Wednesday, January 23, 2013

Brainwashing (သို့) ဦးနှောက်ကျင်းခြင်း (ဦးဦးမှော်ဆရာ)

0 comments
Brainwashing ကို အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ဦးနှောက်ကျင်းခြင်းလို့၊ ရှိရင်းစွဲအတွေးအခေါ်အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန်အဓမ္မပြုကျင့်ခြင်းလို့ ဘာသာပြန်ထားတာတွေ့ရပါတယ်။ သဘောက လူတစ်ဦးရဲ့ခေါင်းထဲက အတွေးဟောင်း တွေကိုဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန်ဖြစ်အောင် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင်ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့မလွယ်ကူပါဘူး။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့နှလုံးသားနဲ့ဝိဉာဉ် အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအားနဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းအားတွေကို သုည ဖြစ်သွားအောင်အရင်လုပ်ရမှာပါ။ “မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ”လို့မေးရင် “ကျွန်တော့ခေါင်းထဲ ဘာမှမရှိတော့ဘူး။ ဘာမှ မယုံကြည်တော့ဘူး”လို့ ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ်။ အဲဒီအခါကျမှ  “ကဲ…ဒါဆို မင်းဒီလို ယုံကြည်ပေတော့’”လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်းမှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ ရောက်သွားရခြင်းပဲဖြစ်ပါတယ်။
Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေ လက်ထက်ကတည်းကလုပ်ခဲ့ကြပါတယ်။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ပိရမစ်ကြီးတွေ ဆောက်ခိုင်း ခဲ့တာကို သမိုင်းသုတေသီတွေက ထောက်ပြကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စုနဲ့အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်း တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့အမေရိကန်စစ်သားတွေလည်း ဦးနှောက်ကျင်းခံခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမေရိကန်ဂျာနယ်လစ် “အက်ဒွပ်ဟန်တား” ရေးတဲ့  New Leader’ ဆိုတဲ့စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ဝေါဟာရက ခေတ်စားလာတာပါ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှသက်သာဦးမယ်လို့ အဲဒီစာအုပ်မှာဆိုထားပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန်ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ခေါ်တာမဟုတ်ဘဲ လူတစ်ယောက် တစ်စုံတစ်ခုကိုယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်း တာမျိုးကလည်း “Brainwash” လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ် ။ ဥပမာ- အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမကကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ယုံကြည်မိပြီး ၀ယ်သုံးလိုက်မိတဲ့အခါမျိုးမှာ “Brainwash” လုပ်ခံရတယ်လို့ ပြောလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ မီဒီယာတွေ၊ ကြော်ငြာတွေအလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူဦးနှောက်ကျင်းခံရလေ့ရှိပါတယ်။ လိုအပ်ချက်တွေအရ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်းဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ ။
ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြနေရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှုလျော့ နည်းနိုင်တာကြောင့် အတိုချုံးပြီးနားလည်ရလွယ်ကူအောင် ကျနော့်အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံးဖေါ်ပြပေးပါ့မယ်။ ယေဘူယျအားဖြင့် ဦးနှောက်ကျင်းနည်း (၆) မျိုး ရှိပါတယ်။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ၊ စစ်တပ်တွေ၊ ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေ၊ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့တိုင်းပြည်တွေ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျခံနေရသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်းဖြစ်ပါတယ်။ ၁၄ ရာစုက ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုး ကျရောက်ခဲ့တယ်။ ဥရောပမှာရှိတဲ့လူဦးရေရဲ့ထက်ဝက်ကျော်ဟာ ဒီရောဂါကြောင့်သေခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကိုအဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်းထွက်လာတယ်။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာနဲ့တစ်ရွာကူးလူးဆက်ဆံမှု သိပ်မရှိကြသေးဘူး။ ဒါကြောင့် ဒီသတင်း မှန် ၊ မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးမှထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့် ခံခဲ့ကြရပါတယ်။

၈၈၈၈ အရေးခင်းအတွင်း ဗကပတွေမြို့ထဲဝင်ရောက်လာပြီဆိုတဲ့ဝါဒဖြန့်မှုနဲ့ လက်နက်မပါဘဲဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက်ပစ်ခတ်နှိမ်နှင်းဖို့ စစ်တပ်ကိုခိုင်းခဲ့ရာမှာ ဒီနည်းလမ်းကိုအသုံးချခဲ့တာပါ။
ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့်ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားရတဲ့ ဒေသတွေ၊ လုအုပ်စုတွေ ( isolated area / community) မှာ အဓိကရုန်းဖန်တီးဖို့ ဦးနှောက်ကျင်းခံရဖို့ပိုမိုလွယ်ကူတယ် ဆိုတာပါပဲ။

ဒုတိယနည်းလမ်းက အတိအကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ်။  ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင်ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ။ ဒါနဲ့ပက်သက်ပြီး ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆% ဟာ ဂရိလူမျိုးတွေပဲဖြစ်နေ တာတွေ့ရတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲအတိုင်းဆက်ထင်နေတော့ နေရာအတည်တကျမရှိဘဲ ရွေ့ပြောင်းနေထိုင်လေ့ ရှိပေမယ့် အပြစ်မရှိတဲ့ဂျစ်ပဆီတွေအတွက်ကတော့  နစ်နာကြရတာပေါ့။
ယနေ့ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းကတော့- “မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများမဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များဖြစ်သည် ” ဆိုတဲ့စကားဖြစ်ပါတယ်။ အမှန်တကယ်တော့ ထိုစကားအတွက် တိကျခိုင်လုံသောအထောက်အထားများ၊ စစ်တမ်းများမရှိပါဘူး။ အမေရိကန်အက်ဖ်ဘီအိုင်မှ တရားဝင် ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင်ကျူးလွန်ခဲ့သောအကြမ်းဖက်မှုများ အနက် ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး၊ ကျန်တဲ့ ၉၄% အနက် ၄၂% မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ၊ ၂၄% မှာ လက်ဝဲစွန်းရောက်များ၊ ၇% မှာ ဂျူးအစွန်းရောက်များ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များ အကြမ်းဖက်မှုများသာဖြစ်ပါတယ်။
ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သောစစ်တမ်းများကိုထုတ်ပြန်ရာ ၉၉.၆% က မွတ်ဆလင်မဟုတ်သောအခြားအစွန်းရောက်များရဲ့လက်ချက်များဖြစ်နေပါတယ်။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနဲ့လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမားများကြောင့်ဖြစ်ရတဲ့အကြမ်းဖက်မှုများဖြစ်ပါတယ်။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ  ပိုမိုဖြစ်ပွားခဲ့ပြီး မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုများမှာ ဖြစ်စဉ်အားလုံး၏ ၀.၄% သာရှိတယ်လို့သိရပါတယ်။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ပြီးသားအစွဲတစ်ခုကို မစဉ်းစားမဆင်ခြင်ဘဲ ဆက်လက်ကိုင်စွဲထားသောကြောင့် အကြမ်းဖက်မှုများနဲ့မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှအစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။

တတိယနည်းလမ်းကတော့ လွှဲချခြင်း(သို့)ထိုးကျွေးခြင်းပါ။ ကိုယ်ပြစ်မှုကျူးလွန်တာကိုသံသယမရှိအောင် အများသံသယရှိလောက်တဲ့အခြေအနေရှိသူတစ်ဦးဦးကို တရားခံအဖြစ်ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ်။ ဒါကို လူတွေယုံကြည်သွားတဲ့အတွက် ပြစ်မှုမကျူးလွန်ပါဘဲ ထောင်ထဲရောက်သွားရတဲ့လူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ ထိုနည်းလမ်းကို အဓိကရုဏ်းများဖန်တီးရာတွင်လည်း မရိုးတမ်းအသုံးပြုလေ့ရှိပါတယ်။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ်ကို အသုံးချတာလို့ပဲမြင်ပါတယ်။ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ နော်ဝေးနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများတည်ရှိရာနေရာအနီးမှာ ကားဗုံးဖေါက်ခွဲခဲ့ရာ လူ(၈)ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းကိုသွားရောက်ပြီး လူငယ်အများအပြားပါဝင်တဲ့လူအုပ်စုကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ“အန်းဒရက်စ် ဘရီဗစ်ခ်”ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ဒီပြဿနာ စ ဖြစ်ဖြစ်ခြင်း သတင်းကြေငြာခဲ့ရာမှာတော့ “အယ်လ်ကေဒါရဲ့လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်” လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။
မြန်မာပြည်မှာလည်း တနေရာရာမှာဗုံးပေါက်ကွဲမှုဖြစ်ပြီဆိုတာနဲ့ သေချာတဲ့စုံစမ်းစစ်ဆေးမှုမလုပ်ရသေးဘဲ နိုင်ငံပိုင်သတင်းစာ တွေထဲမှာတော့ KNU ၊ KIA ၊ ABSDF စတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့လက်ချက်ဖြစ်ကြောင်း ကြေငြာလေ့ရှိခဲ့တာတွေကလည်း ဒီအချက်ထဲမှာ အကျုံးဝင် ပါတယ်။

စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကိုခေါင်းပုံဖြတ်တာပါ။  ဥပမာ- ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ “ကျွန်တော့ရဲ့ဆောင်းပါးကို တော်ရုံတန်ရုံပညာအခြေခံမျိုးနဲ့ ဘယ်နားလည်နိုင်ပါ့မလဲ” လို့ အစချီထားလိုက်ရင် ဆောင်းပါးကြီးကအသုံးမကျမှန်းသိနေပေမယ့် ဘယ်သူကမှ မဝေဖန်ရဲတော့ဘူး။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့် သူတပါး အမြတ်ထုတ်တာခံနေကြရတာပါ။ တကယ်တော့လည်း မကောင်းတာကိုမကောင်းဘူးလို့ ထုတ်ဖေါ်မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာရောက်သွားပါတယ်။
တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့တို့စားရတာ ခံတွင်းတွေ့တော်မူတယ်။ အဲဒါကို မူုးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့မစားနိုင်ကြဘူး။ အဲဒီတော့ ကြိတ်မှိတ်မြိုချရင်း ပြုံးနေတာကိုတွေ့တဲ့အခါ “ဘာပြုံးတာလဲ”လို့ မင်းကြီးကမေးတယ်။ ဒီတော့ အမတ်ကြီးဦးပေါ်ဦးက မင်းကြီးကို “နတ်ဝတ်ပုဆိုး တိမ်မီးခိုး” ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ်။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးနတ်က “နတ်ဝတ်ပုဆိုး တိမ်မီးခိုး” ဆိုတဲ့ ဘာမှမရှိတဲ့ဟာကြီးကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရလိမ့်မယ်လို့လည်း ဆိုလိုက်သေးတယ်။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကိုဝတ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေကမကြည့်ရဲလို့ ခေါင်းငုံ့ပြီးပြုံးနေကြရတဲ့ပုံပြင်ပေါ့။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာလည်း တကယ်မရှိပါဘူး။ ဘုရင့်ဆုလာဘ်တော်ကိုမျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီပုံပြင်မှာ မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်မှာ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုးတိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ။ ပြီးတော့ ငါးပါးသီလမလုံသူတွေမမြင်ရဘူးလို့ လျောက်ထားခဲ့တယ်။ မင်းကြီးက အဲဒီနတ်ဝတ်ပုဆိုးတိမ်မီးခိုးကိုဝတ်ပြီး တိုင်းခန်းလှည့်လည် ခဲ့ပါတယ်။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီးဖြစ်နေတာကိုလူတိုင်းမြင်ပေမယ့် ဘယ်သူကမှ မပြောရဲကြဘူး။  တနေရာမှာ ကလေးတစ်ယောက်က အမှန်ကိုထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ Brainwash လုပ်တာ ခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ကြဖူးတယ်လို့ဆိုပါတယ်။

ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေဖြစ်ပါတယ်။  ဦးဦးမှော်ဆရာတို့နိုင်ငံမှာလည်း သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ၊ လမ်းဆုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာမြင်တွေ့ခဲ့ကြတဲ့ ဦးတည်ချက်တွေ၊ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာအကြုံးဝင်ပါတယ်။ ကျနော့်တူလေးတွေငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြား ကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့၊ ကေအန်ယူတို့ဆိုတာ အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းကြီးများအဖြစ်သာ မြင်ခဲ့ကြတာပါ။ သူတို့အမြင်မှာ ဗိုလ်မြဆိုတာ ဦးနှောက်မရှိသူ၊ အလွန်ဆိုးရွားတဲ့ လူသတ်ကောင်ကြီးပေါ့ဗျာ။ နိုင်ငံအနှံ့ကတိုင်းရင်းသားတွေ လက်နက်ကိုင်သူပုန်ထမှုရဲ့အကြောင်းရင်းအမှန်တွေကို သူတို့မှ မသိခဲ့ကြတာ။
ဒီလိုဝါဒဖြန့်မှုတွေထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာ အလွန်ဆိုးရွားပြီးထိရောက်လွန်းတဲ့ နည်းလမ်းတစ်ခုပါ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးရည်ရွယ်ချက်ဖြင့် မရှိတာကိုအရှိလုပ်၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလိုဖျောက်ဖျက်၊ မဖြစ်ခဲ့တာကို တကယ်ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ။ ယနေ့ခေတ်ကလေးများစုဟာ သမိန်ဗရမ်းနဲ့တရုတ်စစ်သူကြီးဂါမဏိတို့ စီးချင်းထိုးပွဲ၊ သမိန်ဗရမ်းနဲ့စလုံကျော်ခေါင်တို့ စီးချင်းထိုးပွဲတွေကို အဟုတ်ထင်နေကြတုန်းပါ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး တိကျခိုင်လုံတဲ့သမိုင်းမှတ်တမ်းများမရှိဘဲ ထောက်ကွက်ဟာကွက်များဖြင့်ပြည့်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ချောက်ထဲကျတော့မယ့် ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေးတာဝန်အရ ဦးနေ၀င်းစစ်အစိုးရကကယ်တင် လိုက်ရတယ်ဆိုတဲ့ သမိုင်းလိမ်ကြီးကိုလည်း ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်ထင်မှတ်ခဲ့ဖူးပါတယ်။ နောက်ပြီး သမိုင်းစာအုပ်ထဲမှာ နယ်ချဲ့အင်္ဂလိပ်ကို “ကုလားဖြူ”လို့ သင်ကြားခြင်း၊ အိန္ဒိယတိုက်သားများကို“ကုလား”လို့ သင်ကြားခြင်းဟာ လည်း ကလေးများကို ငယ်စဉ်ကတည်းက လူ လူခြင်းခွဲခြားစိတ်ကို ထည့်သွင်းပေးလိုက်ခြင်းပဲလို့ မြင်ပါတယ်။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးငယ်တွေရဲ့စိတ်ထဲ တဖြည်းဖြည်းနဲ့ လူမျိုးကြီးဝါဒ၊ လူမျိုးခြားမုန်းတီးတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းလျော့နည်းလာကာ နောင်တွင်လည်း အလွယ်တကူဦးနှောက်ကျင်းခံရနိုင်ပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒခေါ် အင်ပီရီးရယ်လစ်ဇင်းကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်းနဲ့ ထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒီအတွက် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ဘုန်းကျက်သရေကြီးပုံတွေ၊ မြန်မာဖတ်စာအုပ်တွေမှာ ဂျော့ဘုရင်ရဲ့ဘုန်းတော်ဘွဲ့ရတုတွေ၊ ပထ၀ီဝင်မှာ ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်း သင်ကြားခဲ့ပါတယ်။ ဒါတွင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန်“မစ္စတာ စီဒဗလျူကောက်”က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ်။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားတဲ့အချက်တွေကတော့ (၁) မြန်မာမင်းများ ရက်စက်ပြီး၊ အတွေးအခေါ်စဉ်းစားဉာဏ် နည်းပုံ၊ (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံတို့ကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကိုရွံမုန်းပြီး အင်္ဂလိပ်ကိုအားကိုးနေစေရန် သွန်သင်ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ကိုလိုနီခေတ်က ကျောင်းတွေမှာ ကျောင်းတက်ရင် `God Save The King´ဆိုတဲ့ ကျွန်သီချင်းဆိုရတယ်။ အခမ်းအနားတွေမှာလည်း အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံများကို ကျွန်စိတ်ဝင်အောင်ရိုက်သွင်းပေးခြင်းတမျိုးပါ။ ဒါတွေကတော့ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်းတွေပါပဲ ..။

ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ။   ဥပမာ- အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင်စက်ဝိုင်းထဲမှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုပါတယ်။ ဒီဂျာမန်နာဇီပါတီရဲ့စကြာတံဆိပ်ကိုမြင်လိုက်တာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကိုသုတ်သင်သတ်ဖြတ်ချင်စိတ် တဖွားဖွားပေါ်လာကြတာမျိုးပါ။ နာဇီပါတီက ဂျူးလူမျိုးတွေကိုသုတ်သင်ခြင်းဟာမှန်ကန်တယ်လို့ ၀ါဒဖြန့်ခဲ့တာ ကိုး..။

ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ။
ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် ယေဘုယျအားဖြင့် အချက် (၅) ချက်ရှိပါတယ်။
ပထမအချက်က ကိုယ့်ကိုယ်ကို အခြေခံပညာရှိပြီးဗဟုသုတကြွယ်ဝအောင် လုပ်ထားကြဖို့ပါပဲ။ “အမှားအယွင်းဆိုတာ မသိခြင်းကစတယ်” ဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းအရာတစ်ခုလျော့သွားပြီးလို့ မှတ်ပါ။
ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့ လိုပါတယ်။ ဥပမာ- ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်စေတယ်လို့ အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေဟာ ဘာကြောင့်သန်းကြွယ်သူဌေးမဖြစ်သေးတာလဲလို့ ထည့်စဉ်းစားသင့်ပါတယ်။ ဒီနေရာမှာပြောလိုတာက ကိစ္စရပ်တိုင်းကို ခါးခါးသီးသီးလုံးဝငြင်းပယ်တဲ့သဘောမဟုတ်ဘဲ ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလားဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာဖြစ်ပါတယ်။
တတိယအချက်ကတော့ မိမိရဲ့သိမြင်နိုင်စွမ်းအားကိုအသုံးချဖို့ပါပဲ။ ဟိုဘက်အိမ်က“အောင်ဘု”စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ပြောလာရင် စဉ်းစားချိန်လည်းမရ၊ အရေးလည်းမကြီးလို့“အေး.. အေး”လို့ ခေါင်းငြိမ့်ခဲ့ရင်တောင်မှ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရရဲ့လားဆိုတာကို အေးအေးဆေးဆေးပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။
စတုတ္ထအချက်က ၀ါဂွမ်းကိုရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်မစုပ်ယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြားသမျှအရာတွေမှာ အဓိကအားဖြင့်နှစ်မျိုးနှစ်စားပဲရှိပြီး၊ အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ထင်မြင်ချက်တို့ပဲဖြစ်တယ်ဆိုတာ သတိထားဖို့လိုတယ်။ ကြားသမျှအကြောင်းအရာတွေကိုနားထောင်ပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ်။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ်။
ပဉ္စမအချက်ကတော့ ကိုယ်ကြားခဲ့ရတဲ့အချက်ကို လူတွေဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင်ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အဖြေမှန်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအချက်ပေါ်အခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြားရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ်မူတည်ပြီးတော့ပေါ့ဗျာ။

ဒီအချက်(၅)ချက်ကို နားလည်မယ်ဆိုရင် အလွယ်တကူဦးနှောက်ကျင်းမခံရနိုင်ဘူးလို့ သုတေသီတွေက သုတေသနပြုတင်ပြထားပါတယ်။
ဒါကြောင့် ကြက်ဟင်းခါးရွက်ချိုတယ်လို့ ဘယ်ရုက္ခစိုးကပဲ မစားရ၀ခမ်းပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကိုကိုယ် အားကိုးခြင်းသည် သာလျှင် အမှန်ကန်ဆုံးနည်းလမ်း ဖြစ်ပါတယ် ခင်ဗျာ..။

ဦးဦးမှော်ဆရာ
(၁၁-၉-၂၀၁၂)

Ref: New Leader by Edward Hunter
      Brainwashing: The Science of Thought Control by Kathleen Taylor
      နီမင်းဆွေ -  နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်
      Propaganda Critic

0 comments:

Post a Comment