Tuesday, January 8, 2013

နောက်ကြောင်းမပြန်ကြေး ပြေးပွဲဝင်မယ့်သင်တိုင်းများ(မျိုးမြင့်ချို)

0 comments

မပြောပဲနေဖို့ပါပဲ။ ခုတော့ မနေနိုင်တော့တာနဲ့ ပြောမယ်ဗျာ။ ဒီပုံကိုတင်ထားတဲ့ တစ်ယောက်က အဲ့ဒါ ကရင်အမျိုးသမီးတွေဝတ်တဲ့ သင်တိုင်းလို့ဆိုတယ်ဗျာ။ ဟုတ်/မဟုတ်တော့ ကျနော်လည်းမသိပါဘူး။ ကရင်တွေကြား ကာလတခုတော့နေခဲ့ဖူးပေမယ့် သေချာသတိမထားမိခဲ့ဖူးဘူး။ ထားပါတော့ဗျာ…မိန်းမဝတ်ပဲဖြစ်ဖြစ် ယောင်္ကျားဝတ်ပဲဖြစ်ဖြစ် အရေးမကြီးဘူးလို့ပဲ။ ထားပါတော့ဗျာ…အဲ့ပုံထဲပါတဲ့ လူကြီးတွေကိုလည်း သရော်မော်ကားလုပ်တာ မဟုတ်ဘူးလို့ပဲ။ ပုံက ကျနော့်စိတ်ထဲ ရယ်(ရီ)စရာလိုဖြစ်နေလို့ဗျ။ ရယ်(ရီ)ချင်လို့ဗျ။ ပြီးတော့  သူများတွေလည်း ရယ်(ရီ)စေချင်လို့ဗျ။

ဒီလိုဗျာ… အရင်ဆုံး ဦးသိန်းစိန်ကြီးကိုကြည့်ဗျာ။ ပထမတော့ ယူနီဖေါင်မ်းနဲ့အရာရှိဆောင်းဦးထုတ်နဲ့။ နောက်တော့ ချိတ်ထမီလိုဟာကြီးနဲ့ ရင်ဖုံးအင်္ကျီနဲ့။ နောက်တော့ ခေါင်းပေါင်းနဲ့တိုက်ပုံနဲ့။ အဲ..တခါတလေ ကြောင်လျှာသီးနဲ့ဆုထ် Suit နဲ့။ ထားပါတော့ဗျာ သူ့ဘာသူဘာနဲ့ဖြစ်ဖြစ် ကြည့်ရမဆိုးပါဘူး။ ရုပ်ခံလေးရှိပါတယ်။ ခွေးဘီလူးရုပ်(သန်းရွှေ)။ ဘိန်းစားရုပ်(စောမောင်)။ အူကြောင်ကြားရုပ်(မောင်အေး)။ ဗီလိန်ရုပ် (မျိုးညွန့်)။ ဂန်ဒူးရုပ်(ခင်ညွန့်)။ ပြည့်တန်ဆာခေါင်းရုပ်(ရွှေမန်း) ပြောရရင်အများကြီးဗျာ။ သူ့ဘဝနဲ့သူဖြစ်နေတဲ့သူတွေရဲ့ သီးခြားဥပဓိတွေကို ဒီလိုမျိုး ကိုးကားပြီးပြောရတာ ပိုတောင်မကောင်းပါဘူး။ သူများဥပဓိတွေအကြောင်း ပြောလည်းမပြောချင်ပါဘူး။ ကိုယ်လည်း ဘာရုပ်မှ မပေါက်ပါဘူး။ (“ဘာရုပ်မှမပေါက်ဘူး”ဆိုတာ ထောင်စကားပါ။ ဘာအရည်အချင်း၊ ဘာအတတ်ပညာ၊ ဘာဓနဥစ္စမှမရှိဘူးဆိုတဲ့ သဘောပါ)  ဒါပေမယ့်ဗျာ ဟုတ်ဟုတ်/မဟုတ်ဟုတ်လူကြီးလုပ်တဲ့သူမှာ နည်းနည်းတော့လူကြီးရုပ်လေးပေါက်မှ ကောင်းတယ်ထင်တာပဲ။ လူကြီးရုပ်ရယ်လို့ သတ်သတ်ရှိလား..တို့။ ပြောပါဦး လူကြီးရုပ်ဆိုတာဘယ်လိုလဲ..တို့ဆိုပြီးမေးလာရင် ကျနော်လည်းမဖြေတတ်ဘူးဗျာ။ ဒါပေမယ့် လူကြီးရုပ်ဆိုတာဘယ်လိုလဲလို့ပြောရရင် (ရုပ်ကိုက ဘိန်းစားရုပ်..တို့။ သူခိုးဂျပိုးရုပ်တို့။ နှာဗူးရုပ်တို့။ ကြောင်သူ တော်ရုပ်တို့။ ဘုရားဒကာရုပ်တို့။ သူတော်ကောင်းရုပ်တို့) ဆိုပြီးပြောတယ်မှတ်လား အဲ့ဒါမျိုးနဲ့ယှဉ်တွေးကြည့်ဗျာ။

ဥပဓိရုပ်နဲ့သူ့အလုပ်နဲ့ စပ်စပ်အပ်အပ်လေးရှိရင်တော့ကောင်းတာပေါ့ဗျာ။ တင့်တယ်တာပေါ့။ ဒါပေမယ့် မစပ်မအပ်တွေလည်း ရှိတယ်ဗျ။ ကျနော်တို့ လမ်းထဲက ခါးပိုက်နှိုက်ကျော်အေးကြတော့ တကယ့်လူချော လူဖြောင့်ဗျ။ လူရည်သန့်ဗျ။ အဲ့လူက ကြည့်လိုက်ရင် ဆရာဝန်ရုပ်လို ရုပ်မျိုးဗျ။ သူ့ပင်ကိုယ်ကိုက ဖြစ်နေတာဗျ။ သက်သက်ရှိုးထုတ်တာ မဟုတ်ဘူးဗျ။ တခါတလေများ တိုက်ပုံအနက်င်္ကျီဖြူကော်လံကတုံးနဲ့ ယောပုဆိုးတွေဘာတွေများနဲ့ဆို ရှေ့နေကြီးလား၊ တရားသူကြီးလားမှတ်ရတာဗျ။ အသားအရည်ကအစ လက်ချောင်းခြေချောင်းလေးတွေအဆုံး သန့်ပြန့်နေတာဗျ။ နောက်တယောက် ရပ်ကွက်ထဲက အင်္ဂျင်နီယာတယောက်ဗျာ။ အင်္ဂျင်နီယာမှ ဘီအီးတွေမပေါ်ခင်ကတည်းကရတဲ့ ဘီအက်စ်စီအင်္ဂျင်နီယာဗျာ။ ရာထူးကလည်း အီးအီးဗျာ။ အမှုဆောင်အင်္ဂျင်နီယာဆိုပါတော့ဗျာ။ ရုပ်က ချာတူးလန်သလားမမေးနဲ့။ အသားကမည်းပြီး ကွမ်းကလည်းစားသေး။ ကွမ်းတံတွေးတဗျစ်ဗျစ်နဲ့ သွားတွေကလည်းညစ်ပတ်နေတာဗျ။ အီးအီး အင်င်္ဂျင်နီယာပါလို့ကျိန်ပြော ဘယ်သူမှမယုံဘူး။ ဥပဓိနုံချာချက်တော့မပြောနဲ့။ ကလေကချေရုပ်လို့ပြောရင်တောင် တကယ့်ကလေကချေအစစ်က နာလောက်တယ်ဗျာ တကယ်ပြောတာ။ ထားပါတော့ဗျာ။

ကဲ ဒီဓါတ်ပုံထဲက ဦးသိန်းစိန်ကြီးကို ကြည့်ဗျာ။ အဲ့လူကြီး ဥပဓိမဆိုးဘူးဗျ။ ယူနီဖေါင်မ်းနဲ့လည်း ယူနီဖေါင်မ်းနဲ့မို့၊ ချိတ်ထမီကြီးနဲ့လည်း ချိတ်ထမီကြီးနဲ့မို့၊ ခေါင်းပေါင်းတိုက်ပုံနဲ့လည်း ခေါင်းပေါင်းတိုက်ပုံနဲ့မို့၊ ကြောင်လျှာသီးနဲ့ဆုထ်နဲ့လည်း အဲ့ဒါတွေနဲ့မို့လို့ မဆိုးပါဘူး။ ကြည့်ကောင်းသား။ (စကားချပ်.ဒါနဲ့များတောင် အဲ့လိုလူကို ဖိနပ်နဲ့သွားပေါက်သူရှိသေးတယ်ဗျာ။ စိတ်မကောင်းဘူး နဖူးမမှန်လိုက်လို့။ မှန်များမှန်ရင် အီရတ်မှာ ဂျော့ခ်ျဒဗလျူဘုရှ်အပေါက်ခံရတဲ့ဖိနပ်လို ဒေါ်လာသန်းချီမတန်တောင် ဝယ်ပြီးသိမ်းတဲ့သူပေါ်လာမှာဗျ။ ဖိနပ်ရှင်လည်းး နေရင်းထိုင်ရင်း သန်းကြွယ်သူဋ္ဌေးတွေဖြစ်ဦးမှာ။ ခု အဲ့ဖိနပ်လေးရှိသေးလား သိမ်းထားသေးလားတော့ မသိပါဘူး။ နူးယော့ခ်လည်း အဲ့နောက်ပိုင်းတွေ ထပ်ရောက်သေးတာပဲ။ ဖိနပ်ပေါက်ခဲ့သူတချို့နဲ့လည်းတွေ့တာပဲ မေးတော့မကြည့်ဖြစ်ပါဘူး။ တချိန်ချိန်မှာ အဲ့လူကြီး ခုလိုသမ္မတတွေ ဘာတွေဖြစ်လာမယ်မှန်းကြိုသိရင်တော့ ပြောလို့မရဘူး။ ဒီလူတွေ သိမ်းချင်သိမ်းထားမှာ။ ဒါမှမဟုတ်လည်း ဘာရယ်တော့မဟုတ်ဘူး အမှတ်တရဆိုပြီး သိမ်းထားသူလည်း ရှိရင်ရှိမှာပဲ။ နောင်တော့ လေလံပစ်ဗျာ။ ဆွဲတဲ့သူတွေဆွဲမှာပဲဗျ။ သေချာတယ်။ စစ်အာဏာရှင်စနစ်အမြစ်ကျွတ်တဲ့အချိန်ဆို အဲ့ဒီခေတ်မှာလည်း သူ့ခေတ်နဲ့သူ့ခရိုနီတွေရှိဦးမှာပဲ။ ခင်ဗျားကြည့်လေ ဟိုလူတွေလက်မှတ်ထိုးထားတဲ့ဂစ်တာက လေလံတင်တာဘယ်လောက်ဆိုလား။ ဟိုအဒေါ်ကြီးကိုယ်တိုင်ထိုးတဲ့ဆွယ်တာ လေလံပစ်တာဘယ်လောက်ဆိုလား။ ဒီခေတ် ခရိုနီတွေပဲ ဆွဲကြတာ)

ပြန်ဆက်ရရင် ဦးသိန်းစိန်ကြီးကဗျာ ဘာဝတ်ဝတ်ပါ မဆိုးပါဘူး။ ဥပဓိလည်းရှိ စမတ်လည်းကျတော့ နဂိုရှိနဂိုင်းထွက်တာပေါ့လေနော။ ခုနပြောတဲ့ ဟိုရုပ်ဒီရုပ်စစ်ဗိုလ်တွေနဲ့ယှဉ်တော့ ခန့်ချောကြီးဗျ။ နဖူးကလည်း မဟာနဖူးမဟုတ်ပေမယ့် ပြောင်ပြီးချောနေတာဗျ။ သူ့ခေါင်းနဲ့ သူ့မျက်နှာအကျနဲ့ သူ့ပြောင်နေတဲ့နဖူးနဲ့လိုက်တယ်ဗျ။ မဆိုးဘူး။ တကယ်ပြောတာပါ(သမ္မတကြီးကိုယုံတယ်တော့ ကျနော်မပြောဘူးနော်) အဲ့ဒီခန့်ချောကြီးက ဗျာ..ခု ဒီ ကရင်သင်တိုင်းရှည်ကြီး (တချို့ကကလည်း ကရင်မဂါဝန်ရှည်ကြီး..တဲ့)နဲ့ အောက်ခံပုဆိုးကြီးနဲ့၊ ကတ္တီပါညှပ်ဖိနပ်နဲ့၊ မျက်မှန်နဲ့၊ နဖူးပြောင်ကြီးနဲ့ဆိုတော့ ကြည့်ရတာဘာကြီးဖြစ်သွားမှန်း မသိဘူးဗျာ။ ရပ်နေပုံကလည်း စစ်သားလို ကြံ့ကြံ့ခိုင်ခိုင် တောင့်တောင့်တင်းတင်းလည်းမဟုတ် ပျော့တီးပျော့ဖတ်လည်းမဟုတ်။ မျက်နှာပေးကလည်း ခတ်တည်တည်လည်းမဟုတ် ကြည်ကြည်သာသာ ရွှင်ရွှင်ပြပြလည်းမဟုတ်နဲ့ဗျ။ မအီမသာနဲ့ဗျာ။ တချို့ပြောသလို ဝမ်းနှုပ်ဆေးစားပြီး အီးမပါတဲ့ရုပ်ဆိုတာ ဒါများလားလည်း မသိပါဘူးဗျာ။ ဒါကြီးဝတ်လိုက်ခါမှ အရပ်ကလည်း ပိုပုသွားသလိုပဲ။ နဂိုကလည်း ထောင်ထောင်မောင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့်မဆိုးပါဘူး သူ့အရပ်နဲ့သူပေါ့လေ။ ခုတော့ဗျာ ပုကွကွလည်းမဟုတ် ဘာလည်းမဟုတ်။ ပြီးတော့ အင်္ကျီဒီဇိုင်းကြောင့် ပခုံးနှစ်ဘက်ကလည်း ဘေးကိုတန်းပြီးကားမနေပဲ ခတ်လျှောလျှောပြေပြေ နိမ့်ဆင်းသွားတာဗျ။ ယောင်္ကျားပခုံးကျထက် မိန်းမပခုံးကျနဲ့ပိုတူသွားတယ်ဗျာ။ အင်္ကျီက ခါးအောက်ပိုင်း ဘေးဘယ်ညာနှစ်ဘက်မှာလည်း ပန်းဖွားတွေကျလို့ဗျ။ ကိုယ်လေးလှည့်လှည့်ပြီး လှုပ်လှုပ်ပြီးများကလိုက်လို့ကတော့ ပန်းဖွားလေးတွေဝဲကနဲဝဲကနဲနဲ့ ကြည့်လို့အတော်လှမယ်ထင်သေး။ ဒီအင်္ကျီဝတ်လိုက်ခါမှ အပေါ်ပိုင်းက ပခုံးကျဉ်းပြီးရင်သားခတ်သေးသေးနဲ့၊ အလယ်ပိုင်းက ခါးကျဉ်ကျဉ်တင်ကားကားနဲ့၊ အောက်ပိုင်းက ပေါင်တံတွေအောက်ကို တဖြည်းဖြည်းရှူးသွားသလိုဖြစ်နေလေတော့ကာ မိန်းမခန္ဓာဖွဲ့စည်းပုံနဲ့ ပိုတူနေသလိုပဲနော။ တိုတိုပြောရရင်.. စစ်သားစစ်ဗိုလ်ရုပ်လည်းမဟုတ် အရပ်သားလူကြီး (သမ္မတ)ရုပ်လည်းမပေါက်။ တကယ့် ကရင်အစစ်ရုပ်လည်းမပေါက်နဲ့ ဘာရုပ်ပေါက်သွားမှန်းမသိပါဘူး။ ဘာရုပ်မှမပေါက်တာတော့ မဟုတ်ဘူးဗျ။ ဘာရုပ်ပေါက်သွားမှန်း မသိတော့တာ။ တချို့ပြောသလို လအော့လအယ်ရုပ်လို့ ပြောရမလားပဲနော်။ ဒါက ဦးသိန်းစိန်..။

နောက်တယောက်က သူညာဘက်ဘေးကပ်ရပ်နေတဲ့ ကရင်ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး။ သူ့လည်း အပြင်မှာ မမြင်ဖူးပါဘူး။ အတီးမန်းရှာတို့။ မန်းငြိမ်းတို့တော့ မြင်လည်းမြင်ဖူး စကားလည်းပြောဖူးပါတယ်။ လေးလည်းလေးစားပါတယ်။ စကားပြောဖူးတာက အထူးသဖြင့် မန်းငြိမ်းပေါ့ဗျာ။ ဦးအောင်မေသုက သူ့အကြောင်းပြောရင် ကျွန်းကနေ လှေကလေးတစ်စီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူရဲကောင်းကြီးတွေထဲကတစ်ယောက်လိုပုံဖော်ပြီး ပြောလေ့ရှိပါတယ်။ မန်းငြိမ်းနဲ့ စကားလက်ဆုံပြောဖူးပါတယ်။ ခင်စရာလည်းကောင်းတဲ့သူပါ။ ထားပါတော့ အဲဒါ။ ခုပြောမှာက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး။ သူ့ကြတော့ လူချင်းလည်းမတွေးဖူးသလို စကားလည်းမပြောဖူးပါဘူး။ နံမည်စကြားဖူးတာတောင် ထောင်ထဲမှာတုန်းလို့မှတ်တာပဲ။ ပဲခူးရိုးမပြန်လည်ထိုးဖေါက်ရေးအုပ်စု၊ ဗိုလ်မင်းသိန်းအဖွဲ့တွေထဲက အရှင်ဖမ်းမိပြီးသေဒဏ်ကျနေတဲ့ တစ်ယောက်ကပြောတာပါ။ ဗိုလ်သာဂေါင်ကြီး ဒါမှမဟုတ် ဗိုလ်သံဒုံးဖြစ်မယ်ထင်တယ်။ သူက “ဗိုလ်မူတူး ဗိုလ်မူတူး”နဲ့ပြောတော့ ကျနော်က ကုလားကြီးလို့ မှတ်နေတာ။ စိတ်ထဲလည်း ကရင်တပ်ထဲရောက်နေတဲ့ ကရင်ကုလားကပြား တပ်မှူးတစ်ယောက်လို့ပဲထင်မိတာဗျ။ (ကုလားလို့ ပြောလို့ ရိုဟင်ဂျာ-ရခိုင်ကိစ္စတွေနဲ့တော့ သွားထွေးပြီးမတွေးနဲ့နော်) ကရင်ပြည်နယ်မှာ အစ္စလမ်ဘာသာကိုးကွယ်တဲ့ မွတ်စလင်မ်တွေအတော်များတဲ့အပြင် အစိုးရကိုလက်နက်ကိုင်တိုက်နေတဲ့ မွတ်စလင်မ်တပ်ဖွဲ့တွေလည်းရှိခဲ့တာကိုးနော။ နောက် ထောင်ကလွတ်၊ ထိုင်း ရောက်တော့မှ သူ့ဓါတ်ပုံကို ထိုင်းသတင်းစာထဲမှာလား ကရင်(တော်လှန်ရေးစာစောင်တွေ) သတင်းစာတွေထဲမှာလားမသိဘူး စတွေ့ဖူးတာပါ။ အဲ့တော့မှ ကရင်အစစ်ကြီးမှန်းသိတာဗျ။ အဲ့တုန်းက ကတုံးလားဘာလားလည်း သေချာမမှတ်မိဘူး။ စစ်ဦးထုတ်နဲ့လား ခေါင်းမှာ တဘက်ခေါင်းပေါင်း စည်းထားသလားလည်း ပြန်စဉ်းစားတာမပေါ်တော့ဘူး။ ကတုံးနဲ့ဆိုရင်တောင် ခုလို ဒါမှမဟုတ် ခုလောက်တော့ မပြောင်ဘူးမှတ်တာပဲ။ ခုတော့ ပြောင်တာမှ လက်နေအောင်ကိုရိပ်ထားသလိုပါပဲ။ တကယ်လို့ အဲ့တုန်းထဲက ခုလိုပဲ ပြောင်လက်နေတာဆိုရင် မမှတ်မိစရာတော့ သိတ်မရှိဘူးထင်တာပဲဗျာ။ ထားပါတော့လေ အဲ့ဒါ။

ခုကဗျာ ခေါင်းက ပြောင်နေအောင်ကိုတုံးထားတာဗျ။ ပြီးတောင့် ဦးခေါင်းနဲ့မျက်နှာကလုံးဝိုင်းပြီး ပြည့်ပြည့်ဝန်းဝန်းကြီးဗျ။ အဲ့သလောက်ကြီးတဲ့ ခေါင်းနဲ့မျက်နှာဗျ။ အဲ့ဒီမှာ ပြဿနာက မျက်မှန်။ သူတပ်ထားတဲ့ မျက်မှန်မြင်တော့ (ပြည်)ရွှေတောင်ဘက်က ရွှေမျက်မှန်ဘုရားဆိုတာတောင် သွားအမှတ်ရမိတယ်။ ကြံကြံဖန်ဖန်ဗျာ။ ဘယ်သူက ဘယ်လိုစိတ်ကူးရပြီး လုပ်ခဲ့တာလည်းတော့ မသိပါဘူး။ နောက်ပြီး ဗုဒ္ဓသက်တော်ထင်ရှားရှိခဲ့တုန်းက ခု သူတို့တပ်ပေးထားတဲ့ မျက်မှန်လိုမျိုးမျက်မှန်ရှိမရှိနဲ့ ဗုဒ္ဓကိုယ်တော်တိုင်လည်း တပ်ခဲ့လေသလား မတပ်ခဲ့လေသလားတော့ သေချာမသိဘူးဗျာ။ ဒါပေမယ့် အဲ့ဒီ ဆင်းတုတော်ကြီးတော့ မျက်မှန်ကြီးတဝင်းဝင်းနဲ့ဗျာ။ သူ့ကြည့်ပြီး ပြုံးပဲပြုံးရမှာလိုလို ချီးပဲချီးမွမ်းရမှာလိုလိုဗျ။ ဘာမှန်းလည်း မသိပါဘူး။ ခုပြောတဲ့ ဆင်းတုတော်က အကြီးကြီးဗျ။ ဆိုတော့ မျက်မှန်ကလည်း အဝိုင်းကြီး။ အကြီးကြီးဗျာ။ ကျနော်တို့ခေတ်တုန်းကဗျာ လှည်ဘီးမျက်မှန်ဆိုပြီး ခေတ်စားဖူးတယ်။ အဲ့ မျက်မှန်မျိုး။ အဝိုင်းကြီး။ မြို့နေပညာတတ် အလတ်တန်းစားအမျိုးသမီးတွေတပ်ပြီး အကြီးအကျယ်ရှိုးထုတ်ခဲ့ကြဖူးတယ်။ ခုဒီပုံမှာကြည့်ဗျာ၊ ဗိုလ်မူတူးက သူ့မျက်နှာ ကြီးကြီးနဲ့ပြည့်ပြည့်၊ ဒီကြားထဲ ကတုံးကပြောင်လိုက်သေး။ ဒါတင်မက.မျက်မှန်ပါတပ်လိုက်တော့ ပြီးရော။ ဘာပုံထွက်သွားမှန်းကိုမသိတော့ဘူး။ ပြီးတော့ မျက်နှာပေး။ ကြည့်ဦး။(တမင်လုပ်တာလား နဂိုရုပ်လားတော့ သေချာမပြောတတ်ပါဘူး) မချိုမချဉ်ဆိုတာ အဲ့ဒါမျိုးကိုပြောတာများလား မသိပါဘူး။ မျက်ခွံမို့မို့တွေနဲ့အစ်နေတဲ့မျက်လုံးက ခတ်မှေးမှေးရယ်၊ စေ့ထားတဲ့နှုပ်ခမ်းနဲ့နှုပ်ခမ်းထောင့်ကွေးရယ်၊ နှုပ်ခမ်းအပေါ်နဲ့ဘေး ပါးနှစ်ဘက်နှစ်ချက်ကအရေးအကြောင်းရယ်က ဆက်စပ်ယူလိုက်တော့ လှောင်ပြုံးလား၊ မချိပြုံးလား၊ မချိမချဉ်ပြုံးလား၊ မထေ့တထေ့ပြုံးလား၊ ငါးခူပြုံးလားမပြောတတ်ဘူးဗျ။ ပြုံးတော့ပြုံးနေတာ သေချာတယ်။ မိုနာလီဇာအပြုံးမဟုတ်တာလည်းသေချာတယ်။ ဘာအပြုံးမှန်းသာ မပြောတတ်တာဗျ။ မျက်နှာမှာ မျက်ခုံးမွှေးကိုလည်း သတိထားကြည့်ဗျာ။ ဟိုလူကြီးအပါအဝင် ကျန်သူတွေအားလုံး မျက်ခုံးကောင်းကြတယ်လို့ မဆိုရင်တောင် မျက်ခုံးတော့ပေါ်ကြတယ်ဗျာ။ မန်းငြိမ်းကြီးဆို မျက်ခုံးကြီးက “ထင်း” နေတာပဲ။ ဗိုလ်ချုပ်ကြီးကျတော့ မျက်ခုံးမွှေး လုံးဝမရှိတဲ့လူလိုဖြစ်နေတယ်။ ပုံထဲမှာနော်။ ကျနော်တို့ ခေတ်တုန်းကမိန်းမတချို့ လှအောင်ဆိုပြီး မျက်ခုံးမွှေးနှုတ်တာရှိတယ်ဗျ။ မျက်ခုံးမွှေး သေးသေးသွယ်သွယ်လေးရယ် ဘာညာဆိုပြီး သီချင်းတောင်ရှိသေး။ နောက်လည်းကျရော အဲ့မိန်းမတွေ နှုတ်ရတာနဲ့တင်အားမရလို့ထင်တာပဲ ဘလိတ်ဒါးနဲ့ကိုရိပ်ကြတော့တာဗျာ။ ရိပ်တာမှနော် ပြောင်သလင်းခါထွက်သွားအောင်ကို ရိပ်ပစ်တာဗျာ။ တစ်ပင်တစ်မွှေးမှကို မကျန်အောင်ရိပ်တာ။ မျက်ခုံးမွှေးနဲ့တွေ့နေကြ မိန်းမတစ်ယောက်ကို မျက်ခုံးမွှေးတစ်ပင်မှမှမရှိပဲ မျက်ခုံးသားမို့မို့ပြောင်ပြောင်ခုံးခုံးကြီးနဲ့တွေ့ရတာ အတော်အကြည့်ရဆိုးတယ်လို့ ကျနော်တော့ထင်တာပါပဲ။ မျက်နှာပြောင်စပ်စပ်ကြီး ဖြစ်သွားတယ်လို့ထင်တာပါပဲ။ သူတို့ကတော့ လှဖို့လုပ်ကြတာပါ။ ပြီးတော့မှ အဲ့ ပြောင်ချောချော အမွှေးမရှိခုံးခုံးကြီးအပေါ် အညိုလိုလိုအနက်လိုလိုခဲတန်နဲ့ ခဲကြောင်းမျှင်မျှင်လေးဆွဲကြတာဗျ။ လှတယ်လို့ပြောကြတာပါပဲ။ ကျနော့်မျက်စေ့ထဲမှာတော့ဗျာ မျက်ခုံးမွှေးတစ်ပင်မှမရှိတဲ့မိန်းမတွေကိုမြင်ရတာနဲ့ ထိုင်းက ဗုဒ္ဓဘာသာဘုန်းကြီးတွေကိုမြင်ရတာ မျက်စေ့ထဲသိတ်ပြီးအရသာမရှိလှပါဘူး။ ထိုင်းဘုန်းကြီးတွေလည်း မျက်ခုံးမွှေးရိပ်ကြတယ်လေ။ လှဖို့တော့ မဟုတ်ပါဘူး။ သူတို့မြင်တိုင်း ကျနော့်စိတ်ထဲ မျက်နှာပြောင်စပ်စပ်ကြီးတွေလို့ ထင်နေတယ်။ ခုကြည့် ဗိုလ်ချုပ်ကြီးလည်း မျက်ခုံးမွှေးကပါးတော့(ဓါတ်ပုံဆရာ ညံ့လို့ အလင်းအမှောင်မချိန်တတ်လို့လည်းဖြစ်ရင်ဖြစ်မှာပါ) မျက်နှာပြောင်စပ်စပ်ကြီးလိုဖြစ်နေတာပေါ့။

နောက်ပြီး အဝတ်အစားကိုကြည့်ဦး။ ဟိုလူကြီးဝတ်ထားတဲ့ ကရင်မဂါဝန်ရှည်က သူတို့ဆွေးနွေးပွဲမတိုင်ခင်ကလေးကမှ သူက ဟိုလူကြီးကို ပေးတာလို့လည်းပြောတယ်။ မဟုတ်ဘူးလည်း ပြောတာကြားတယ်။ ထားပါတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ပြောချင်တာက သူတို့အားလုံး ဝတ်စုံနဲ့ဟိုလူကြီးဝတ်စုံက မတူကြဘူးဗျာ။ တူရင်ကောင်းတာပေါ့။ တူညီဝတ်စုံလေးတွေနဲ့ ဘယ်လောက်မိုက်လဲ။ ခုတော့ သူတို့ကျတော့ တမျိုး၊ ဟိုလူကြီးကျတော့တမျိုး။ ကြည့်ရတာ ဘယ်ကောင်းမလဲဗျာ။ တစ်ခါ သူတို့ချင်း အဆင်တွေကွဲကြပေမယ့် ဝတ်စုံတူတယ်ပဲထားဦး။ ဗိုလ်ချုပ်ကြီးဝတ်ထားပုံက သူများနဲ့မတူဘူး။ ဗိုလ်ချုပ်ကြီးမို့ မတူအောင်ဝတ်တာဆိုရင်တော့ ဘာမှမပြောပါဘူး။ ကြည့်လေ..သူများတွေက အတွင်းက ရှပ်အင်္ကျီလိုဘာလိုတစ်ထပ်အရင်ခံပြီးမှ ကရင်သင်တိုင်းကိုအပေါ်ကထပ်ဝတ်တာ။ သူက အောက်က ဘာမှခံမဝတ်ဘူး။ စွပ်ကျယ်တောင် ခံဝတ်ထားပုံမရဘူး။ လည်ပင်းကြီး အတိုင်းသားပေါ်လို့။ လည်ပင်းပြောင်နဲ့။ ကတုံးပြောင်နဲ့။ မျက်နှာပြောင်စပ်စပ်နဲ့ (မျက်ခုံးမပေါ် တာကိုပြောတာနော်၊ တလွဲလည်းမတွေးကြနဲ့ဦး)

အောက်ပိုင်းကျတော့ ဘောင်းဘီနဲ့ ဘွတ်နဲ့ရွှတ်နဲ့ပဲ။ အခန့်ပဲဗျ။ အဲ..ဒီမှာပြောစရာရှိလာတာက ရပ်နေတဲ့စတိုင်လ်ပဲ။ သိတ်တောင့်တောင့်တင်းတင်းကြီးမဟုတ်သလို သိတ်ဖြော့ဖြော့ခွေခွေကြီးလည်း မဟုတ်ဘူးဗျ။ သေချာကြည့် သူ့ရပ်ပုံက တခြားဘယ်သူနဲ့မှမတူဘူးဗျ။ သူ့ကိုယ်ပိုင် စတိုင်လ်ဖြစ်မယ်ထင်တယ်။ စတိုင်လ်ရှိမှစတားဖြစ်မယ်ဆိုတာကို သူ သေသေချာချာသိထားတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲဗျာ။ အလယ်ကောင်မှာနေရာယူရက်သားနဲ့ ကိုယ်ကိုတည့်တည့်မရပ်ဘူး။ ခတ်စောင်းလေး။ အံမယ်..ဟိုလူကြီးနဲ့တော့ နှစ်ယောက်သားလက်ချင်းချိတ်လို့။ ခုနေတော့ ခတ်တည်တည်ပဲ။ ကြည်စေအေးစေပဲ။ ဘယ်တော့မှ ထပြန်ချကြမယ်သာ မပြောတတ်သေးတာ။ နှစ်ယောက်လုံးကတော့ နောက်ကြောင်းမပြန်ဘူးဆိုတာချည်းပဲနော်။ ဗိုလ်ချုပ်ကြီးရပ်နေပုံက ရင်နည်းနည်းကော့ပြီး ဖင်နည်းနည်းကောက်ထားသေးတယ် ထင်တယ်။ ကျနော်တို့ တပ်ထဲမှာလူသစ်သင်တန်းစတက်တော့ သတိသက်သာအေးစေကနေ စ ရတယ်။ သတိအနေအထားသင်ရင်း ဆရာတစ်ယောက်ပြောတာ မှတ်မိနေတယ် (ဟေ့ကောင်တွေ သတိဆွဲရင် ရင်လေးနည်းနည်းမောက်ပြီး ဖင်လေးနည်းနည်းကောက်ထား။ ဒါမှ ယူနီဖေါင်းနဲ့ကျ တောင့်တောင့်တင်းတင်းလေးဖြစ်သွားတာ)ဆိုပဲ။ ခုလည်း ဒီဗိုလ်ချုပ်ကြီး စစ်သားပီပီ ဖင်နည်းနည်းကောက် ရင်လေးနည်းနည်းများမောက်လိုက်၊ ကော့လိုက်လေသလားပေါ့ဗျာ။ ပင်ကိုယ်လည်းဖြစ်နိုင်ပါတယ်။ ကောက်တာမောက်တာ ကော့တာမကော့တာက အရေးမကြီးဘူးဗျ။ အရေးကြီးတာက စစ်ဝတ်စုံနဲ့မဟုတ်တော့ ပြဿနာဗျ။ စစ်ဝတ်နဲ့ဆို ဒီဗိုလ်ချုပ်ကြီး ဒီစတိုင်လ်က အတော်ကြည့်ကောင်းမလားတော့ မပြောတတ်ဘူးဗျာ။ ခုတော့ ဘယ်လိုကြီးမှန်းမသိပါဘူး။ စစ်သားနဲ့မတူပဲ ဘာနဲ့တူနေမှန်းကိုမသိတာဗျ။ အဲ..ပြောတာလည်း ရှည်သွားပြီ။ ကျနော် ခုလိုပြောတာကို စိတ်မဆိုးကြဖို့လည်း လူကြီးတွေကိုတောင်းပန်ပါတယ်။ ခုမှ လာကန်တော့ရကောင်းလားလို့ မကျေနပ်ရင် သမ္မတ(ဂျီး)ခင်ဗျား လက်ပန်းတောင်းတောင်အရေးက ဘုန်းကြီးတွေကိုအမှတ်ရပါစေ။ ကျနော်ကမှ ထိပ်ခေါက်ရုံလေး၊ မီးနဲ့မတိုက်ပါဘူး။ ပြီးတော့ သမ္မတ(ဂျီး)ကလည်း ဘုန်းကြီးမဟုတ်ပါဘူး။

နောက်ဆုံးပြောချင်တာကတော့ ဒါက နိုင်ငံတော်နဲ့ဆိုင်တဲ့အခမ်းအနားဓါတ်ပုံပဲဗျ။ တကယ့်နိုင်ငံတော်အခမ်းအနားဓါတ်ပုံကတော့ ဒီပုံ ဟုတ်မယ်မထင်ပါဘူး။ သတ်သတ်ရှိရဦးမှာပါ။ ဒါက အလွတ်သဘော၊ အမှတ်တရသဘောစုရိုက်ပြီး အများပြည်သူမြင်အောင်ပြတာလို့ပဲ မှတ်ပါတယ်။ ဒါပေမယ့်ဗျာ နိုင်ငံတော်ပြန်တမ်းဝင်ဓါတ်ပုံပဲဖြစ်ဖြစ် အပျော်တမ်းအမှတ်တရစုပေါင်းဓါတ်ပုံပဲဖြစ်ဖြစ် မြင်ရကြည့်ရတာ အဆင်မပြေဘူးထင်တယ်ဗျာ။ နောက်ဆို အဆင်ပြေပြေလေးများ ရိုက်ကြတင်ကြဖို့ မေတ္တာရပ်ခံချင်ပါရဲ့။ ဖတ်သူများလည်း အပျော်စာလို့သဘောထားပြီး ရီရီမောမောလေးဖတ်ကြပါဗျိုး။
မျိုးမြင့်ချို

0 comments:

Post a Comment