Monday, January 21, 2013

ကွန်မန့်များစုစည်းဖော်ပြချက် -၂-(မျိုးမြင့်ချို)

0 comments
“တရားဥပဒေစိုးမိုးရေးအမြင်” လှူသောလူနဲ့လှူသောငွေတွေကိုလည်း အလှူခံပုဂ္ဂိုလ်များအနေနဲ့ လေးလေးနက်နက်ရှုမြင် သုံးသပ်ကြရပါလိမ့်မည်။ “ခရိုနီဒါန”နဲ့“ဒီမိုကရေစီမယ်သီလ” ဘယ်သူ အာပတ်သင့်မလဲဆိုတာ “တင်အေးကော်မရှင်”၏ ငွေရောင်ပိတ်ကားပေါ်တွင် စောင့်မျှော်ရှုစားကြပါစို့။
(ကိုကျော်မော်တဲ့ဗျ။ သူ့ကိုဖေ့စ်ဘွတ်ခ်ပေါ်မှာ သတိထားမိတာ သိတ်မကြာသေးပေမယ့် သူတင်တဲ့ပို့စ်တွေ၊ စတေးတပ်စ်လေးတွေက ချက်ချက်ချာချာနဲ့ဒိုးဒိုးဒေါက်ဒေါက်လေးတွေ၊ တခါတလေ မခိုးမခန့်နဲ့စူးစူးရဲရဲလေးတွေမို့ သတိပြုမိနေပါတယ်။ သူပြောတော့မှ လှူသောငွေ၊ လှူသောသူနဲ့အလှူခံပုဂ္ဂိုလ် သုံးပွင့်ဆိုင်အဆက်အစပ်ကို ဖျတ်ကနဲမြင်လိုက်ပါတယ်။ ကျနော်က ဒီငွေတွေကြောင့်နောင်တချိန်မှာ နိုင်ငံရေးပါတီများရံပုံငွေဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ အငြိအစွန်းအလုပ်ခံရပြီး ၂ဝ၁၅ မှာ ထစ်သွားရင်ဆိုတဲ့သဘောလေးပါပါတယ်။ နိမိတ်ဖတ်တယ်ဖြစ်မှာစိုးလို့ အကျယ်မပြောတော့တာပါ။ သူက ဒါကို ကောက်ကိုင်လိုက်ပြီး ငွေနဲ့ “လူနှစ်လူ” လုံးကို ထောက်ပြလိုက်တာလို့သိပါတယ်။ ပေါ့ပေါ့သေးသေး ပြီးပြီးပျောက်ပျောက် မဟုတ်လောက်ဖူးဆိုတာ ပြောတယ်လို့နားလည်ရပါတယ်။ တရားဥပဒေစိုးမိုးရေးအသံထွက် မှန်အောင်ရွတ်မယ်ဆိုရင်တောင် အလေးအနက်ထားရမယ့်ကိစ္စကြီးပါလားဗျာ။ ဒီဘက် ဒီမိုကရေစီ့ဘိုးအေနိုင်ငံကြီးတွေမှာလည်း ပါတီတွေနဲ့စီးပွားရေးသမားတွေရဲ့ ကိုယ်ကျင့်တရားဝယ်/ရောင်း အနံ့တွေ တခါတခါ ထောင်းလမောင်းထထလာလို့ လူတွေက အဲ့လို နိုင်ငံရေးကို၊ နိုင်ငံရေးသမားကို၊ နိုင်ငံရေးပါတီတွေဆို မစင်ထက်ရွံဆိုပြီး ဆေးဖော်ကြောဖက်မလုပ်ကြတာတွေလည်း နားနဲ့မဆန့်အောင်ပါ။ “ဖိုးသူတော်မျက်စေ့လည်လေဆန်ရလေ”ဆိုတဲ့ စကားကို မယ်သီလနဲ့အစားထိုးလိုက်တာလေးက ပြုံးချင်စရာပါ။ ကိုကျော်မော်ရေ..ခင်ဗျာ့ မယ်သီလက မျက်စေ့တကယ်လည်တာလား၊ လည်ချင်ယောင်ဆောင်သလားဆိုတာကတော့ တယောက်ခြင်းအကဲဖြတ်ချက်တွေအလိုက် ကွဲပြားကြမှာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခင်ဗျားပြောတဲ့တင်အေးကော်မရှင်ကြီးက အဆုံးအဖြတ်ပေးလာရင် ယူရမှာပဲဗျ။ နိုင်ငံရေးသဘောမှာက (မိမိကြားကပြဿနာကို မိမိပုံစံနဲ့မရှင်းပဲ ရန်သူ့လက်ထိုးအပ်ပြီး အဆုံးအဖြတ်ခံယူကြမယ်ဆိုရင်တော့ သူ့စီရင်တဲ့အတိုင်းသွားကြရတာပါ) ဆိုတာကို ခင်ဗျားလေးနက်သလို သူတို့တတွေလည်းလေးနက်ကြရင်ကောင်းမှာပါ။

အမှန်ပဲဗျ။ ဦးအုန်းကြိုင်တုန့်ပြန်တဲ့စကားကို သိပ်ဘဝင်မကျဘူးဗျာ။ ကိုမျိုးမြင့်သုံးသပ်သလိုပဲ ဒီငွေတွေဟာ ငွေဖြူငွေမည်းပြဿနာရှိနိုင်တဲ့အတွက် တချိန်ချိန်မှာ အကိုင်မခံရဘူးလို့ ဘယ်လိုပြောနိုင်မလဲ..။ ၂ဝဝ၈ ဥပဒေဘောင်ထဲကနေလှုပ်ရှားဖို့ဆိုတာ အမှန်တကယ်တော့ စိတ်ကူးယဉ်သက်သက်လို့ပဲမြင်ပါတယ်။ တကယ်လုပ်ချင်သပဆိုရင်လည်း သူတို့ ပြည်သူနဲ့ကင်းကွာသွားအောင်မနေသင့်ဘူး။ လက်ရှိ သူတို့ပြောနေတဲ့ ဘုရားဖြစ်မယ့်အုတ်နီခဲကြီးဆိုတာလဲ ၂ဝဝ၈ ဥပဒေကိုဦးဆောင်ဆွဲခဲ့တဲ့ပုဂ္ဂိုလ်ကြီးပဲလေ။ ဒါလောက်ထိ ပေါ့ပေါ့လေးတွေးနေရင်တော့ ၂ဝ၁၅ မတိုင်ခင် လှည့်ကွက်အသစ်တွေ ထပ်မြင်ရဦးမှာပါ။
(ဦးဦးမှော်ဆရာရဲ့စာတွေဖတ်ရတိုင်း တခုခုတော့ ကျနော့်အဖို့ တွေးစရာကျန်ခဲ့တာချည်းပါပဲ။ Food for Thought သဘောပေါ့လေ။ တခါတလေ ကျနော့်စာတိုပေစလေးတွေကိုလည်း တရေးတယူဖတ်ပုံ ရပါတယ်။ စာဖတ်နာသူလို့လည်း အကဲခတ်မိပါတယ်။ ကျနော် ဒီဆောင်းပါးရေးဖြစ်သွားစေတဲ့ လတ်တလောအကြောင်းအရာကလည်း ဦးအုန်းကြိုင်ပါပဲ။ ထိပ်ဆုံးကလူပြောနေတာတွေ ကြားကြားပြီး ပြောချင်လှပေမယ့် နတ်နေကိုင်းမချိုင်ကောင်းဘူးလေဆိုတဲ့အသိနဲ့ ချွန်းအုပ်အုပ်နေရတာပါပဲ။ ခုက နေတဲ့ကိုင်းထက် နတ်ကိစ္စကရှေ့ရောက်လာတာဗျ။ ခု ပြောနေကြတာက နတ်ကိစ္စဗျာ။ ကိုင်းကိစ္စမဟုတ်တော့ဘူး။ နတ်မဆိုးလို့ကတော့ ကိုင်းမခိုင်တောင်ကျနော်တို့က ညောင်ထောက်ဖြစ်ရမှာလေ။ ထောက်လည်းထောက်ခဲ့ပါတယ်။ ရေလည်းလောင်းခဲ့ပါတယ်။ လိုတဲ့အကျိုးက ဒီမိုကရေစီလို့ပဲထားဗျာ။ အသီးဝေ အရိပ်ကောင်း ငှက်တစ်သောင်းနားစေသတည်းဆိုပြီး။ ခု အဲ့ညောင်ပင်ပေါ်မှာ လေးသမားတွေချည်းပဲဗျ။ လေးညှို့တွေတဗြင်းဗြင်းနဲ့ ခွင်းတော့မယ့်ဟန် တပြင်ပြင်နဲ့မို့ ငှက်တွေခမျာခတ်ခွာခွာနေနေရပုံပဲနော။ လူထုအခြေမခံတဲ့ လူထုနဲ့ကင်းကွာတဲ့နိုင်ငံရေးဟာ စန်းထချိန်ကုန်ရင် ခွေကနဲခေါက်ကနဲဖြစ်မသွားဘူးလို့ ကံသေကံမဘယ်သူပြောနိုင်မလဲဗျာ။ နောက်တခုက ၂ဝဝ၈ ဖွဲ့စည်းပုံဗျာ။ ဦးသိန်းစိန်ကို ကျနော်က ၂ဝဝ၈ ရဲ့ခေါင်းကိုင်ဖခင် God Father လို့သုံးဖူးတယ်ခင်ဗျ။ ခု ခင်ဗျားပြောသလို သူဦးဆောင်တာပါ။ ဗိုလ်သန်းရွှေ လူနေရာချတာမှာ သူ့ရှေ့ရှေ့က စစ်အာဏာရှင်အားလုံးထက် လက်ဖျားခါလောက်အောင်ကျင်လည်ကြောင်းတော့ ဝန်ခံရမှာပါပဲ။ နောက်ဆုံးတချက်က ၂ဝ၁၅ မတိုင်ခင်ဆိုတာပဲဗျာ။ ဒီနေရာမှာလည်း ခင်ဗျားနဲ့ကျနော်အတွေးတူပါတယ်။ ၂ဝ၁၅ မတိုင်ခင်ဘာတွေဖြစ်လာလေဦးမလဲဆိုပြီးပြောမိတိုင်း ကြောင့်ကြရန်ကောဆိုတဲ့မျက်လုံးတွေနဲ့ ဆိုင်ရပေါင်းများလှပြီဗျို့။ အဲ့ဒီနှစ်ကို ပစ်မှတ်ထားတယ် မျှော်လင့်ထားတယ်ဆိုလည်း ထားပါ။ ကောင်းပါတယ်။ ဒါပေမယ့် ပြင်ထားစေချင်လှပြီ။ ပါတီကိုအတွေးအခေါ်အရ နိုင်ငံရေးအရတည်ဆောက်စေချင်လှပြီ။ နောက်တခုက မဟာမိတ်ပါတီဆက်ဆံရေးတွေ ခုလောက်ကတည်းက စစေချင်ပြီ။ “မဟုတ်တာလုပ်တာတွေ့ရင် ကျမကိုတိုင်”လို့ ပြောမယ့်အစား “ပါတီမှာပါတီစည်းကမ်းနဲ့စည်းကမ်းထိမ်းအဖွဲ့အဆင့်လိုက်ရှိတယ်။ အဲ့ဒီမှာတိုင်ပါ။ အဆင့်လိုက် အရေးယူဆောင်ရွက်ပေးမယ်၊ ကျမကိုယ်တိုင်လည်းပါတီဝင်ပဲ၊ ပါတီစည်းကမ်းလိုက်နာရတာပဲ၊ ကျမစည်းကမ်းဖေါက်ရင် ကျမလည်းပါတီစည်းကမ်းအရ အရေးယူတာခံရမှာပဲ”ဆိုတာမျိုးဖြစ်စေချင် လှတယ်။ “ဒါမျိုးတွေကရှိမှာပဲ”ပေါ့တီးပေါ့ဆအပြောထက် “ဒါမျိုးတွေ”နည်းသထက်နည်းအောင် ဖြစ်နိုင်ရင် မရှိတော့အောင် လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း “ဒါမျိုးတွေ”နဲ့ ဒွေးရောယှက်တင်မနေရင်တော့ ပြောအားရောလုပ်အားပါရှိမှာပါ။

Thank you very much sa yar Myo. It is very nice article. I respect you.
(မောင်ရိုးရှင်းတဲ့။ တခါတခါ လက်သံပြောင်လွန်းလို့ စိန်ဗေဒါကြီးလို့တောင် ခေါ်ရမလားပဲ။ ကျေးဇူးတင်တာလည်း တင်ပါ။ ဆောင်းပါးကောင်းလို့ ပြောတာလည်းပြောပါ။ လေးစားတယ်လို့ အပြောခံတာ ကြည်နူးပီတိဖြစ်စရာမှန်ပေမယ့် ပြောထိုက်လောက်တဲ့ အရည်အသွေးပြည့်မီသူမဟုတ်ကြောင်း ဝန်ခံပါရစေ။ ကျနော် ဒီစာစုရေးတော့ ဘာစိတ်ထားနဲ့ရေးမလဲဆိုတာကို အရင်တွေးကြည့်ပါတယ်။ လူတချို့ဟာ စိတ်အနေအလွန်ကောင်းကြပေမယ့် စိတ်အထားမတတ်တဲ့အခါကျတော့ ဒီလူကွာစိတ်နေစိတ်ထားဆိုးလှတယ်ဆိုပြီး မဆီမဆိုင်စိတ်အနေပါဆွဲထည့်ပြီး အပြောမလွတ်ဖြစ်ရတတ်တာကိုးဗျာ။ ကျနော်လည်း စိတ်အထားကောင်းသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းရမယ့်အခြေအနေ၊ လူ၊ ဝန်းကျင်အတွက်ဆို ကောင်းအောင်ထားပါရဲ့ဗျာ။ ဒါကို မရေးခင် ဒီစာစုဟာ ရည်ညွှန်းသူအတွက် “အဘိယာစက”သဘောဖြစ်တန်ကောင်းရဲ့၊ ဖြစ်ရပါစေဆိုတဲ့စိတ်ကိုထားပြီး ရေးပါတယ်။ အမြဲတမ်း စိတ်နေစိတ်ထားကောင်းသူ မဖြစ်ရင်တောင် ကောင်းရမယ့်သူ၊ အခြေအနေ၊ ဝန်းကျင်အတွက်လောက်ကလေးတော့ ကောင်းချင်လှပါကြောင်း မောင်ရိုးရှင်းခင်ဗျား)

Although money is important, money cannot make everything. Money is not the only yardstick. I agree with Ko Myo Myint. Ko Myo Myint's criticism is constructive criticism. The word 'crony' is a dirty word. Therefore the cronies in Burma try to wash their image white by donating money to NLD. But what NLD should take into account is that there are many people who suffer a lot, whose lives are broken by the cronies and military dictatorship.
(သူက ကျနော့်စာတင်မက ကျနော့်စိတ်ကိုပါ တခါတခါဖတ်တဲ့သူလို့ ကျနော်ခံစားရပါတယ်။ ဖတ်ပြီးတိုင်း သူချန်ခဲ့တဲ့ ကွန်မန့်တွေဟာ တခါတလေတရေးနိုးတောင် တွေးမိပါရဲ့။ ခု သူ ဘိုလိုရေးတာကို ကျနော်ဘာသာပြန်ရင် သူ့ဆိုလိုရင်း ယွင်းသွားမှာစိုးလို့ မပြန်တော့ဘူးဗျာ။ သူ့စာထဲကအတိုင်း ခရိုနီလို့ ဆိုလိုက်တာနဲ့ စကားလုံးအဓိပ္ပါယ်မသိသူတောင် မကောင်းတာကို၊ မကောင်းသူကိုပြောတာပဲဆိုတာ ခေတ်ကပေးတဲ့အသိအရ ရိပ်စားမိနေကြပြီနော်။ စာအဖတ်နည်းတဲ့ နိုင်ငံရေးနဲ့နည်းနည်းလှမ်းတဲ့၊ အမေရိကန်မှာမွေးပြီးကြီးတဲ့ မြန်မာလူငယ်လေးတယောက်က “မသိပါဘူး ဦးလေးရာ၊ ကျနော်က ခရိုနီဆိုတာ ဗမာပြည်က လူမျိုးတမျိုးလို့ထင်နေတာ၊ အဖေ့မေးကြည့်တော့မှ ဘာမှန်းသိတာ၊ ဒီကောင်တွေ ဒီလောက်ချမ်းသာနေလို့ လူပါးဝနေတာနေမှာ၊ ဒါပေမယ့် ပြောသာပြောတာဦးလေးရ ကျနော်လည်း ချမ်းသာချင်တာပဲ၊ ခရိုနီတာ မနီတာကတော့ဦးလေးရာ အလျော်အစားလုပ်လို့ရပါတယ်၊ အဓိကကပိုက်ဆံရှိဖို့ပဲဗျ”တဲ့။ ကဲ..ကိုအောင်အောင်မြင့်ရေ ခင်ဗျားကသာ ခရိုနီကို Dirty Word လို့ပြောတာ။ သူကတော့ ပိုက်ဆံရှိရင် ခရိုကို အနီကနေ ခရိုပြာ ခရိုဝါ ခရိုဖြူတောင် လုပ်လို့ရပါသတဲ့။ လူသတ်သမားအာဏာရှင်က သူတော်စင်ဒီမိုကရေစီခေါင်းကိုင်ကြီးဖြစ်၊ နိုင်ငံ့ဘဏ္ဏာသူခိုးက ရွှေတိုက်စိုး ဖြစ်လိုဖြစ်၊ လူထုဂုတ်ခွစီးတဲ့သွေးစုပ်သမားက ကျေးဇူးရှင်ဝေသန္တရာဖြစ်လိုဖြစ်။ ခေတ်ကိုကမကောင်းတာဗျာဆိုတဲ့ မိတ်ဆွေကို သတိရမိတယ်။

မျိုးမြင့်ချို

0 comments:

Post a Comment