Thursday, January 17, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၇ (မျိုးမြင့်ချို)

0 comments

ဇန်နဝါရီ ၁၇ ရက် ၂ဝ၁၃ နေ့က အာရ်အက်အေမှထုတ်လွှင့်ပြီး။
သောတရှင်များခင်ဗျား.
တတိယပုံစံလို့ဆိုခဲ့တဲ့ပိုနေမြဲကျားနေမြဲ အပစ်အခတ်ရပ်စဲရေးမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နိုင်ငံရေးစကားကိုဘယ်အချိန်မှာ စပြောကြမယ်ဆိုတာမပါသလို ဘယ်လောက်ကြာတဲ့အထိ အပစ်အခတ်ရပ်စဲထားမယ်ဆိုတာလည်း မပါပါဘူး။ စစ်အစိုးရတွေလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေဟာ  “နောက်အစိုးရတက်မှပြောကြတာပေါ့”ဆိုတဲ့ နှုတ်ကတိအခြေခံပေါ်မှာလုပ်ခဲ့တာလို့ အတိအလင်းပြောလို့ရပါတယ်။ လုပ်ခဲ့တဲ့အချိန်တွေတုန်းက စစ်အစိုးရမှာတင်မဟုတ်ပါဘူး တဘက်အဖွဲ့အစည်းတွေမှာလည်း နိုင်ငံရေးစစ်ရေးအကျပ်အတည်းတွေ အထင်အရှားရှိနေခဲ့ပါတယ်။ ခုချိန်ကျတော့မှသာ လူတချို့က တဘက်အဖွဲ့အစည်းတွေဟာ စစ်အစိုးရရဲ့မရေမရာနှုတ်ကတိလေးပေါ်အားပြုပြီးလုပ်ခဲ့ရကောင်းလားလို့ ယူကြုံးမရဖြစ်ကြရတာပါ။ တကယ်က အဲ့ဒီအချိန်က တဘက်အဖွဲ့အစည်းတွေကလည်း ဘယ်ပုံစံ ဘယ်ကတိနဲ့ဖြစ်ဖြစ် အပစ်ရပ်ရေးက အပူတပြင်းလိုအပ်နေတာတော့အမှန်ပါပဲ။ သူတို့အဖို့ လောလောဆယ်မှာ အပစ်ရပ်ထားဖို့အရေးကြီးတယ်။ ဒါကိုဆုပ်ကိုင်ထားပြီး နောင်မှာ ငြိမ်းချမ်းရေးစကားပြောနိုင်လိမ့်မယ်လို့ နိုင်ငံရေးအရအမြော်အမြင်ရှိရှိ တွက်ချက်လုပ်ကိုင်ခဲ့တာဟာအခြေခံမူလို့ဆိုပေမယ့် သူတို့လည်း သူတို့လက်တွေ့အကျပ်အတည်းကနေ ယာယီထွက်ပေါက်ရှာတဲ့သဘော ပါပါတယ်။ 

ပြောရမယ်ဆိုရင် တစ်ချိန်တုန်းက ဗကပဟာ ဗမာ့တပ်မတော်ပြီးရင် ဒုတိယအင်အားအကြီးဆုံး အစုအဖွဲ့ကြီးဖြစ်ခဲ့ပါတယ်။ လက်နက်၊ ရိက္ခာတင်မကပဲ အတွေးအခေါ်နဲ့နိုင်ငံရေးအရပါ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းအချို့က အားထားခဲ့ရတာလည်းဖြစ်ခဲ့ပါတယ်။ ကိုးကန့်နဲ့ဝတွေခွဲထွက်သွားခဲ့ပြီးတဲ့နောက် ဗကပဟာ အတွေးအခေါ်အရ သြဇာကျဆင်းသွားသလို အဖွဲ့အစည်းသဘောအရလည်းချိနည့်သွားခဲ့ရပါတယ်။ ခွဲထွက်အဖွဲ့တွေကြည့်ပြန်တော့လည်း မခွဲထွက်ခင်က လမ်းစဉ်၊ နိုင်ငံရေးနဲ့အတွေးအခေါ်အရ ဗကပဦးဆောင်မှုအတိုင်းသွားနေခဲ့ရာကနေ ခွဲထွက်လာပြီးတဲ့အခါမှာတော့ ကိုယ့်လမ်းကိုယ်ထွင်ရတော့မှာ ဖြစ်လာပါတယ်။  ဒီအခါ မိမိတို့ရှိနေတဲ့နယ်မြေတွေမှာ ဘယ်ပုံစံနဲ့ဆက်ရပ်တည်လှုပ်ရှားကြမလဲ၊ တပ်တွေကို ဘယ်လိုဆက်ထိမ်းထားမလဲ၊ ဘယ်နိုင်ငံရေးသဘောတရားရေးနဲ့သွားမှာလဲ စတာတွေအပြင် စားနပ်ရိက္ခာ၊ လက်နက်၊ ငွေကြေးစတဲ့နယ်ပယ်စုံမှာလည်း အကျပ်အတည်းတွေ အမှန်တကယ်ရှိခဲ့တာဖြစ်ပါတယ်။ တခါ ဒီအထဲမှာ ထပ်ပြီးအရေးအကြီးဆုံးလို့ဆိုရမယ့်အပိုင်းက ခေါင်းဆောင်တချို့ကြားထဲက အာဏာလုပွဲတွေနဲ့စီးပွားပြိုင်မှုတွေပဲဖြစ်ပါတယ်။
အဖွဲ့အစည်းအခက်အခဲကို အထိုက်အလျှောက်ဖြေရှင်းနိုင်ဦးတောင် ရေရှည်မှာဘယ်သူက တပ်ကိုကိုင်မှာလဲဆိုတဲ့ကိစ္စဟာ ထိပ်ရောက်လာပါတယ်။ နိုင်ငံရေးသဘောတရားရေးထက် သေနတ်နဲ့တပ်ကိုအခြေခံပြီးတည်ဆောက်တဲ့အဖွဲ့အစည်းတိုင်းမှာ သေနတ်ပြောင်းကိုတိုက်ရိုက်အမိန့်ပေးနိုင်သူသာ အာဏာပိုင်စိုးပြီးအဆုံးအဖြတ်နေရာကိုရပါတယ်။ ဒီ့အတွက် တပ်ကိုကိုင်နိုင်ဖို့လိုလာပါတယ်။ တပ်ကိုကိုင်နိုင်ဖို့အတွက် တပ်မှူးတွေကိုမိမိကိုလူဖြစ်အောင် လုပ်ယူရပါတယ်။ မိမိလူဖြစ်ဖို့ တပ်ထဲမှာစနစ်တကျ လူမွေးရပါတယ်။ မွေးတဲ့နေရာမှာ ငွေကြေးနဲ့လုပ်ပိုင်ခွင့်မပါပဲ သိမ်းသွင်းလို့မရပါဘူး။ ဒီအခါမှာ ငွေဟာ အခရာကျလာပါတယ်။ ငွေရရေးအတွက် စီးပွားရေးဟာအဓိကဖြစ်လာပါတယ်။ ဟိုဘက်ခေတ် စီးပွားရှာခွင့်ကနေရခဲ့တဲ့  လက်ဝယ်ရှိငွေတွေကလည်း ငွေမည်းတွေဆိုတော့ ခဝါချဖို့အပူတပြင်းလိုလာပါတယ်။ တခါ ငွေခဝါချပြီးတောင် အဲ့ဒီငွေက ကာလတခုလောက်ပဲထိမ်းထားနိုင်မှာဖြစ်ပြီး နောင်အတွက်ကျတော့ ရေရှည်ဝင်ငွေရှိဖို့လိုလာပြန်ပါတယ်။ ဒီတင် ငွေမည်းတွေဖြူသွားဖို့နဲ့ ရေရှည်ဝင်ငွေရှိရေးဇောင်းပေးတွေးပြီး စီးပွားရေးတွေလုပ်ရပါတော့တယ်။ အဲ့သလိုလုပ်တဲ့နေရာမှာလည်း နှစ်ပိုင်းထပ်ခွဲထားတာ တွေ့ရမှာပါ။ တပိုင်းက အဖွဲ့အစည်းနံမည်နဲ့စီးပွားရေးလုပ်တာဖြစ်ပြီး နောက်တပိုင်းက ကိုယ်ပိုင်စီးပွားရေး ထူထောင်တာဖြစ်ပါတယ်။ အဖွဲ့အစည်းအမည်ခံစီးပွားရေးကနေ ပုဂ္ဂလိကခံစားခွင့်တချို့ကို ကိုယ်တိုင်လည်းယူ တပ်မှူးတွေလည်းပေးရုံတင်မကတော့ပဲ လက်သင့်ရာစားတော်ခေါ်နည်းနဲ့ ဝေစုခွဲပေးရတာလည်းရှိပါတယ်။ ငွေရှိမှတပ်ကိုင်နိုင်မယ်။ တပ်ကိုင်နိုင်မှ အာဏာတည်ဆောက်လို့ရမယ်။ အာဏာတည်ဆောက်လို့ရမှ ငွေရှာနိုင်မယ်ဆိုတဲ့ လက်နက်၊ အာဏာနဲ့ငွေဆိုတဲ့ အဆိုးသံသရာထဲ ဝင်သွားကြတော့တာပါပဲ။ ဒီလိုနဲ့ အဲ့ဒီ ခေါင်းဆောင်တွေကြားမှာ လူရွေးပွဲတွေနဲ့ဆရာတပည့်မွေးပွဲတွေ အတောမသတ်ဖြစ်လာရပါတယ်။

သောတရှင်များခင်ဗျား…ငွေရှာကြတော့မယ်ဆိုရင်လည်း အဲ့ဒီအဖွဲ့တွေအတွက် သမာအာဇီဝနဲ့ရှာတဲ့လမ်းထက် ဖြတ်လမ်းနည်းတွေက ငွေရပိုမြန်ပိုလွယ်ပြီး အချီကြီးတွေလည်းဖြစ်နေပါတယ်။ ဒေသအတွင်းက သစ်တောနဲ့သယံဇာတတွေထုတ်ရောင်းမှာ၊ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်ကောက်မှာ၊ ဘိန်းနဲ့တခြားမူးယစ်ဆေးဝါးတွေ လက်သိပ်ထိုးလုပ်မှာ စတာမျိုးတွေဖြစ်ပါတယ်။ စီးပွားရေးအခြေခံအဆောက်အဦတွေလည်းမရှိ၊ နည်းပညာလည်းမရှိတဲ့တိုင်းပြည်တွေမှာဖြစ်သလိုမျိုး အဲ့ဒီဒေသတွေမှာလည်း တထေရာထဲဖြစ်ခဲ့တာပါ။ ဒီတော့ ကိုယ့်အပိုင်စားနယ်မြေမှာတဗိုလ်တမင်းလုပ်ဖို့ ကိုယ့်ထက်အားကြီးလို့တပြည်လုံးမှာဘုရင်လုပ်နေသူနဲ့ မလွဲမရှောင်သာ အပေးအယူလုပ်ရပါတော့တယ်။ ဘုရင်ကို အချိန်တန်ရင်ပဏ္ဏာဆက်ထား စစ်လာမပြုဖို့ကျို့ထားပြီး ကိုယ့်ဒေသမှာ စီးပွားရေးအခိုင်အဖြီးနဲ့ စစ်မင်းကြီးတွေလုပ်ဖို့အရေးဖြစ်လာပါတော့တယ်။ ဒါက အပစ်အခတ်မရပ်ခင်မှာ တဘက်အဖွဲ့အစည်းတချို့ထဲက ခေါင်းဆောင်အချို့မှာ တကယ်ဖြစ်ခဲ့တဲ့အနေအထားတွေပါ။

သောတရှင်များခင်ဗျား..အဲ့သလိုအဖွဲ့အချို့က ခေါင်းဆောင်အချို့ဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကိုလုပ်ခဲ့တာလို့ပြောမယ်ဆိုရင်တော့ အမှန်တပိုင်းပါတဲ့မုသားလို့ပဲ မှတ်ယူချင်ပါတယ်။ သူတို့လုပ်ခဲ့တဲ့အပစ်အခတ်ရပ်ရေးဟာ အရပ်ထဲကလူတွေပြောသလို ပြောရရင် “အပစ်ရပ်ရေးဗိုက်နာ” နေချိန်ပါ။ ဒါ့ကြောင့်မို့ပဲ စစ်အစိုးရတွေဟာ အပစ်ရပ်ရေးကို “ဈေးပေါင်ကျိုးနဲ့ရခဲ့တာ”လို့ ပြောကြတာ ဖြစ်ပါတယ်။ “သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့”လို့ပြောကြတာလည်း မမှားပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီအချိန်က တဘက်အဖွဲ့အစည်းတွေနည်းတူ စစ်အစိုးမှာလည်း ပုံတူဆင်ကွဲပြဿနာတွေ ဖြစ်နေတာပါ။ အာဏာရယူထားတဲ့အစိုးရဖြစ်နေလို့သာ ကယိမ်းကယိုင်သိတ်မဖြစ် သိတ်မသိသာလှပေမယ့် အချင်းချင်းအာဏာလုကြ စားမာန်ခုတ်ကြတာတွေလည်း ဒုနဲ့ဒေးပါပဲ။ တချို့က စစ်အစိုးရဟာ အဲ့သလောက်အကျပ်အတည်းတွေရှိရက်နဲ့တောင် တပ်ကိုကိုင်တွယ်တာတော့ သူမတူအောင်ကျင်လည်ပါးနပ်တယ်လို့ ထောမနာပြုကြတာရှိပါတယ်။ အမှန်တကယ်က တပ်ကိုင်ကျင်လည်ပါးနပ်တယ်ဆိုတာဟာ တပ်အတွက်ငွေဘယ်လောက်သုံးနိုင်သလဲ တပ်မှူးကြီး/ငယ်တွေကို ဘာနဲ့သိမ်းသွင်းယူထားသလဲဆိုတာအပေါ်မှာ အဓိကကျတာပဲဖြစ်ပါတယ်။ တဘက်အင်အားစုတွေထက် ပိုပါးနပ်ကျင်လည်တယ်လို့ ပြောကြတယ်ဆိုတာဟာ ငွေကိုပိုသုံးနိုင်တာလို့ဆိုရင်လည်းမမှားပါဘူး။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment