Monday, January 14, 2013

ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့်မြန်မာ့နိုင်ငံရေး (ဒေါက်တာ-ရန်မျိုးသိမ်း)

0 comments
မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမားအများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့်အပြင်၊ တခါတရံ အလွန်နားလည်ရခက်သည်ဟုဆိုသော သက်ကြီးဝါကြီးတို့၏စကားကို ကျွန်တော်တို့မှတ်သားခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်းအရွယ်ရောက်သောအချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမားအများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန်ခက်ခဲနေဆဲဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့၊ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ ဆဌမအစည်းအဝေး၊ ပထမနေ့၊ နေ့လည်ပိုင်းအစည်းအဝေး ခေတ္တရပ်နားချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံစကားပြောရင်း လဘက်ရည်ဝိုင်းဖွဲ့ခဲ့သည်။ အဆိုပါနွေးထွေးသော လဘက်ရည်ဝိုင်းသည် သတင်းထောက်တစ်ဦး၏ ခရိုနီများနှင့်ပတ်သက်သောမေးခွန်းကြောင့် ပိုမိုသက်ဝင်လှုပ်ရှားလာခဲ့သည်ဟု ဆိုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ရာတွင် အာဃာတကိုအခြေခံပြီးလုပ်သည်ကို မကြိုက်ကြောင်း ဦးစွာပြောကြားခဲ့သည်။ အကယ်စင်စစ်၊ မကျေနပ်မှု၊ ဖိနှိပ်ခံရမှု၊ မတရားခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် အာဃာတဖြစ်ပြီး၊ အာဃာတကြောင့် မသင့်မမြတ်ဖြစ်ကြရသည်။ အာဃာတသည် အကြောင်းမဲ့ဖြစ်လာခြင်းမဟုတ်။ ထို့ကြောင့် ဖြစ်ရသည့်အကြောင်းများကို ချေဖျက်မှ အာဃာတလည်းပျောက်မည် ဖြစ်သည်။ လတ်တလော ခရိုနီများကိစ္စကိုကြည့်လျင် မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လူအတော်များများက မည်သူတို့သည်ခရိုနီကြီးများဖြစ်သည်ကို ကောင်းကောင်းသိကြသည်။ ထိုခရိုကြီးများအနေဖြင့်၊ အများပြည်သူအနေဖြင့်၊ အာဃာတဖြစ်စေခဲ့ရသောအကြောင်းများကို ဦးစွာ အထုပ်ဖြေ၊ ရှင်းပြခြင်းသည် အကောင်းဆုံးအာဃာတဖြေဖျောက်ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။
စကားမစပ်၊ လက်ရှိမြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင်လည်း အာဃာတကိုဘေးဖယ်ထားသည့်မူ၊ လမ်းစဉ်တို့ကိုကိုင်စွဲဆောင်ရွက်မည်ဆိုလျင်ကောင်းလေစွဟု မြည်တွန်တောက်တီးမိသည်။ ပြည်တွင်း နိုင်ငံရေးပါတီများနှင့်ဒီမိုကရက်တစ်အင်အားစုများအကြားတွင် မျက်နှာချင်းဆိုင် စကားမပြောနိုင်သည်မှာလည်း ထိုအာဃာတကြောင့်ပင်ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ပြည်နယ်များ၏ လက်ရှိနိုင်ငံရေးအနေအထားကိုကြည့်လျင်၊ အာဃာတတရားများကိုဘေးဖယ်ထားပြီး၊ အတူလက်တွဲအလုပ်လုပ်နေကြသည်မှာ အားရစရာဖြစ်သည်။ ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသား ပါတီများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ပါတီတည်းပြင်ဆင်ဖွဲ့စည်းနိုင်ရေးတို့အတွက်ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်သည်။ သို့သော် တဖက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများနှင့် နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရေးအတွက် အလုပ်သဘောဆွေးနွေးမှုများ၊ အစည်းအဝေးများကို ယနေ့အထိ ပုံမှန်ပြုလုပ်နိုင်မှုမရှိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ထွက်မိန့်ကြားသည့် အာဃာတမဲ့မူဝါဒအပေါ် အခြေပြုသုံးသပ်ဆင်ခြင်နိုင်မည်ဆိုလျင် အလွန်ကောင်းလေစွဟု ထပ်မံကောက်ချက်ပြုမိပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီအမျိုးမျိုးရှိကြောင်း၊ ခရိုနီဟုခေါ်ရသည်မှာ န၀တ၊ နအဖခေတ်တွင် ချမ်းသာလာကြသူများကို ခေါ်ခြင်းဖြစ်ကြောင်း၊ ခရိုနီများချမ်းသာလာကြပုံများသည် မတူညီကြကြောင်း၊ ချမ်းသာပုံချမ်းသာနည်းတွင် မတရားမှုများ ပါ၊ မပါကို စိစစ်ရမှာဖြစ်ကြောင်း၊ မည်သူဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့သည်ဟုသတ်မှတ်ရမည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ခရိုနီကြီးတို့ ခုန်ပေါက်ပျော်မြူး ကြသည့်အချိန်တွင် ပြည်သူလူထုကြီးက ဆင်းရဲတွင်းနက်နေဆဲဖြစ်သည်။ ပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင်လုပ်ခဲ့ရာတွင် အဓိကနေရာမှပါခဲ့သည့်ခရိုနီများကို သက်သေအထောက်အထားမရှိသဖြင့် အပြစ်မှကွင်းလုံးကျွတ်လွတ်စေဟု တစ်ချက်လွှတ်အမိန့် ချလိုက်ခြင်းပင် ဖြစ်သည်။ အကယ်စင်စစ်၊ မြန်မာပြည်တနံတလျားမှ ပြည်သူလူထုအများစုကြီးသည် အာဏာပိုင်များနှင့်လက်ဝါးချင်းရိုက်ပြီး၊ မတရား ချမ်းသာကြွယ်ဝလာသောခရိုနီများအကြောင်းကို ဘ၀နှင့်ရင်းတွေ့ကြုံခဲ့ရ၊ တွေ့ကြုံနေရသဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် များစွာနားလည်သဘော ပေါက်ပြီးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အပြစ်ရှာမရအောင်လုပ်နိုင်သည့်အခြေအနေများ၊ ပံ့ပိုးမည့်သူများ အင်နှင့်အားနှင့်ရှိနေချိန်တွင် ဘယ်ခရိုနီကြီးကို ပြစ်မှုထင်ရှားကြောင်း ပြနိုင်ပါမည်နည်း။ အခြေအနေအရ ပြစ်မှုထင်ရှားအောင်မပြနိုင်လင့်ကစား အများပြည်သူ၏နှလုံးသားတွင် မည်သူတို့သည် ခရိုနီကြီးများဖြစ်သည်ကို သံမှိုဆွဲထားပြီးဖြစ်သည်။
ပြစ်မှုကျူးလွန်သူများသည် ကိုယ့်ကိုယ်ကိုပြုပြင်ပိုင်ခွင့်ရှိသည်ကို လက်ခံသော်လည်း၊ တရားဥပဒေကြောင်းအရ ထိုက်သင့်သောပြစ်ဒဏ်ကိုခံယူရင်း ပြုပြင်ခွင့်ပေးရမည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးကိုလည်း နှလုံးသွင်းရမည်ဖြစ်သည်။ သို့သော် မိမိ၏နှုတ်ထွက်စကားသည် ခရိုနီ များဖက်မှ မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်း ရပ်တည်သည့်သဘောသက်ရောက်သွားမည်ကို သတိထားဆင်ခြင်သင့်သည်ဟု အကျိုးမျှော်နှိုးဆော်လိုပါသည်။ ခရိုနီများကို ဘေးဖယ်ထားရမည်၊ ကျဉ်ထားရမည်၊ လူရာမသွင်းဘဲထားရမည်ဟု ဆော်သြနေကြခြင်းမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် ခရိုနီမဟုတ်သော်လည်း၊ ခရိုနီတိုင်းသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်အများစုသည်လည်း ခရိုနီကြီးများကို မနှစ်မြို့ကြပါ။ လွန်ခဲ့သောကာလများက စီးပွားရေးလုပ်ငန်းရှင်များသည် ခရိုနီကြီးများကိုအကျောပေးပြိုင်ခဲ့ရသဖြင့် မကျေနပ်ခဲ့ကြပါ။ သို့သော် ခရိုနီ အကြီး၊ အလတ်၊ အငယ်တို့သည် တိုင်းပြည်စီးပွားရေးထူထောင်ရာတွင်လည်းကောင်း၊ ဆင်းရဲမွဲတေမှု လျော့ချရာတွင် လည်းကောင်း၊ အထောက်အကူပြုနိုင်သည်ကို နားလည်ကြပါသည်။ ခရိုနီများကိုယ်တိုင် အသိစိတ်ဓာတ်ရှိရှိ ပြည်သူလူထုအတွက် ထိထိရောက်ရောက်လုပ်လာပြီဆိုပါက၊ လက်ခုပ်တီး ချီးကျူးမည့်သူများလည်း ဒုနှင့်ဒေးရှိနေပါသည်။ သို့သော် ခရိုနီကြီးအများစုသည် မယောင်ရာဆီလူးတတ်၊  အကျိုးမျှော်ညောင်ရေလောင်းတတ်သောစရိုက်ကို ယနေ့အထိ မပြင်နိုင်သေးသည်က ခက်နေခြင်းဖြစ်ပါသည်။ စေတနာအကျိုးမျှော် နှိုးဆောင်ရလျင်၊ ခရိုနီကြီးများအနေဖြင့် ပြည်သူလူထု ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် စနစ်တကျလုပ်နိုင်၊ ကိုင်နိုင်၊ လှူနိုင်တန်းနိုင်သည့်နေရာများ မြန်မာနိုင်ငံတွင် အများအပြား ရှိနေပါသည်။ သို့သော် ပါတီကြီးတစ်ခု၏ပညာရေးကွန်ယက်ရန်ပုံငွေပွဲတွင် စပွန်ဆာပေးခြင်းကြောင့် ပြန်ရသည့်ဂုဏ်သိက္ခာအမြတ်အစွန်းနှင့်နှိုင်းယှဉ်လျင် ကွာခြားနိုင်သည်မှာ ချွင်းချက်ဖြစ်သည်။
    
ခရိုနီကြီးများ၏ ပြည်သူ့အကျိုးးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ပိတ်ပင်ခြင်းမဟုတ်။ ပေါ်ပြူလာမဆန်၊ ပေါ်ပင်မဟုတ်၊ လက်တွေ့မျက်တွေ့လှူဒါန်းမှုမျိုးနှင့် ပြည်သူကို လက်တွေ့အကျိုးပြုခြင်းသည် အကောင်းဆုံးဂုဏ်သိက္ခာအဖတ်ဆည်ခြင်းဖြစ်ကြောင်း လမ်းပြ နေခြင်းသာဖြစ်သည်။ လက်တွေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လုပ်နည်းလုပ်ဟန်၊ နည်းဗျူဟာပိုင်းကိုဆွေးနွေးခြင်းသာဖြစ်သည်။ တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင် အားလုံးပါဝင်ဖို့လိုသည်ကိုလက်ခံသော်လည်း၊ လူထုကိုယ်စားပြုနိုင်ငံရေးပါတီများအနေဖြင့် လူထုအမြင်မကြည်သောခရိုနီကြီးများနှင့်ဆက်ဆံရေးအပိုင်းတွင် သီးခြားမူဝါဒ သီးခြားဗျူဟာချမှတ်ထားရန်လိုအပ်ခြင်းကို ထောက်ပြခြင်းဖြစ်သည်။ ရင့်ကျက်ပြည့်ဝသောနိုင်ငံရေးစနစ်တစ်ခုကို ဦးတည်မည်ဆိုပါက၊ အဆိုပါနိုင်ငံရေးစနစ်တွင် အဓိကပါဝင်နေသည့်နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လမ်းစဉ်၊ သဘောထားများ မည်မျှခိုင်မာသည်နှင့်သာ တိုင်းတာရမည်ဖြစ်သည်။
    
နိုင်ငံတစ်နိုင်ငံ၏ပြဿနာများကိုဖြေရှင်းရာတွင် ဆေးမြီးတိုကိုအသုံးပြု၍မဖြစ်နိုင်သကဲ့သို့၊ လတ်တလောဝေဒနာသက်သာရုံကုသ၍လည်း မဖြစ်နိုင်ပါ။ အနာရှိလျင် ဆေးရှိမည်သာ။ ထို့ကြောင့် ခရိုနီအရင်းရှင်စနစ်ကို စနစ်တကျချဉ်းကပ်ပြီး၊ အမြစ်ပြတ်ပျောက်အောင်ကုသဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါသည်။ ထိုသို့ပုံဖော်နိုင်ရန် မဟာဗျူဟာ၊ နည်းဗျူဟာများစနစ်တကျရေးဆွဲချမှတ် အကောင်အထည်ဖော်ရမည် ဖြစ်သည်။
    
''လူများတွေ ဒုက္ခရောက်နေချိန်မှာ ချမ်းသာနေတာ ရှက်စရာကောင်းတယ်'' ဟု တချိန်က အမည်မသိ၊ အမည်သိသလိုလို၊ မသိသလိုလို ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ဖူးပါသည်။ ယနေ့ခေတ်တွင် အဆိုပါစကားကို ပြောင်းပြန်လုပ်ပစ်ရတော့မည်ထင်သည်။ လူများတွေ ဒုက္ခရောက်နေချိန်မှာ ချမ်းသာနေတာ ဂုဏ်ယူစရာပါဟု ပြောင်းပစ်ရမည်ထင်သည်။ အဆိုပါချမ်းသာကြွယ်ဝမှုများကို ကျစ်ကျစ်လစ်လစ်၊ မယိုမဖိတ်သိမ်းထားပြီး၊ ခေတ်စနစ်ပြောင်းသည့်အချိန်တွင် လူထုထောက်ခံမှုအများဆုံးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီကို ပြည်သူလူထုဘန်းပြလှူဒါန်းမှုပြုလိုက်ရုံဖြင့်၊  ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာအတုယူစရာ ကြီးကျယ်ခန်းနားသောအရာ ဖြစ်သွားနိုင်ပါသည်ဟု ပြန်ပြောင်း မိန့်ကြားရမလို ဖြစ်နေသည်။
    
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟုအခေါ်ခံရသူများက အန်အယ်လ်ဒီနှင့်အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့် ကြောင်း၊ အဆိုပါငွေများကို အခြားနေရာတွင် အလဟသဖြစ်အောင်သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင်သုံးခြင်းသည် အလွန်ကောင်း ကြောင်း၊ အန်အယ်လ်ဒီကိုချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကိုချဉ်းကပ်သည်လားကို မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကိုအကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို အကျိုးပြုမည်၊ လိုအပ်နေသောကျန်းမာရေးပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့်ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသားပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊ ပြောသတိ၊ တွေးသတိ၊ အစစအရာရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်းအကြံပြုလိုသည်။ စကားနောက် တရားပါ။ ကြမ်းကျွံလျင်နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့်အကိုးအကားများဖြစ်သည်။
    
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေးဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိသည်။ အဆိုပါဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်းကိုကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင် ကြီးများနှင့်တွဲကကြမည်လားဟု စိုးထင့်နေမိသည်။ သေချာသည်ကတော့၊ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးဇာတ်ပေါင်းခန်းအတွက် ခရိုနီကြီးများက အကြီးအကျယ်စပွန်ဆာပေးကာ နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့်လက်ချင်းချိတ်လျက်၊ အောင်ပွဲခံနေမည့်အချိန်တွင် မြန်မာပြည်သူလူထုအများစုကြီးကတော့၊ တစ်နေ့ရှင်သန်ဖို့အတွက် တစ်နေ့လုပ်စာကို ချွေးတဒီးဒီးကျ ခက်ခက်ခဲခဲရှာဖွေလျက်၊ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့်ဘ၀တွင် ရေတိမ်နစ်နေဆဲဖြစ်နေဦးမည်မှာ မလွဲနိုင်သောတရားပင်ဖြစ်သည်။    
၁၁၊ ဇန်န၀ါရီ၊ ၂၀၁၃

လက်ရှိ ခရိုနီရှင်းတမ်း၏အဓိကဇစ်မြစ်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အခါလည်အံ့ ဆဲဆဲအချိန်တွင် ကမ္ဘာသိနိုင်ငံသိခရိုနီကြီးများနှင့် လက်ချင်းချိတ်ပြီး ပြည်သူလူထုရှေ့ထွက်ရပ်ပြခြင်းကို ထောက်ခံသူများ၊ စိတ်ဝင်စားသူ များနှင့်အများပြည်သူတို့က စိတ်မကောင်းဖြစ်ခြင်း နားမလည်နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ခရိုနီများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပတ်သက်သော တိကျပြတ်သားသည့်မူဝါဒတစ်ရပ် ချမှတ်ထားမှုမရှိခြင်းကိုလည်း အထင်းသား လှစ်ပြလိုက်ခြင်းပင်ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး၊ ပညာရေးကွန်ယက် သည် ပါတီ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံရေးပါတီသည် မူဝါဒ၊ လမ်းစဉ်၊ သဘောထားတို့နှင့် ရပ်တည်ရသည့်အလျောက်၊ ပညာရေးကွန်ယက်သည်လည်း ပါတီ၏မူဝါဒ၊ လမ်းစဉ်အောက်တွင်သာ အလုပ်လုပ်ရမည်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်သူလူထုက လေးစားအားကိုးသောပါတီကြီးသည် ခရိုနီကြီးများထံလက်ဝါးဖြန့်ခဲ့သည်ကို ကြားသိရသောအခါ အများသူငါတို့သည် ရင်ထုမနာ ဖြစ်ကြရ သည်။ သူတို့မှလွဲ၍ လှူနိုင်တန်းနိုင်သူမရှိတော့ပြီလားဟုလည်း ဂရုဏာပွားခဲ့ကြသည်။
ပြည်သူလူထုကို ကိုယ်စားပြုသော၊ ကိုယ်စားပြုလိုသောအစိုးရများ၊ နိုင်ငံရေးပါတီများသည် လူထုကငြိုငြင်သောခရိုနီကြီးများနှင့် ဆက်ဆံရာ တွင် တိကျပြတ်သားသောမူဝါဒ၊ လမ်းစဉ်ချမှတ်ထားရန် အလွန်အရေးကြီးသည်။ စည်းကမ်းတကျ၊ မူဘောင်ထဲမှ ခရိုနီကြီးများ၏ပါဝင်ခွင့်ကို သတ်မှတ်ရမည်ဖြစ်သည်။ ခရိုနီများသည် ကိုယ့်အကျိုး၊ ကိုယ့်ဆွေမျိုးနှင့်မိသားစုအကျိုး၊ ကိုယ့်ဆရာသမားအကျိုးများကိုသာ ရှေ့တန်းတင်ပြီး၊ နိုင်ငံနှင့်ပြည်သူအကျိုးကို လစ်လျူရှုအလေးမထားခဲ့သည့် နှစ်နှစ်ဆယ်ကျော်မှတ်တမ်းများအရ ခရိုနီများအပေါ်အယုံမလွယ်ပဲ၊ နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သတိနှင့် ထိတွေ့ဆက်ဆံဖို့အကြံပြုခြင်း သက်သက်သာဖြစ်သည်။ 
တဖက်ကလည်း၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ခရိုနီများနှင့်ဆက်ဆံရေးအပိုင်းတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ပွင့်လင်းမြင်သာမှုအားနည်းခဲ့သည့်အတွက် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်သည် ခရိုနီများအတွက် လိုတရသေတ္တာကြီးဖြစ်ခဲ့ရသည်။ ပွင့်လင်မြင်သာမှုနည်းခြင်းသည် ခရိုနီများအတွက်အခွင့်အလမ်းကောင်းဖြစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုကို စက်မှုတော်လှန်ရေးဆီပြန်ခေါ်သွားပြီး၊ အမေရိကန်ပြည်ထောင်စုမှာလည်း လွန်ခဲ့သော နှစ် နှစ်ရာကျော်က ယနေ့ မြန်မာနိုင်ငံမှာကဲ့သို့ ခရိုနီကြီးများကြီးစိုးခဲ့သော်လည်း ယနေ့ကမ္ဘာတွင် နံပါတ်တစ်ဒီမိုကရေစီနိုင်ငံဖြစ်နေသည်ကို စံနမူနာယူလျက်၊ မြန်မာ့ခရိုနီကြီးများအပေါ် နားလည်မှုပေးကြပါဟု လော်ဘီလုပ်ပေးနေသယောင် ခံစားမိလိုက်ကြရပါသည်။
ဒေါက်တာရန်မျိုးသိမ်း
(ယူတာက ဒီနေရာကပါ) http://www.news-eleven.com/opinion/78-2009-11-13-06-25-17/17326-2013-01-13-09-55-01#.UPOuLVb1q30.facebook

0 comments:

Post a Comment