လွတ်လပ်ရေးကြိုးပမ်းမူကာလတွေ- အသားအရောင်ခွဲခြားမှုတိုက် ဖျက်ရေးလှုပ်ရှားမူတွေ - ဒီမိုကရေစီရေးလှုပ်ရှားမူကာလတွေ ပေါ်ပေါက်လာတိုင်း The Pen Is Mightier than the Sword ကလောင်ဟာ ဓားသွားထက်ထက်တယ်ဆိုတဲ့ဆိုရိုးစကား .. The Pen Stings worse than an arrow ကလောင်သွား မြားသွားထက် ပိုစူးတယ်ဆိုတဲ့အသုံးတွေနဲ့အတူ လွတ်လပ်မှုအတွက် ကလောင်နဲ့တိုက်ပွဲဝင်တဲ့လှုပ်ရှားမူတွေပေါ်ပေါက်စမြဲပါ။ အလားတူပဲ ကလောင်လက်နက်ကိုင်စွဲပြီး မျက်ကန်းမျိုးချစ်ဝါဒီတွေ၊ အစွန်းရောက်အကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေကိုမွေးထုတ်ပေး ခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ ဟစ်တလာကို မွေးထုတ်ပေးခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာ ယူလီရိုစထရိုက်ခါရဲ့ Julius Streicher ဖြစ်ရပ်ပါ။
ယူလီရိုစထရိုက်ခါဘ၀ ကျောင်းဆရာကစတယ်
ဂျူး - ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ဂျာမန်အမျိုးသားရေးဝါဒ
စထရိုက်ခါ-ဟစ်တလာနဲ့ မုန်တိုင်းသတင်းစာ
ကလောင်လက်နက်ကြောင့် ကြိုးပေးခံရသူ
စထရိုက်ခါလိုကလောင်စွမ်းမပြမိစေဖို့
စထရိုက်ခါဟာ ၁၈၈၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဂျာမနီအနောက်တောင်ပိုင်းမှာရှိတဲ့ အော့ဇ်ဘာ့ဂ်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာမွေးဖွားကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ကျောင်းဆရာတစ်ဦးဖြစ်သလို သူကိုယ်တိုင်လည်း မူလတန်းပြဆရာတစ်ဦးအနေနဲ့ ဘ၀စတင် ရပ်တည်ပါတယ်။ အသင်အပြလည်းကောင်း၊ အပြောလည်းကောင်းတဲ့စထရိုက်ခါဟာ အသက် ၂၄ နှစ် အရွယ်မှာ နျူရင်ဘတ်မြို့မှာ မူလတန်းကျောင်အုပ်ဖြစ်လာပါတယ်။ နျူရင်ဘတ်မြို့သူနဲ့ အိမ်ထောင်ကျခဲ့သလို နျူရင်ဘတ်မြို့ဟာ သူမြတ်နိုးတွယ်တာခဲ့ရတဲ့ သူ့အနာဂတ်အတွက် အရေးပါတဲ့မြို့တစ်မြို့ ဖြစ်လာပါတယ်။ စထရိုက်ခါ အသက် ၂၉ နှစ်အရွယ် ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ဖြစ်ခဲ့ပါတယ်။ အမျိုးသားတိုင်းတပ်ထဲမ၀င်မနေရအမိန့်နဲ့ စထရိုက်ခါဟာ ကျောင်းဆရာဘ၀ကိုစွန့်ပြီး တပ်ထဲဝင်ခဲ့ရပါတယ်။ ၁၉၁၈ ခုနှစ် ဂျာမန်တွေ စစ်ရှုံးပြီးချိန်မှာ တပ်ကထွက်ခဲ့ပြီး မူလကျောင်းဆရာအလုပ် ပြန်လုပ်ပါတယ်။ ကျောင်းဆရာပြန်လုပ်နေရပေမယ့် စထရိုက်ခါဟာ စစ်ရဲ့ခါးသီးမှုတွေကိုမမေ့ပျောက်နိုင်ခဲ့ပါဘူး။ စစ်ရဲ့ခါးသီးမှုဆိုရာမှာ စစ်ရဲ့အနိဋ္ဌာရုံတွေထက် စစ်ရှုံးခဲ့ရတဲ့အပေါ် မမေ့နိုင်ခဲ့တာပါ။
စစ်ရှုံးစာချူပ်နဲ့ စထရိုက်ခါအမြင်
ပထမကမ္ဘာစစ်အဆုံးသတ်ဖို့ဆိုပြီး မဟာမိတ်တပ်တွေကနေ ဗာဆိုင်းသဘောတူစာချုပ်လက်မှတ်ထိုးဖို့ ဂျာမန်တွေကို ဖိအားပေးအကျပ်ကိုင်ခဲ့ပါတယ်။ နျူရင်ဘတ်မြို့ကိုဗဟိုပြုပြီး ဂျာမန်တနိုင်ငံလုံးကို ဖြတ်လေးဖြတ်စနစ် ကျင့်သုံးပိတ်ဆို့ခဲ့တာပါ။ နောက်ဆုံး ဂျာမန်တွေအရှုံးပေးခဲ့ရပြီး သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ရပါတယ်။ စစ်လျော်ကြေးတွေပြန်ပေးဖို့သဘောတူခဲ့ရသလို စစ်ပွဲဖန်တီးသူဟာ ဂျာမန်ပါဆိုတဲ့ဝန်ခံချက်ကိုလည်း သဘောတူလက်မှတ်ထိုးပေးခဲ့ရပါတယ်။ အနာဂတ်မှာ ဂျာမန်စစ်အင်အား ၁ သိန်းထက်ပိုဖွဲ့စည်းခွင့် မရှိဆိုတာကိုလည်းသဘောတူခဲ့ရပါတယ်။ စစ်အဆုံးသတ်ရေးစာချုပ်ဟာ ဂျာမန်အင်ပါယာပြိုကွဲအောင် ဂျာမန်တွေရဲ့အမျိုးဂုဏ်သိက္ခာ ညှိုနွမ်းအောင်ချိုးနှိမ်ခဲ့တဲ့စာချုပ်လို့ စထရိုက်ခါကယုံကြည်ပါတယ်။
ကမ္ဘာစစ်ပြီးခါနီး ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေးနဲ့အတူ ကွန်မြူနစ်တွေအာဏာရလာပါတယ်။ ကွန်မြူနစ်အယူဝါဒကိုကိုင်စွဲပြီး ဆိုဗီယက်အင်ပါယာချဲ့ထွင်ဖို့ ကြိုးစားလာတဲ့အပေါ်ကိုလည်း အင်ပါယာဖျက်ဆီးခံခဲ့ရတဲ့ဂျာမန်လူမျိုးစထရိုက်ခါက ဘ၀င်မကျခဲ့ပါဘူး။ စစ်ရှုံးပြီး နာလန်မထူနိုင်ဖြစ်နေတဲ့ဂျာမန်မြေပေါ်မှာ ဆိုဗီယက်ကွန်မြူနစ်ဝါဒမျိုးစေ့ချဖို့ ကြိုးစားလာတာကိုလည်း စထရိုက်ခါက သဘောမကျပါဘူး။
ဂျာမန်ပြည်သူတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ စစ်လည်းရှုံးရ၊ မျိုးနွယ်ဂုဏ်သိက္ခာလည်း ကုန်းကောက်စရာမရှိအောင် ကျဆင်းခဲ့ရ.. ဆိုဗီယက်ကွန်မြူနစ်အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာတွေကို အချိန်မီကုစားသင့်တယ်လို့ စထရိုက်ခါကယူဆပါတယ်။ ဂျာမန်တွေ စုတ်ပြတ်သတ်နေချိန်မှာ ဆီဦးထောပတ်စားနေနိုင်တဲ့ လူနည်းစုဂျူးလူမျိုးတွေကိုလည်း သူကအမြင်မကြည်လင်ခဲ့ပါဘူး။ ဂျူးတွေဟာ မဟာမိတ်တွေ၊ ရုရှားကွန်မြူနစ်တွေနဲ့ပေါင်းပြီး ဂျာမန်လူမျိုးတွေအပေါ် အမြတ်ထုတ်သစ္စာဖောက်သူတွေအဖြစ် စထရိုက်ခါကရှုမြင်ပါတယ်။ စစ်ရှုံးဂျာမန်တွေကို ဂျာမန်မျိုးချစ်စိတ်ဓာတ်တွေသွတ်သွင်းပေးရမယ်လို့ ယုံကြည်ပါတယ်။ စထရိုက်ခါလိုအယူအဆရှိနေသူ နောက်တစ်ဦးကတော့ သြစတြီးယားမှာမွေးပြီး ဂျာမနီမှာအာဏာရှင်ဖြစ်လာမယ့် အဒေါ့ဖ်ဟစ်တလာပဲဖြစ်ပါတယ်။
ဂျူးတွေကို သစ္စာဖောက်တွေ ဂုတ်သွေးစုပ်နေသူတွေလို့ စထရိုက်ခါကယုံကြည်နေချိန်မှာ ဟစ်တလာကလည်း မြူးနစ်မြို့မှာ ဂျူးဆန့်ကျင်ရေးတရားနဲ့လူကြိုက်များလာချိန်ပါ။ ၁၉၂၂ ခုနှစ်ထဲမှာ စထရိုက်ခါဟာ နျူရင်ဘတ်ကနေ မြူးနစ်ထိသွားရောက်ပြီး ဟစ်တလာတရားပွဲကို သွား နားထောင်ခဲ့ပါတယ်။ ဟစ်တလာရဲ့အပြောအဆိုတွေကိုသဘောကျခဲ့သလို စစ်ရှုံးလို့စိတ်ဓာတ်ပျက်ပြားနေတဲ့ဂျာမန်လူ့အဖွဲ့အစည်းကို ဟစ်တလာလိုခေါင်းဆောင်မျိုးသာ ကယ်တင်နိုင်မယ့်သူလို့ယုံကြည်ခဲ့ပါတယ်။ ဟစ်တလာလိုဂျူးဆန့်ကျင်ရေးတရား ရဲရဲတင်းတင်းဟောရဲသူကို ဂျာမန်လူထုထောက်ခံလာဖို့လိုတယ်လို့လည်း စထရိုက်ခါကယူဆပါတယ်။ အဲဒီအယူအဆနဲ့ပဲ ၁၉၂၃-ခုနှစ်မှာ မုန်တိုင်း ဒါမှမဟုတ် တိုက်စစ်မှူးလို့အမည်ရမယ့်သတင်းစာကို စထရိုက်ခါက ထုတ်ဝေဖြန့်ချိပါတယ်။ ဂျူးဆန့်ကျင်ရေးသတင်းဆောင်းပါးတွေရေးပြီး ဂျာမန်အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးဖို့နဲ့ ဟစ်တလာရဲ့နာဇီပါတီကိုလူကြိုက်များလာအောင် စည်းရုံးဝါဒဖြန့်ပေးပါတယ်။ အဲဒီနှစ်မှာ နိုင်ငံတော်အာဏာသိမ်းဖို့ကြိုးစားမူနဲ့ ဟစ်တလာအဖမ်းခံရပါတယ်။ ဟစ်တလာကိုပြန်လွှတ်ပေးဖို့နဲ့ နာဇီပါတီပြန်ထူထောင်ခွင့်ရဖို့ တွေကိုလည်း စထရိုက်ခါက ကလောင်သွားနဲ့လှုပ်ရှားနိုင်ခဲ့သူပါ။ ၁၉၂၅ ခုနှစ် ဟစ်တလာပြန်လွတ်လာချိန်မှာ စထရိုက်ခါကို နျူရင်ဘတ်မြို့ရဲ့ နာဇီပါတီတာဝန်ခံအဖြစ် ခန့်အပ်ပါတယ်။ ပါတီတာဝန်ခံလည်းဖြစ် သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်တဲ့စထရိုက်ခါဟာ ဂျူးဆန့်ကျင်ရေးကို မီးကုန်ယမ်းကုန်ဝါဒဖြန့်တော့တာပါပဲ။
ဂျာမန်စီးပွားရေးကိုချုပ်ကိုင်ထားတဲ့ လူနည်းစုဂျူးတွေကိုဆန့်ကျင်လိုတယ်ဆိုရင် ဂျူးတွေ ထုတ်လုပ်ရောင်းချတာတွေဝယ်ယူအားမပေးဖို့ မုန်တိုင်းသတင်းစာက ဂျာမန်လူထုကို တိုက်တွန်းပါတယ်။ ဂျာမန်ကလေးတွေအတွက် ဂျူးမုန်းတီးရေးပုံပြင်တွေ ဖန်တီးရေးသားပါတယ်။ ဂျာမန်အစိုးရ၀န်ကြီးဌာနတွေနဲ့ အာဏာပိုင်အဆင့်ဆင့်မှာ ဂျူးသွေးပါသူတွေကို ရာထူးတာဝန်တွေမပေးဖို့ လှုံ့ဆော်ရေးသားပါတယ်။ ဂျာမန်အစိုးရထဲက ဂျူးအရာရှိတွေကို အဂတိလိုက်စားသူတွေ အကျင့်ပျက်ခြစားသူတွေအဖြစ် သတင်းဆောင်းပါးတွေနဲ့ဝေဖန်ရေးသား တိုက်ခိုက်ပါတယ်။ ဂျာမန်အမျိုးသမီးငယ်တွေကို ဂျူးသူဌေးတွေကခြေတော်တင်တဲ့ လုပ်ကြံသတင်းတွေကိုဖြန့်ချိပါတယ်။ ဂျာမန်အနုပညာရှင်တွေကို ဂျူးဆန့်ကျင်ရေးပြဇာတ်တွေ သီချင်းတွေရေးပေးတာမျိုးစတဲ့ စာပေအနုပညာနယ်ကိုအသုံးချပြီး ဂျူးဆန့်ကျင်ရေး ဂျာမန်မျိုးချစ်စိတ်ဓာတ်ရှင်သန်လာရေးနဲ့ နာဇီပါတီအာဏာရရေးကိုလှုံ့ဆော်ခဲ့တာပါ။
၁၉၃၃ ခုနှစ်မှာ ဟစ်တလာ ဂျာမနီဝန်ကြီးချုပ်ဖြစ်လာသလို မုန်တိုင်းသတင်းစာဟာလည်း ဂျာမန်တွေရဲ့အသည်းစွဲသတင်းစာ ဖြစ်လာပါတယ်။ ၁၉၃၄မှာ ဟစ်တလာဟာ အတိုက်အခံအဖွဲ့အစည်း မှန်သမျှကိုဖယ်ရှားရှင်းလင်းခဲ့ပြီး နာဇီပါတီကပဲတိုင်းပြည်ကိုအုပ်ချုပ်သွားမယ့် တစ်ပါတီစနစ်ကို စတင်ကျင့်သုံးပါတယ်။ ဟစ်တလာလုပ်ချင်တာလုပ်လို့ရအောင် အဓိက၀ါဒဖြန့်ပေးတာကတော့ စထရိုက်ခါရဲ့ မုန်တိုင်းသတင်းစာပါပဲ။ ဂျူးဆန့်ကျင်ရေးနဲ့ အမျိုးသားရေးစိတ်သွတ်သွင်းနိုင်ခဲ့ တဲ့မုန်တိုင်းသတင်းစာဟာ ဂျာမန်စစ်အင်အားတောင့်တင်းဖို့ ဂျာမန်အင်ပါယာပြန်လည်ထူထောင်ဖို့ စစ်ရှုံးစာချုပ်ကိုလက်မခံဖို့တွေကို တစ်ဆင့်တက်ရေးသားလာပြန်ပါတယ်။ ဟစ်တလာကလည်း စစ်ရှုံးစဉ်က လက်မှတ်ထိုးသဘောတူတာအားလုံးကို မလိုက်နာနိုင်တော့ကြောင်း အတိအလင်းကြေညာပြီး ဂျာမန်စစ်အင်အားကိုတိုးချဲ့ပါတယ်။ ဟစ်တလာအတွက် လူထုကြိုက်မယ့် စကားလုံးတွေရွေးပေးခဲ့သူ၊ ဟစ်တလာအတွက် ကလောင်တချောင်းနဲ့ဝါဒဖြန့်ပေးခဲ့သူဟာ ယူလီရိုစထရိုက်ခါပဲဖြစ်ပါတယ်။ ဟစ်တလာရဲ့မျက်နှာသာပေးမှုကိုရနေတဲ့စထရိုက်ခါကို ကျန်နာဇီခေါင်းဆောင်တွေက မနာလိုဝန်တိုခဲ့ကြပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဟစ်တလာဟာ စထရိုက်ခါကို နျူရင်ဘတ်နာဇီပါတီတာဝန်ခံမလုပ်စေတော့ဘဲ မုန်တိုင်းသတင်းစာကိုပဲ ဦးစားပေးလုပ်ဝါဒဖြန့်ချိစေ ခဲ့ပါတယ်။
အကျဉ်းချုပ်ရရင်တော့ ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့ပါတယ်။ ဂျာမန်တွေပဲစစ်ရှုံးခဲ့ပြီး ဟစ်တလာက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ စထရိုက်ခါကတော့ အမေရိကန်တပ်တွေရဲ့ ဖမ်းဆီးမှုခံရပြီး တခြားနာဇီစစ်ခေါင်းဆောင်တွေနဲ့အတူ နျူရင်ဘတ်စစ်ခုံရုံးမှာ စွဲချက်တင်ခံခဲ့ရပါတယ်။
နျူရင်ဘတ် နိုင်ငံတကာစစ်ခုံရုံးမှာ စွဲချက်တင်သေဒဏ်ပေးခံရသူတွေဟာ စစ်ပွဲအကြိုကာလကစစ်ရန်စမှုတွေနဲ့ စစ်ပွဲကာလစစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေအများစုပါ။ စစ်ရန်စမှု၊ စစ်ရာဇ၀တ်မှုကျူးလွန်မူမရှိခဲ့ဘဲ သေဒဏ်ပေးခံခဲ့ရသူကတော့ စထရိုက်ခါတစ်ဦးပဲရှိခဲ့ပါတယ်။ နာဇီစစ်ဘက်အရာရှိကြီးတချို့တောင် သေဒဏ်ကလွတ်ပြီး ထောင်အနှစ် ၂၀တို့၊ တစ်ချို့ဆို ကွင်းလုံးကျွတ်လွတ်ခဲ့သူတွေတောင်ရှိခဲ့ပါတယ်။ စစ်အရာရှိတွေတောင် အမှုကလွတ်ခဲ့၊ သေဒဏ်ကလွတ်ခဲ့ပေမယ့် ဟစ်တလာအတွက် စစ်ကြိုကာလမှာဝါဒဖြန့်ချိရေးလုပ်ပေးခဲ့သူ သတင်းစာတိုက်ပိုင်ရှင်၊ စာရေးဆရာ၊ ကျောင်းဆရာစထရိုက်ခါကို ဘာလို့သေဒဏ်ပေးခဲ့တာလဲဆိုတာဟာ စိတ်ဝင်စားစရာကောင်းသလို သတိထားဆင်ခြင်စရာ ကောင်းလှပါတယ်။
စထရိုက်ခါဟာ ဟစ်တလာရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးလည်းမဟုတ်၊ နာဇီစစ်အရာရှိလည်း မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းမရှိသလို သတ်ဖြတ်ဖို့အမိန့်လည်း မပေးခဲ့ပါဘူး။ လူ့ငရဲစခန်းတွေလို့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းစခန်းတွေဆောက်လုပ်ဖို့၊ ဂျူးတွေကို အမျိုးတုံးသတ်ဖြတ်ဖို့အကြံပေးစီစဉ်ခဲ့သူလည်း မဟုတ်ပါဘူး။ စစ်မဖြစ်ခင်ကတည်းက နျူရင်ဘတ်နာဇီပါတီတာဝန်ခံအဖြစ်က နုတ်ထွက်ပြီး သတင်းဆောင်းပါးတွေပဲရေးသားနေခဲ့သူပါ။
နျူရင်ဘတ်စစ်ခုံရုံးမှာ စထရိုက်ခါနဲ့တခြားနာဇီစစ်ရာဇ၀တ်ကောင်တွေကို ရုံးတင်ရာမှာ စွဲချက် ၄ ခုနဲ့ တင်ပါတယ်။ အဲဒီ ၄ ချက်ကတော့
၁-စစ်ဖြစ်အောင် ကြိုတင်ကြံစည်မှု
၂-နိုင်ငံတကာသဘောတူစာချုပ်တွေကိုဖောက်ဖျက်ပြီး ကျူးကျော်စစ်ဆင်နွှဲမှု
၃-စစ်ပွဲကာလမှာ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့မှု
၎- လူ့မျိုးနွယ်ဂုဏ်သိက္ခာကျဆင်းအောင်၊ လူမျိုးတစ်မျိုးရဲ့အသရေပျက်ပြားအောင်၊ လူမဆန်တဲ့ရာဇ၀တ်မှုတွေကျူးလွန်ခဲ့မှုဆိုတဲ့စွဲချက် ၄ ခုနဲ့ ရုံးတင်စစ်ဆေးခဲ့တာပါ။
ယူလီရိုစထရိုက်ခါကို စွဲချက် ၂ ခုနဲ့တင်ပါတယ်။ ဒါပေမယ့် စွဲချက်တစ်ခုမှာပဲအပြစ်ရှိကြောင်း ခုံရုံးကဆုံးဖြတ်ပါတယ်။ အဲဒါကတော့ ဂျူးမျိုးနွယ်ဂုဏ်သိက္ခာကျဆင်းအောင်၊ ဂျူးတွေကိုအသရေပျက်အောင်၊ လူ့အဖွဲ့အစည်းမှာ ဂျူးတွေရှင်သန်ရပ်တည်လို့မရအောင် ကလောင်လက်နက်နဲ့ တစ်ဖက်သတ်ဝါဒဖြန့်ခဲ့တယ်ဆိုတဲ့စွဲချက်ပါ။
စထရိုက်ခါနဲ့ သူ့မုန်တိုင်းသတင်းစာသာမရှိခဲ့ရင်၊ စထရိုက်ခါသာ ဂျူးဆန့်ကျင်ရေးဆောင်းပါးတွေစာအုပ်တွေမရေးခဲ့ဘူးဆိုရင် ဂျာမန်လူမျိုးတွေကြားမှာ ဂျူးမုန်းတီးရေးအတွေးအခေါ်တွေဝင်မလာနိုင်ဘူးလို့ စစ်ခုံရုံးကသုံးသပ်ပါတယ်။ စထရိုက်ခါ အနှစ် ၂၀ ကျော် ရေးသားဖြန့်ချိခဲ့မှုတွေဟာ ဂျူးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အခြေအနေဖြစ်လာစေတယ်လို့ခုံရုံးကဆုံးဖြတ်ပြီး ကလောင်နဲ့လက်စွမ်းပြခဲ့တဲ့ စထရိုက်ခါကို သေဒဏ်ချမှတ်ခဲ့တာပါ။ ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၆ရက်မှာ သူသိပ်ချစ်ခဲ့တဲ့နျူရင်ဘတ်မြို့မှာ ကြိုးပေးသတ်ဖြတ်ခံခဲ့ရပါတယ်။
အာဏာရှင်တွေအောက်နေခဲ့ရတဲ့၊ နေနေရတဲ့နိုင်ငံတွေမှာ စထရိုက်ခါလိုပုဂ္ဂိုလ်မျိုးတွေရှိတတ်ပါတယ်။ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားအရပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးတစ်ယောက်ကို အာဏာရှင်ကြီးတစ်ဦးဖြစ်သွားစေဖို့ အရူးဘုံမြှောက် လှုံ့ဆော်ဆောင်းပါးတွေရေးပေးတာမျိုး .. အာဏာရှင်အတွက် လူကြိုက်များမယ့်စကားလုံး လှလှလေးတွေနဲ့ မိန့်ခွန်းတန်ဆာဆင်ပေးရတာမျိုး .. အာဏာရှင်အကြိုက် အတိုက်အခံတွေကို ချိုးနှိမ်ဝေဖန်ဝါဒဖြန့်ဆောင်းပါးတွေ၊ စာအုပ်တွေရေးပေးတာမျိုး၊ အာဏာရှင်အတွက် ၀ါဒဖြန့်ချိရေး၊ ဖျော်ဖြေရေးအစီအစဉ်တွေ စီစဉ်တင်ဆက်ပေးတာမျိုး၊ အာဏာရှင်ကို တကယ့်မျိုးချစ်သူရဲကောင်း တစ်ဦးလို ကျေးဇူးရှင်တစ်ယောက်လိုပုံဖော်ဝါဒဖြန့်ပေးတာမျိုး လုပ်ပေးသူတွေရှိစမြဲပါ။ အဲဒီလိုလူမျိုးတွေဟာ လူတစ်ဦးတစ်ယောက်တစ်ဖွဲ့အပေါ် ဖမ်းဆီးသတ်ဖြတ်ဖို့ ကျူးလွန်ခဲ့သူတွေမဟုတ်သလို ကျူးလွန်ဖို့အမိန့်ပေးသူတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နျူရင်ဘတ်စစ်ခုံရုံးရဲ့ အခြေခံစဉ်းစားချက်တွေအရဆိုရင်တော့ အာဏာရှင်တွေကို ပိုပြီးဘ၀င်မြင့်ရူးသွပ်စေဖို့၊ အာဏာရှင်ကို လူသားမဆန်တဲ့ပြစ်မှုတွေကျူးလွန်စေဖို့ ယူလီရိုစထရိုက်ခါလိုပဲ ကလောင်လက်နက်နဲ့ မြှောက်ပင့်တွန်းအားပေးနေသူတွေလို့ယူဆနိုင်ပါတယ်။
ဆိုလိုတာကတော့ နိုင်ငံရေးဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မူတွေကျူးလွန်ရာမှာ ကျူးလွန်ဖို့အမိန့်ပေးစေခိုင်းသူနဲ့ အမိန့်နာခံပြီးကိုယ်တိုင်ကျူးလွန်ခဲ့သူတွေမှာပဲ အပြစ်ရှိတာမဟုတ်ပါဘူး။ အာဏာရှိသူတွေဘက်ကနေရပ်တည်ပြီး အာဏာရှင်အကြိုက် အနုပညာ၊ ကလောင်လက်နက်နဲ့ လှုံ့ဆော်တွန်းအားပေးရေးသားသူတွေမှာလည်း ကြီးလေးတဲ့အပြစ်ရှိတယ်ဆိုတဲ့သဘောပါ။ ကလောင်သွားဟာ ဓားသွားထက် ထက်တယ်ဆိုပေမယ့် စထရိုက်ခါလိုကလောင်သွားမထက်မိဖို့တော့ သတိထားဆင်ခြင်ကြရပါလိမ့်မယ်။
မိုးအေး (moeayedvb@gmail.com)
မှီငြမ်း
-Charter of the International Military Tribunal August Äç 1945
-The E_ecution of Nazi War Criminals by Kingsbury Smith
-Julius Streicher- Nazi Editor of the Notorious Anti-Semitic Newspaper Der Sturmer by Randall L.Bytwerk
-The Anatomy of the Nuremberg Trails by Telford Taylor (1992)
-TV documentary of Julius Streicher- Der Judenhetzer
တွေ့တာနဲ့ယူတာက ဒီကဖြစ်ပါတယ် https://www.facebook.com/myanmartandawsint
0 comments:
Post a Comment