Friday, January 18, 2013

မလဲစေလိုသည့်အရင်းနှင့် ထင်းမဖြစ်စေချင်သူများ (မျိုးမြင့်ချို)

0 comments

ဖေ့စ်ဘွတ်အပါဝင် အခြားမီဒီယာများတွင် ခုတလော ဟော့ထ် ဖြစ်နေသည်မှာ အင်န်အယ်လ်ဒီနှင့်ခရိုနီ၊ လွှတ်တော်နှင့်ဆိတ်ဖွားဖြစ်ဖို့များလိမ့်မည်။ ကချင်အရေး ဟိုအရေးဒီအရေးတွေနှင့် ဒေါင်ချာစိုင်းနေသည့်တိုင် ရွှေပြည်ကြီးကားရှေ့သိုချီလျှက်။ နောက်ကြောင်းပြန်စကားကို ယောင်၍ပင်စားမြုံ့ပြန်မနေအားတော့။ “တစ္ဆေကိုက်လိမ့်မယ်”ဆိုသည်မှာ ခြောက်လုံးမှန်းသဘောပေါက်သွားကြတာလည်း ပါမည်ထင်၏။  ပြင်ပနှင့် ပြည်ပကစီးဝင်လာသည့် ငွေစီးကြောင်းကြီးကလည်း အားကောင်းမောင်းသန်ရှိလှ၏။ အစီးကြမ်းသဖြင့် တောင်ပြိုကမ်းပြို။ ထိုစီးကြောမှာ မျောသူနှင့် မျှောသူတွေလည်း အလျှိုအလျှို။ တချို့ ရေစီးကမ်းပြို၊ တချို့ ရေမျောကမ်းတင်။ တချို့ ရေလာမြောင်းပေး။ တချို့ တစ်သောင်ထွန်း။ တချို့ တစ်ကျွန်းပြို။ ခုပြောလိုသည်က ထိုကိစ္စများမဟုတ်သလို လွှတ်တော်နှင့်ဆိတ်ဖွား နှစ်ပါးခွင်လည်းမဟုတ်။ အင်န်အယ်လ်ဒီနှင့်ခရိုနီ အကြည်ဆိုက်ကာ အကြိုက်ဆောင်နေကြသည့်အကြောင်း။

အင်န်အယ်လ်ဒီက ရံပုံငွေပွဲတစ်ခုလုပ်သည်။ ငွေအတော်များများ ပိုက်မိသွားကြောင်း လူတိုင်းအသိ။ ဘယ်ကငွေဆိုတာ လူတိုင်းအသိ။ နိုင်ငံရေးပါတီမှာငွေလိုမှန်း လူတိုင်းအသိ။ သည်အထိ ပြဿနာမရှိသေး။ မထိတထိ ကလိကြသည့်တိုင် ဘယ်သူမှ နင့်နင့်နာနာမပြောကြ။ ထောက်ထားစရာနှင့် မျှော်လင့်စရာရှိနေ၍လား မပြောတတ်။ တခါတခါ စွာတာတာလုပ်တတ်သည့် ဂုရုတချို့ပင် ရေငုံနှုတ်ဆိတ်.. ဝစီပိတ်။ သို့ဖြင့် ထိုကိစ္စ ထိပ်တက်မလာ။ တက်ချင်တော့ မီဒီယာနှင့်တိုးပြီး နိုင်ငံရေးဆွေ့ဆွေ့ခုန်ရာမှ စ၏။ ပြဿဒ်က စလောင်သည့်မီး။ ဤတွင် နှာခေါင်းကျည်ပွေ့ တွေ့ကြတော့၏။ ဤတွင် “အစကတို့မပြောလား”တွေက “တွေ့တယ်မဟုတ်လား”ဖြစ်လာ၏။ “မလုပ်လောက်ပါဘူး”တွေက “မထင်ရဘူးနော်” ဖြစ်သွား၏။ “စောင့်ကြည့်ပါဦး”တွေက “ပွင့်ကျသွားတာပေါ့”တွေ ဖြစ်လာ၏။ အနှစ်အစိတ်ခန့် ဗိုလ်လုပ်နေသည့်စစ်အာဏာရှင်သစ်တို့က ရင့်ကျက်သည့်စစ်တပိုင်း အာဏာရှင်အဖြစ်သို့ အသွင်ပြောင်းယူနိုင်သော်လည်း ကျနော်တို့ကျတော့ အလံကိုင်ကအစ အပွေးမတက်နိုင်သေး။

ထို့ကြောင့်ပင်ထင်၏။ တချို့က အင်န်အယ်လ်ဒီကို “အမျိုးသားဒီမိုခရိုနီအဖွဲ့ချုပ်”လို့ ချော်တော်တော်ခေါ်၏။ အင်န်အယ်လ်ဒီတို့ အောင့်သီးအောင့်သက်၊ မခံချိမခံသာဖြစ်ရုံမှတပါး နှုတ်သီးကောင်းလျှာပါးလုပ်မရ။ သို့သော် မကြားချင်ယောင်ဆိုသည်က ကြာကြာတော့ဆောင်လို့မရ။ နောင်တွင် ထတောက်ဦးမည့် ပြာဖုံးမီးခဲ။ ဘယ်အချိန် တန်ပြန်မလဲသာ မသိ။ ခုတော့ ဗိုင်းကောင်းကျောက်ဖိ။

နောက်တချက်က ခေါင်းဆောင်မှုနှင့်ခေါင်းဆောင်၏နှုတ်ထွက်စကား။ ခရိုနီတို့ဘက်မှရပ်ခံပြောဆိုချက်ကို ရင်ခံကြသော်ငြား ပြည်တွင်းပြည်ပမှာ ထန်ကုန်အောင်လန်းဆဲ “နိုင်ငံရေးစန်း”က ချိန်ဆချင့်တွက်ချင်စရာ။ ဗေဒင်ယုံ၍ ပြောခြင်းမဟုတ်သည့်တိုင် နိုင်ငံရေးတွင် “စန်း”ရှိ၏။ တကယ်တမ်း “စန်း”ထပြီဆိုလျှင် ဘာမှမလုပ်ပဲထိုင်နေခြင်းပင်လျှင် လုပ်နေခြင်းမည်နေ၏။ လုပ်ကြ၊ တော်ကြတာချင်းတူဦးတောင် “စန်း” ရှိသူက နှာတဖျားအသာက ပြေး၏။ နိုင်ငံရေးသည်လည်း ဘောလုံးလို အလုံးကြီးပင်။ ပွဲမပြီးမချင်း ဘာမှ ယတိပြတ်ပြောလို့မရ။ မတူတာ တစ်ခုတော့ရှိ၏။ လုံးတာချင်းတူဦးတောင် ဘောလုံးတွင် ပွဲပြီးမည့်အချိန်ကို စည်းမျဉ်းနှင့်အညီ ကြိုသတ်မှတ်ပြီးဖြစ်၏။ နိုင်ငံရေးကမူ ထိုသို့မဟုတ်။ ပွဲချိန်ကို နိုင်ငံရေးသမား၏ နိုင်ငံရေး ရေချိန်ကသတ်မှတ်၏။ လူထုက ဆုံးဖြတ်ပေး၏။  ဘယ်အချိန်မှာ တစ်ပွဲပြီးမလဲ တနည်းပြောရလျှင် တခန်းရပ် တဇာတ်သိမ်းမလဲဆိုသည်က ကြိုပြောဖို့ခက်၏။ ရက်၊ လ၊ နှစ်သက္ကရာဇ်တို့ဖြင့် ပိုင်းခြားထားသည်လည်းမဟုတ်။ ဝေးဝေးမကြည့်နှင့် နှစ်လေးဆယ်အာဏာမြဲရမည်ဆိုသည့် ဖဆပလ ဘယ်ကမ်းဆိုက်ခဲ့သနည်း။ ဆိုရှယ်လစ်စနစ်ဖြင့် လောကနိဗ္ဗန်ထူထောင်အံ့ကြွေးကြော်သံ ဘယ်သောင်ကပ်ခဲ့သနည်း။ ပုဂ္ဂိုလ်တစ်ဦးခြင်းစီတွင်လည်း တစ်ချိန်က ဒိပ်ဒိပ်ကြဲ နောက်တော့ ခွေးကတက်ရောက်လိုရောက်၊ နောက်ဖေးပေါက်က တက်လိုတက်၊ မျောက်သစ်ကိုင်းလွတ်လိုလွတ်။ သို့သော် တစ်ဦးခြင်းအနေတွင်မူ ထူးခြားချက်ရှိပြန်၏။ ထို ထူးခြားချက်က အထက်ကဆိုခဲ့သည့် “စန်း”။ နိုင်ငံရေးသက်ကြွေပြီး ဇိဝိန်ချုပ်ကြတာချင်းတူဦးတောင် “စန်း”ရှိသူက ကြောင်ကျ ကျ၏။ အကျသက်သာ၏။ တချို့က“စန်း”ကို ရာသက်ပန်ဟုတွေးပုံပေါ်၏။ ထို့ကြောင့် စန်းထတုန်း ထင်တိုင်းကြဲ၏။ အမှန်က စန်းတွင်လည်း ထချိန်နှင့် ကျချိန်ရှိ၏။

“စန်း”ထချိန်ကို တနည်းအားဖြင့် နိုင်ငံရေးတက်ချိန်ဟုလည်း ပြောလေ့ရှိ၏။ နိုင်ငံရေးသမား နိုင်ငံရေးတက်နေချိန်တွင် လုပ်သမျှတင့်တယ်၏။ ထိသမျှရွှေဖြစ်၏။ ကျူးလွန်သမျှအမှုကြီး/သေးတို့ ပျောက်၏။ ခြောက်ပစ်ကင်း သဲလဲစင်။ သို့သော် နိုင်ငံရေးတွင် ကျချိန်လည်းရှိပြန်၏။ တက်ချိန်တွင် စာမဖွဲ့လောက်သည့်မှဲ့ခြောက်လေးသည် ကျချိန်တွင် ကျောက်ပေါက်မဗရပွနှင့် မောင်ကုသဖြစ်တော့၏။ တက်ချိန်က နံမည်မှား ခေါ်မိခြင်းသည် ကျချိန်တွင် သေဒဏ်ထိုက်သည့် စွဲချက်ထိအောင်ဖြစ်ရ၏။ ထိုအနေအထားတို့ကို လက်နက်ကိုင်တော်လှန်ရေးတို့နှင့်ချိန်ထိုးကြည့်လျှင် ပိုပေါ်လွင်မည်ထင်၏။ မြေပေါ်နိုင်ငံရေးကျတော့ အဲ့သလောက်မပြင်း။ လူထုဒဏ်ခတ်တာလောက်နှင့် နိုင်ငံရေးသေကာ  နိဂုံးကမ္မတ်အဆုံးသတ်ရ၏။ ဤမျှအထိဖြစ်လာလျှင်တော့မူ ထခဲ့ဖူးသည့်စန်းလည်း မကယ်နိုင်တော့။ စန်းကိုယ်တိုင် မရှူနိုင်မကယ်ဖြစ်ရတော့၏။

ယခုက တက်ချိန်။ စန်းထချိန်။ ကျစရာအကြောင်း မမြင်ရသေး။ သို့သော် စန်းအားကိုးဖြင့် ထင်တိုင်းကြဲလျှင်မူ တက်ချိန်တုန်းက ပစ္စလက္ခထားခဲ့သည့် ဖုတ်လေသည့်ငါးပိတို့က ကျချိန်တွင် ညောင်မြစ်ရောပုတ်သင်ဥပါ တလက်စတည်းတူးကြမည်ဖြစ်၏။ အမြစ်ပါ လှန်ကြလိမ့်မည်။ အရင်းကနေ လှဲကြလိမ့်မည်။ အရင်းလဲပြီဆို အဖျားတို့ဘဝကား ဆိုဖွယ်မရှိတော့။ သတိ ပို၍ချပ်ရမည်က စန်းရှိသူအားကိုးနှင့်မောက်မာလာသည့်အဖျားအချို့ပင် ဖြစ်မည်ထင်၏။ မည်သည့်စကားအဆက်အစပ်နှင့်ပြောပြော ထို (ခရိုနီတွေဆီကငွေတွေကိုမယူရင် ဝေဘန်နေသူတွေကပေးနိုင်လို့လား) ဆိုသည့်စကားသည် ကျချိန်တွင် နိုင်ငံရေးရာဇဝတ်သင့်မည့်စကား ဖြစ်တော့၏။ နိုင်ငံရေးလောကတွင် ကိုယ်ပိုင်“စန်း”မရှိသူတို့ ဘယ်တော့မှ ကြောင်ကျ မကျခဲ့။

ငွေနှင့်ပတ်သက်၍လည်း ပြောချင်သေး၏။ ခု ယူထားသည့် ငွေတို့သည် နောင်တွင် နိုင်ငံရေးပါတီများရံပုံငွေနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်တို့နှင်မငြိ(သို့)ငြိအောင်လုပ်မရဟု မည်သူ အာမခံနိုင်မည်နည်း။ နောင်တွင် ကိုင်စရာဖြစ်မလာဟု မည်သူပြောဝံ့မည်နည်း။

ပျားရည်ဆမ်းကာလသည် မကြာတတ်။ ကြာရိုးလည်း ထုံးမရှိ။ ထိုကာလအလွန်တွင် လျှာနှင့်သွားလောက်ဖြစ်လျှင် မဆိုးလှဟုတွေးနေမိ၏။
မျိုးမြင့်ချို

0 comments:

Post a Comment