ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၃၉) ဇန်နဝါရီ ၃၁ ရက် ၂၀၁၃ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား..ဒီတပတ်တော့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အိုနဲ့လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ
သဘောတူညီချက်တချို့ကိုတင်ပြပါရစေ။ စာချုပ်ကို (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ကိုယ်စားလှယ်အဖွဲ့နှင့်
ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဦးနှစ်ဖက်နားလည်သဘောတူညီချက်များ)လို့ အမည်ပေးထားပါတယ်။
စာချုပ်မှာ အပိုဒ်ကြီး ၆ ခုနဲ့ အပိုဒ်ငယ်အတော်များများပါဝင်ပါတယ်။ အပိုဒ်ကြီး ၁ ကတော့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊
ကချင်ပြည်နယ်နဲ့စပ်ရက် ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဋ္ဌာချုပ်နယ်မြေတွေအတွင်းမှာ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိုရည်မျှော်ပြီး ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရန် နဝတအဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ကေအိုင်အိုတို့ဟာ ရိုးသားပွင့်လင်းစွာလုံ့လစိုက်ထုတ်ကြိုးပမ်းခဲ့ကြလို့
(၁၉၉၃)ခုနှစ်အတွင်း မြစ်ကြီးနားမြို့မှာ (၅)ကြိမ်တိုင်တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေရခဲ့ပြီးပြီဖြစ်ကြောင်းဖော်ပြထားတာ
တွေ့ရပါတယ်။ သဘောကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာအစိုးရနဲ့အဖွဲ့အစည်းတွေကို
ကိုယ်စားပြုမှုရှိရုံတင်မက တရားဝင်တွေ့ဆုံမှုဖြစ်ကြောင်းလည်း ဖော်ပြထားတာဖြစ်ပါတယ်။
အပိုဒ်ကြီး ၂မှာ ဤသဘောတူညီချက်များရရှိရေးအတွက် အောက်ပါတူညီသောရည်မှန်းချက်များအပေါ်အခြေခံ၍
ဆောင်ရွက်ခဲ့သည်လို့ဖော်ပြထားပြီး အပိုဒ်ငယ် ၃ ခုတွေ့ရပါတယ်။ အပိုဒ်ငယ်(က)မှာ ကချင်ပြည်နယ်၊
ကချင်ပြည်နယ်နှင့်ဆက်စပ်လျှက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အပစ်အခတ်ရပ်ဆိုင်းခြင်းဖြင့်
ငြိမ်းချမ်းသာယာမှုရရှိစေရန်လို့တွေ့ရပါတယ်။ သဘောကတော့ ဒီအပစ်အခတ်ရပ်ဆိုင်းထားမှုဟာ ကချင်ပြည်နယ်ရယ်၊
ကချင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်းနဲ့သာသက်ဆိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အပိုဒ်ငယ်(ခ)မှာ အထက်အပိုဒ်ငယ်(က)ပါဒေသများအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်
စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန်လို့တွေ့ရ ပါတယ်။ ဒီနေရာမှာ တွေးစရာရှိလာတာကတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလို့ဆိုရင် လူအများရဲ့ယေဘုယျနားလည်ချက်မှာ
စီးပွားရေးဖွံ့ဖြိုးမှုလည်းတပါတည်း ပါပြီးသားဖြစ်နေတာပါ။ လူထုကြီးပွားချမ်းသာရေးဟာ
ဘက်စုံဖွံ့ဖြိုးရေးရဲ့ အဓိကအချက်တွေထဲကတချက်ဖြစ်နေရက်နဲ့ ဒီစာချုပ်မှာတော့ အဲ့ဒီ
၂ ခုကို သီးခြားသဖွယ်ပိုင်းခြားထားတာဟာ စာချုပ်ရဲ့ထူးခြားချက်တခုလို့ဆိုရမယ်ထင်ပါတယ်။
အပိုဒ်ငယ်(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက်
ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လို့တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ တပြည်လုံးပြည်တွင်းငြိမ်းချမ်းရေးတွေလုပ်ရာမှာ
စစ်တပ်နဲ့ကေအိုင်အိုတို့ အတူတွဲလုပ်မယ်လို့ပြောတာလား ဒါမှမဟုတ် စစ်တပ်ကလုပ်တာကို ကေအိုင်အိုက ဝင်ပါပေးလို့ပြောတာလားဆိုတာ
မရှင်းသလိုဖြစ်နေပါတယ်။ စစ်အစိုးရဟာ လက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါတိုင်း(ကျန်နေသေးတဲ့လူတွေနဲ့
အပစ်အခတ်ရပ်စဲရေးရဖို့ ခင်ဗျားတို့လည်းကူပြောပေးပါ) ဆိုတဲ့စကားမျိုး အမြဲတောင်းဆိုလေ့ရှိပါတယ်။
အဲ့သလိုတောင်းဆိုမှုတွေဟာ သဘောရိုးနဲ့ဆိုတာထက် လူမျိုးစုတွေကြား သွေးခွဲသပ်လျှိုတဲ့သဘောပိုကဲနေတယ်လို့ မြင်ကြတာတွေလည်းရှိပါတယ်။
အဲဒီအမြင်ဟာလည်း စဉ်းစားဖို့ကေင်းပါတယ်။ ဥပမာ မကြာသေးခင်ကမှတွေ့ဆုံခဲ့တဲ့
ကေအန်ယူခေါင်းဆောင်တွေကို ခု ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဖို့ အပစ်အခတ်ရပ်စဲရေးပြန်ဖြစ်ဖို့
ဝိုင်းဝန်းလုပ်ကြပါလို့အစိုးရက ပြောတဲ့နေရာမှာ (ကရင်အဖွဲ့က ကချင်အဖွဲ့လို တံတားချိုး၊
လမ်းဖျက်၊ မိုင်းထောင်စတာတွေလုပ်တတ်တဲ့ သောင်းကျန်းသူအဖွဲ့အစည်းမဟုတ်ဘူး)ဆိုတဲ့ သဘောသက်ရောက်အောင်
သွယ်ဝိုက်ပြောခဲ့တာရှိပါတယ်။ အစိုးရအဆက်ဆက်ဟာ ကေအန်ယူအပါအဝင် လက်နက်ကိုင် အင်အားစုအားလုံးကို
သောင်းကျန်းသူအဖျက်သမားတွေလို့ပဲ တလျောက်လုံးသတ်မှတ်သုံးစွဲခဲ့တာပါ။ ဒါကြောင့် အခုလို
ကချင်ကိုတိုက်နေချိန်မှာ ကရင်ကို သောင်းကျန်းသူအဖျက်သမားစာရင်းထဲက ပယ်လိုက်သယောင်ယောင်ပြောဆိုတာဟာ
ပရိယာယ်ဝေဝုစ်လို့ယူဆရမှာဖြစ်ပါတယ်။ ကချင်ကိုတိုက်ချိန် ကရင်ကိုပြောသလိုမျိုး နောင်တချိန်ကရင်ကိုတိုက်တဲ့အခါ
ဘယ်သူ့ကိုပြောလေဦးမလဲဆိုတာဟာလည်း တွေးချင်စရာဖြစ်လာပါတယ်။ အဲ့သလိုတွေးမိတဲ့အတွက် စိုးရိမ်ရန်ကောလို့ပြောမယ်ဆိုရင်
ခုလောလောလတ်လတ် ကချင်ပြည်နယ်က ဧရာမထိုးစစ်ကြီးတွေကိုပဲ နမူနာထုတ်ပြပါရစေ။ အဲသလိုတိုက်တွန်းပေးဖို့ပြောတာ မှန်တယ်ဆိုရင်လည်း
အဲဒီ အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ကြဖို့ ကျန်သူတွေကိုတိုက်တွန်းရုံတင်မက
အစိုးရကိုပါတိုက်တွန်းခွင့်ရှိရမယ်လို့ထင်ပါတယ်။ တိုက်တွန်းရက်နဲ့မှ မလုပ်ဘူးဆိုရင်
မလုပ်တဲ့သူကိုပြစ်တင်ရှုတ်ချခွင့်လည်း ရှိရပါလိမ့်မယ်။ တခါလုပ်ပြီးမှ ပြန်ကျိုးပေါက်ကြ
ပြန်တိုက်ကြဆိုပြန်ရင်လည်း စချိုးဖေါက်သူကို ပြစ်တင်ရှုတ်ချရုံတင်မက နိုင်ငံရေးအရကန့်ကွက်ဆန့်ကျင်ခွင့်လည်း ရှိရပါလိမ့်မယ်။
သောတရှင်များခင်ဗျား…. တပြည်လုံးအရေးမို့ အားလုံးပါဝင်ကြဖို့ပြောတာအမှန်ဆိုရင်တော့၊အားလုံးပါဝင်လာနိုင်အောင်
တံခါးဖွင့်ပေးတာမျိုးအမှန်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စလို့မြင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ
လွတ်လပ်ရေးရပြီးချိန်ကစလို့ ခု လက်ရှိအစိုးရတွေအထိ အစိုးရအဆက်ဆက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ
All Inclusive လို့ဆိုတဲ့ အားလုံးတန်းတူပါဝင်ခွင့်ရရေးကိုခွင့်ပြုခဲ့တာ တခါမှ မတွေ့ခဲ့ရပါဘူး။
သူတို့ စိတ်ကြိုက်ခေါင်းခေါက်ရွေးထားတဲ့ လူပုဂ္ဂိုလ်အချို့၊ အဖွဲ့အစည်းအချို့ကိုတောင်
အကန့်အသတ်ကြီးကြီးနဲ့ခွင့်ပြုခဲ့တာပဲ တွေ့ရပါတယ်။
နောက်သီတင်းပတ်တွေမှာ စာချုပ်ပါအချက်အလက်တွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment