Friday, January 4, 2013

ညီညွတ်ရေး လူမျိုးစုပြဿနာများနှင့်စပ်၍ ဦးအောင်ဆန်းအမြင်(အချုပ်)

0 comments

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်းမပြုမီညတွင် နယ်စပ်ဒေသခေါင်းဆောင်များအား လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်များဖြစ်ပါသည်။

ယခုအစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း၊ အသက်အားဖြင့် ကျွန်တော်အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော်ဒီကိုရောက်လာတဲ့ကိစ္စ နားလည်မှုတစ်ခုရှိပါတယ်။ ဘာလဲဆိုလျှင် မြန်မာပြည်ကြီးလွတ်လပ်စေချင်တယ်၊ ကြီးပွားစေချင်တယ်။ သည်ဟာပါပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွှတ်အောင်၊ ကြီးပွားအောင်ဘယ်လိုလုပ်မလဲဆိုတာကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ ကိစ္စပြီးပြတ်သည်အထိ ကြိုးစားပါမယ်။ ယခု နားလည်ထားကြဖို့အချက်က ယခုခေတ် ကမ္ဘာကြီးရဲ့အခြေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်ထဲ ထီးထီးနေနိုင်တဲ့ အခြေမျိုးမရှိနိုင်ဘူး။ တစ်ပြည်နှင့်တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှနေနိုင်ကြမည်ဆိုတဲ့ အချက်ပါပဲ။

နောက်တစ်ချက်က လူမျိုးရေးအကြောင်း ပြောလိုပါတယ်။ လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ "အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ" ဆိုတဲ့စကားမျိုးကို လက်သုံးပြုဖို့မလုံလောက်ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကချင်၊ ချင်း နှင့် အခြားအမျိုးများလည်းရှိသေးတယ်။ တစ်ခြားနိုင်ငံများကိုကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသားလူမျိုးအများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နှင့်ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ။ အမေရိကန်ပြည်မှာလည်း အင်္ဂလိပ်စကားပြောကြ သော်လည်း အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင်ထူထောင်ပြီး သူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြ တာပါပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် တစ်မျိုးတစ်မျိုးတည်းကို လိပ်ခဲတည်းလည်းစွဲပြီး ယူဆလို့မဖြစ်နိုင်ဘူး။ ဘာသာစကားပင် တူသော်လည်း လူမျိုးခြားနားမှုလည်းရှိပါတယ်။ ဘာသာပင်မတူသော်လည်း လူမျိုးသီးခြားဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကားတူပါတယ်။ ရုရှားပြည်မှာဆိုရင် ဘာသာစကားအမျိုးပေါင်းများစွာကွာသော်လည်း လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုးကွယ်ချင်တဲ့ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူအများစုကဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာကိုးကွယ်သူ၊ မဟာမေဒင်ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိကြတာပဲ။ ဒီတော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရားလုပ်လို့မဖြစ်နိုင်ဘူး။ စစ်ကြီးအတွင်းက ကျွန်တော် ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်းဖွဲ့တဲ့အခါမှာ ထမင်းစားပွဲတစ်ခုမှာ ကရင်စစ်သားတစ်ဦးက လူမျိုးအချင်းချင်းညီညွတ်ဖို့အကြောင်းပြောတဲ့အထဲမှာ 'ဗမာကဖဲရိုက်၊ ကရင်ကငါးမျှား' ဆိုတာကို အတူတူပါပဲလို့ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်ရာကို ကိုယ်ကိုးကွယ်နေထိုင်ကြပြီး သက်ဆိုင်တဲ့ကိစ္စကြီးမှာ တစ်တိုင်းတစ်ပြည်လုံးနဲ့ညီညီညွတ်ညွတ်လုပ်ကြရင် ဒါဟာတစ်မျိုးထဲလို့ ယူဆကြရမယ်။ အချင်းချင်း သဘောကွဲလွဲမှုမျိုးဆိုတာ ကတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်းကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်မျိုး ဖြစ်တာပါပဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိဟာ ကရင်ဖြစ်ချင်လည်းဖြစ်မယ်။ ကချင်၊ ချင်း ဖြစ်ချင်လည်းဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တစ်မိန့်ထဲ လိုက်နာဆောင်ရွက်ကြရမှာပဲ။

တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပါပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်းတို့ကတစ်ခြား၊ ကရင်ချင်း အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြည့်မှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်။ ပထမ ကျွန်တော်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက်၊ အဝတ်အထည်များမှစ၍ အတော်ချွေတာပြီးအဆင်းရဲခံနေကြတယ်။ ဒါဘာလဲဆိုရင် တစ်တိုင်းပြည်လုံးအတွက် အကျိုးရှိအောင်လုပ်နေကြခြင်းဖြစ်တာပါပဲ။ သူတို့လုပ်နည်းက ပထမအဆင်းရဲခံပြီး နောင် အကောင်အထည်ပေါ်ပြီး အကျိုးရှိမှာသေချာပေါက်ဖြစ်နေတယ်။ ဒီထက်ပိုပြီးခရီးပေါက်အောင် ဆောင်ရွက်ချက်တစ်ခုထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှားစတဲ့ အရှေ့ဘက်နိုင်ငံများစုပေါင်းဆောင်ရွက်နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအားမျိုးရှိရင်တော့ ကမ္ဘာ့ထိပ်တန်းအခြေဆိုက်ရောက်နိုင်မှာပဲ။ နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ လွတ်လပ်တဲ့ဘဝမျိုးဖြစ်လျှင် မိတ်ဆွေအဖြစ်နှင့် သင့်မြတ်ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
(တွေ့တာယူတာက) https://www.facebook.com/wun.pawngnews

0 comments:

Post a Comment