Tuesday, January 22, 2013

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..အပိုင်း(၁)။ (ဦးဦးမှော်ဆရာ-ဖေ့စ်ဘွတ်ခ်မှ)

0 comments
၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။  ဂျာမန်ဂျူးတွေ ဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန်ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေး ဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက်အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေ သလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ်အမှုထမ်း နေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံ သား သိပ္ပံပညာရှင်နဲ့အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက်ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ်ခွဲခြားဆက်ဆံမှုတချို့တလေရှိပေမယ့်လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီ နိုင်ငံမှာပဲ မြှုတ်နှံထားဖို့ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကားကိုသာ ပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲသဘောထား ခဲ့ကြပါတယ်။ ၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါ တီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေကို အလုံးစုံဆန့်ကျင် တိုက်ခိုက်ဖို့ ကြိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင် လာအောင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေထဲမှာအရေးအကြီးဆုံး အဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်းတိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံးရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေလှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊ လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင်  နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များနဲ့ဂျူးများ တသားတည်းနေခဲ့ကြပေမယ့်လည်း ဖက်ဆစ်နာဇီပါတီရဲ့ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့်  သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြခဲ့ပြီးပါပြီ)
ခုလို ဘုရားဟောခဲ့သယောင်ယောင်ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်) 
(ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်)
၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေကို တနိုင်ငံ လုံးအတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွား စေပြီးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်းဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့ အစည်းကြီးက တရားဥပဒေအရအကာကွယ်ယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့်၊ ဂျူးလူမျိုးနှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။ နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများပြင်ဆင်ခန့်အပ်တဲ့ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုးဝန်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေကထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုး အဖြစ်သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှအကြောင်းမဲ့ထုတ်ပယ်ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား သတ်မှတ်မှု” ဆိုတဲ့ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။
(ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ်ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )
ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေရုံးခန်းတွေရှေ့မှာ ရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေဟာ ဂျာမနီကိုကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့သူတွေ´ဆိုတဲ့စာတမ်းတွေကိုင်ဆောင် ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြားသိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေးခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ်သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေလုပ်လာပေမယ့် တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။
ဒီကြားထဲ နာဇီပါတီအာဘော်သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ဆိုတဲ့ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေး ပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့လုပ်ရပ်ဆိုးများကိုကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထု အစည်းဝေးကြီးမှ ဂျူးလူမျိုးများကိုဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေးလှုံ့ဆော်စေတဲ့ခေါင်းစည်းတွေနဲ့ ပြောင်ပြောင်တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ
ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်းဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော်ကြီးကိုသိက္ခာကျအောင်ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေးတယ်။
ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန်လည်း ၀ါဒဖြန့်ခဲ့တာပါ။ ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင် ရေးစတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ဂျူးလူမျိုးစီးပွားရေးလုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ရည်ရွယ်ချက်သာရှိသေးတာပါ။ အစ ပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ဂျူးဆန့်ကျင်ရေးလုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူအများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရကိုယ်တိုင်အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေအားကိုးရာမဲ့ဘ၀ရောက် အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန်ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများလုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေထားလာပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလို တွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´လို့တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီးကြောက်စရာကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေအချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်ကပျောက်ကွယ်သွားတဲ့အထိလုပ်ချင်တဲ့ဆန္ဒ တွေ ဖြစ်လာအောင် အမှန်တကယ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့လုပ်ရပ်တွေသာဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မယ့်လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမယ့်လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူး ကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ဘယ်လို သွေးစည်းစွာရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီး ဆောင်းခဲ့တဲ့အဖြစ်အပျက်တွေကိုစားမြုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူးလို့ စိတ်ချနေလို့မရပါ။ အရူးတသိုက်ရဲ့လုပ်ရပ်ဆိုးက ကျန်တဲ့ပြည်သူတွေအပေါ်အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ပြည်သူတွေက ကိုယ့်အပေါ်အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကိုအကြောင်းကြားပါ။ နောက်ပြီးတကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေးကြိုးပမ်းလုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင် တွေကိုပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသအလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့အတွေးမျိုး တတ်နိုင်သမျှဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာသက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း ...

 (ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။
အပိုင်း ၁ က ဒီမှာပါ။ http://myo-myo-myintcho.blogspot.com/2012/12/blog-post_26.html

0 comments:

Post a Comment