်ငံရေးစကားပြောကြစို့ ဆိုပြီး ဆွေးနွေးပွဲဝိုင်းကိုခေါ်လာတယ်။ အဲ့သလိုပဲ..ခု ဒီစစ်ဗိုလ်လေး ခိုးမှုမြောက်ရင် ထောင်ကျမယ်။ နည်းနည်းလေးနဲ့သူတပါးပိုင်ပစ္စည်း သွားခိုးတာကိုး။ ဒီ့ထက်ပိုခိုးရင် ခရိုနီ ဆိုပြီး”အိမ်ဦးခန်းထိုင်အီးပါခွင့်“ရမယ်။ သူဋ္ဌေးကြီးဖြစ်ပြီဆိုတော့ မြှောက်စားရမှာကိုး။ ဒီ့ထက်ပို ခိုးရင်တော့..လေးစားလိုက်နာခံရပြီး ကာကွယ်စောင့်ရှောက်ပါပေးရဦးမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကိုး။ အဟဲ။
0 comments:
Post a Comment