Thursday, January 3, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃၅ (မျိုးမြင့်ချို)

0 comments
ဇန်နဝါရီ ၃ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား… လက်နက်ချနဲ့အပစ်အခတ်ရပ်စဲခြင်းကြားက ခြားနားချက် တချို့ကိုတင်ပြရင်းနဲ့ ဗမာပြည်မှာတီထွင်သုံးစွဲခဲ့တဲ့ဝေါဟာရတစ်ချို့ကို ပြန်အမှတ်ရမိ ပါတယ်။ ပထမတခုက လက်နက်နဲ့ဒီမိုကရေစီလဲတယ်..ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးဟာ လူကြားကောင်းအောင်ပြောတာသာဖြစ်ပြီး လက်တွေ့မှာ လက်နက်ချတာပဲဖြစ်တယ်လို့ တချို့ကဆိုကြပေမယ့် အဲ့ဒီလဲလှယ်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ကာယကံရှင်တွေကတော့ ဒီအဆိုကိုနှစ်မြို့လိမ့်မယ်မထင်ပါဘူး။ ကိုယ့်တွက်ကိန်းနဲ့ကိုယ် လဲလှယ်ခဲ့ကြပြီးတဲ့နောက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ အဲဒါတွေမြင်လို့ သတင်းစာဆရာတွေက ဒါဟာ “လက်နက်နဲ့ဖော့ဦးထုတ်လဲတာပါ” လို့ဟာသမြောက်မြောက် သရော်ခဲ့တာလည်းကြားဖူးပါတယ်။ ဒီအပြောဟာ ကြားရသူတွေစိတ်ထဲပြုံးချင်စရာဆိုပေမယ့် မှတ်သားစရာတခုအနေနဲ့လည်း တွင်ခဲ့ပါတယ်။ အခု ပြန်တွေးကြည့်တော့ တကယ့်လက်တွေ့မှာ လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ခဲ့သူတွေဟာ ဒီမိုကရေစီဘယ်ရွေ့ဘယ်မျှ ရ/မရ မပြောတတ်ခဲ့ပေမယ့် တိုင်းပြည်မှာ ခုချိန်ထိ စစ်မှန်တဲ့ပြည်ထောင်စုမူနဲ့ အများစုလက်ခံနိုင်မယ့်ဒီမိုကရေစီသဏ္ဍန် မတည်ဆောက်နိုင်တာကိုတော့ အသေအချာမြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုတာပါပဲ။ ဒါဟာလည်း လက်နက်ချနည်းတမျိုးဖြစ်တယ်ဆိုကြပေမယ့် အဲဒီ အကောက်အယူကို လက်မခံသူတွေလည်းရှိပါတယ်။ တကယ်က ဒီစကားလုံးဟာ နိုင်ငံရေးအရဖြစ်ပေါ်လာတာပါ။ ဒါပေမယ့်  ဒီစကားလုံးကို လူတချို့က နိုင်ငံရေးသဘောထက် ဘာသာရေးသဘောဆန်ဆန်၊ လောကီရေးထက် လောကုတ္တရာရေးဆန်ဆန် အဓိပ္ပါယ်ဖွင့်နေကြတာမျိုးကိုလည်း ကြားဖူးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ဦးချင်းစီရဲ့အတွင်းသဏ္ဍန်ကနေလာတာဖြစ်လို့ တစ်ဦးချင်းငြိမ်းချမ်းမှ လူ့အဖွဲ့အစည်းကြီးငြိမ်းချမ်းနိုင်မယ်၊ တဦးချင်းငြိမ်းချမ်းဖို့ ကိုယ်ကျင့်သီလတွေ အခြေခံပြီး တရားဘာဝနာပွားများရမယ်စသည်ဖြင့် တိုက်တွန်းနှိုးဆော်ကြတာတွေလည်းရှိပါတယ်။ ဒီကိစ္စမှန်/မမှန်ကို အပြင်လူ ဝင်ပြောတာထက် ကာယကံရှင်တွေကိုယ်တိုင်က အသိဆုံးပဲနေမှာပါ။ ပြီးတော့ တကယ့်လက်တွေ့မှာ သူတို့လိုချင်တဲ့ငြိမ်းချမ်းရေးဟာ သူတို့တစ်ကိုယ်စာဘဝတွေအတွက်တောင် ဘယ်လောက်ရခဲ့ကြသလဲဆိုတာလည်း သူတို့ပဲအသိဆုံးဖြစ်ကြမှာပါပဲ။

သောတရှင်များခင်ဗျား… ကျနော့်အမြင်မှာတော့ သူတို့လိုချင်လို့လဲခဲ့ကြတဲ့ငြိမ်းချမ်းရေးဟာ သူတို့အတွက်မပြောတတ်ပေမယ့် တတိုင်းပြည်လုံးအတွက်တော့ နှမ်းတစ်စေ့မှမရခဲ့ဘူးဆိုတာကိုတော့ အခိုင်အမာပြောနိုင်ပါတယ်။ ပြောတဲ့နေရာမှာလည်း သူတို့ကိုပဲ ပြန်သက်သေထားပြီး ပြောရမယ်လို့ထင်ပါတယ်။ အပေါ်မှာပြောခဲ့သလို အလဲအလှယ်တွေလုပ်ခဲ့ပြီး ပြန်ရောက်လာကြတဲ့သူတချို့မှာ တချို့ကလည်းပါတီတွေထောင်ကြ၊ ရှိပြီးသားပါတီနဲ့အဖွဲ့အစည်းတွေထဲဝင်ကြ၊ သူတို့ ရည်မှန်းချက်တွေပေါက်မြောက်အောင် ကြိုးပမ်းကြသူတွေရှိသလို၊ နိုင်ငံရေးဘဝကနေ တခါတည်းအပြီးအပိုင်ထွက်ပြီး အေးရာအေးကြောင်းနေသွားသူတွေလည်း မနည်းလှပါဘူး။ အာဏာရအစိုးရအဆက်ဆက်ဟာ အဲသလိုနည်းနဲ့ ပြန်ရောက်လာကြသူတွေကို “လက်နက်ချတွေ၊ အညံ့ခံသူတွေ” လို့သုံးလေ့သုံးထမရှိလှပါဘူး။ အဲ့ဒီလိုသုံးရမယ့်အစား “အမြင်မှန်ရသူတွေ၊ အလင်းဝင်တွေ”သုံးပါကြတယ်။ လက်နက်ချ၊ အညံ့ခံဆိုတာထက် အလင်းဝင်၊ အမြင်မှန်ရဆိုတဲ့ဝေါဟာရဟာ နားခံသာပြီးသိမ်မွေ့တယ်လို့ထင်ရပေမယ့် တကယ်က နိုင်ငံရေးအညွန့်ချိုးလိုက်တာ၊ နံနှိမ်လိုက်တာသာဖြစ်ပါတယ်။

ခု အမြင်မှန်ရတယ်ဆိုတော့ နဂိုကအမြင်မှားနေလို့ လမ်းမှားရောက်နေဆိုတဲ့သဘောဆောင်သလို၊ အလင်းဝင်ဆိုတာကလည်း အမှောင်ထဲရောက်နေလို့ ခုမှ အလင်းထဲရောက်လာတယ်ဆိုတဲ့သဘောပါပဲ။ တကယ်တမ်းတွေးကြည့်တော့မှ ဒီစကားတွေကမှ နာမယ်ဆိုတကယ့်ကို နာကျည်းစရာလို့ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ လက်နက်ချလို့သုံးတာဟာ သူတို့အပေါ် ပိုပြီးစာနာ နားလည်ရာရောက်သလို ပကတိဘာဝနဲ့လည်း ကိုက်ညီတယ်လို့ယူဆပါတယ်။ ဒါ့ကြောင့် လက်နက်ချသူတွေလို့ပဲ သုံးစွဲချင်ပါတယ်။ ကျနော်ရှေ့မှာတင်ပြခဲ့သလို လက်နက်ချဆိုရာမှာလည်း အခြေအနေအရလက်နက်ချနဲ့ အတွေးအခေါ်အရ လက်နက်ချဆိုပြီး ခွဲထားတာရှိသလို၊ လက်နက်ချပြီးတဲ့နောက်မှာလည်း လက်နက်ချရိုးရိုးနဲ့ လက်နက်ချသစ္စာဖေါက်ဆိုပြီး ပြန်ခွဲခြမ်းစိတ်ဖြာထားတာရှိပါသေးတယ်။ အဲဒီကိစ္စဟာ အလွန်စိတ်ဝင်စားစရာဖြစ်တာမှန်ပေမယ့် ခုပြောနေတဲ့အကြောင်းအရာနဲ့ သီးခြားဖြစ်နေလို့ ချန်ထားခဲ့ပါတယ်။

အဲသလိုလက်နက်ချပြီး ပြန်ရောက်လာခဲ့ကြသူတွေထဲက နိုင်ငံရေးစိတ်မကုန်သေးသူတွေ၊ တိုင်းပြည်လူထုကောင်းစေချင်စိတ် ရှိနေကြသူတွေဟာ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကိုတင်မကပဲ နိုင်ငံတကာအခြေအနေတွေနဲ့ပါ မျက်ခြေအပြတ်မခံတတ်ကြသူတွေ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူထုအတွက် ကောင်းအောင်လုပ်ဖို့ အခွင့်အခါအခြေအနေ ပေးလိုက်တာနဲ့တပြိုင်တည်း နိုင်င်္ငရေးပင်မစီးကြောင်းကြီးထဲကို
ပြန်ဝင်ချလာပြီး ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ကြတော့တာတွေလည်းရှိပါတယ်။ တချို့ကြတော့လည်း တိုင်းပြည်လူထု ကောင်းစေချင်စိတ်အပြင် မိမိရဲ့နိုင်ငံရေးဘဝကိုပြန်ထူထောင်ပြီး လက်နက်ချဖြစ်ခဲ့ရမှုကို အာပတ်ဖြေတဲ့သဘောမျိုးနဲ့ နိုင်ငံရေးထဲပြန်ပါလာတာလည်း ရှိမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီလူပုဂ္ဂိုလ်တွေဟာ သာမန်လူတချို့ထက်တော့ လေ့လာအား၊ တွေးခေါ်အားပိုကောင်းသလို နိုင်ငံရေးဆိုတဲ့သဘောသဘာဝကိုလည်း တီးမိခေါက်မိရှိပြီးသားတွေဖြစ်နေပါတယ်။ တကယ်လို့သာ တိုင်းပြည်ဟာ သူတို့လဲခဲ့တဲ့ငြိမ်းချမ်းရေးတို့ ဒီမိုကရေစီတို့ရနေတာဆိုရင် သူတို့လည်း အစိုးရအဆက်ဆက်နဲ့လူထုနဲ့ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေတိုက်ပွဲတွေမှာ ဝင်ပါစရာအကြောင်းမရှိပါဘူး။ ခုတော့ တိုင်းပြည်မှာဖြစ်ခဲ့သမျှ လူထုတိုက်ပွဲတိုင်းမှာ သူတို့တွေမပါခဲ့တဲ့တိုက်ပွဲနဲ့ လှုပ်ရှားမှုရယ်လို့မရှိသလောက်ပါပဲ။ ဗမာပြည်သူတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တနေခဲ့ကြတဲ့အရာတွေဟာ သူတို့ဘဝတွေနဲ့လဲ့ခဲ့ကြတဲ့၊ တနည်းပြောရရင် သူတို့ကို လက်နက်ချဘဝရောက်စေခဲ့ရတဲ့အရာတွေပဲဖြစ်ပါတယ်။ အဲဒါတွေကိုချုပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီရေး၊  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုးစုတန်းတူအခွင့်အရေးရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပြည်ထောင်စု တည်ဆောက်ရေးတွေပဲဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့အပစ်အခတ်ရပ်စဲရေးတွေနဲ့ ငြိမ်းချမ်းရေးကြားက ခြားနားချက်တွေကို နောက်သီတင်းပတ်တွေမှာ ဆက်လက် တင်ပြပါ့မယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment