တနှစ်ကုန်လို့
နောက်နှစ်သစ်တခုကို ပြောင်းခဲ့ပါပြီ။ နှစ်သစ်ကူးတို့ထုံးစံအတိုင်း နိုင်ငံအကြီးအကဲတွေ၊
လူထုခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးကအကြီးအကဲတွေ လူမှုရေး နိုင်ငံရေးနဲ့အနုပညာလောကက
ထင်ရှားကျော်ကြားသူတွေရဲ့ နှစ်သစ်ကူးဆုတောင်းတွေကိုကြားရ ပါတယ်။ အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုးကနေ
အမိမြန်မာပြည်ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတွေတောင်းသွားကြရာမှာ သံသယသံလေးတွေကိုလည်း
နေရာအတော်များများမှာ ကြားလိုက်ရပါတယ်။ အားလုံးလိုလိုက (၂၀၁၃)ခုနှစ်မှာ အကောင်းဘက်ကို
ပြောင်းလဲစေလိုတဲ့ဆန္ဒနဲ့ ဆုတွေတောင်းခဲ့ကြပါတယ်။ ဘယ်လိုဘဲ အကောင်းမြင်ပြီးဆုတွေတောင်းတောင်း
တိုင်းပြည်မှာ ဒီနေ့ကြုံတွေ့နေကြ ရတဲ့ ပကတိဘာဝအခြေအနေတွေ၊ အရှိတရားတွေကိုတော့ မျက်ကွယ်ပြုလို့မဖြစ်နိုင်ပါဘူး။
ကျွန်တော့်အနေနဲ့တော့ ဆန္ဒတွေစိတ်စေတနာ တွေကိုအခြေမပြုဘဲ ပကတိအရှိတရားတွေအပေါ်အခြေခံပြီး
နိုင်ငံရဲ့ရှေ့အလားအလာကိုခန့်မှန်းကြည့်ချင်ပါတယ်။ အခြေအနေတခုရဲ့ အလားအလာကိုတွက်ချက်ရာမှာ
ပကတိအရှိတရားများကပေးတဲ့အဖြေတွေကသာ အမှန်ဖြစ်နိုင်ပါတယ်။ စိတ်ဆန္ဒကိုများများအခြေပြုလေ
များများမှားလေ ဖြစ်မှာပါ။
ဒီနေ့မြန်မာနိုင်ငံရဲ့ရှေ့အလားအလာကိုအဆုံးအဖြတ်ပေးမယ့်အထဲမှာ
အရေးအကြီးဆုံးကတော့ စစ်အုပ်စုရဲ့အာဏာတည်မြဲနေမှုနဲ့ (၂၀၀၈)အခြေခံဥပဒေတည်ရှိနေမှုတို့ကို
ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေရဲ့ တိုက်ပွဲတွေပါဘဲ။ ဒီလိုရေးလို့ ဒီနေ့ဖြစ်ပေါ်နေတဲ့
တိုးတက်ပြောင်းလဲမှုတွေရဲ့အရှိတရားကို အသိအမှတ်မပြုတာမဟုတ်ပါ။ သို့သော် ပြည်သူတွေရဲ့တိုက်ပွဲဝင်နေမှုကသာ
အဓိကကျသည့် အလားအလာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်အုပ်စု စစ်အာဏာတည်ရှိနေသရွေ့၊ (၂၀၀၈)အခြေခံဥပဒေတည်မြဲနေသရွေ့
ဒီနေ့ ဖြစ်ပေါ်နေတဲ့တိုးတက်ပြောင်းလဲမှု၊ ဒီမိုကရေစီတပိုင်းတစရရှိမှုဆိုတာတွေဟာ အပေါ်ယံပြောင်းလဲမှု
(သို့) ယာယီပြောင်းလဲမှုများသာ ဖြစ်နေလို့ပါ။ ပေါ်ပေါက်လာနေတဲ့အကျိုးကျေးဇူးတွေကို ရတဲ့သူရပြီး
မရတဲ့သူတွေမရဖြစ်နေသလို အချိန်မရွေးလည်း ပျောက်ကွယ်သွား နိုင်တဲ့အရာတွေပါ။ ပြည်သူတွေရဲ့တိုက်ပွဲကသာ
စစ်အုပ်စု(သို့) စစ်အာဏာမပျောက်ပျက်မခြင်း၊ (၂၀၀၈) အခြေခံဥပဒေမပျက်မခြင်း တည်ရှိနေမယ့်အရာပါ။
ပြည်သူတွေရဲ့တိုက်ပွဲဆိုတာမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် တခြားနိုင်ငံရေးပါတီများက ပါလီမန်အတွင်းဝင်ပြီး
(၂၀၀၈) အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကိုလျှောက်နေကြသလို၊ ကိုမင်းကိုနိုင်တို့ (၈၈)အုပ်စုကလည်း
ပါလီမန်ပြင်ပလမ်းကြောင်းကနေ ဥပဒေတွင်းတိုက်ပွဲ ၀င်နေကြတာပါ။ ကျောင်းသားတွေကတော့ ဗကသ
တကသအဖွဲ့တွေဖွဲ့ပြီး ဥပဒေတွင်းရော လိုအပ်ရင် ဥပဒေပြင်ပ လမ်းကြောင်းကိုပါရွေးပြီး တိုက်ပွဲဝင်နေကြတာပါ။
ကျေးလက်ပြည်သူတွေ၊ မြို့ပြစက်မှုလုပ်သားတွေကလည်း မိမိတို့အခွင့်အရေးတွေ အတွက်၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက်
ဥပဒေတွင်းရော ဥပဒေပလမ်းကြောင်းတွေကပါ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းရင်းသားပြည် သူတွေကလည်း
KIA လိုလက်နက်ကိုင်တိုက်နေတဲ့သူရှိသလို အားလုံးလိုလိုက လက်နက်တွေကိုတင်းတင်းဆုပ်ထားကြတဲ့သူတွေချည်းပါ။
ဘယ်တိုင်းရင်းသားအဖွဲ့ကမှ စစ်အာဏာရှင်တွေကို မယုံကြည်ကြပါဘူး။ အခြေအနေအရသာ အပစ်အခတ်ရပ်ထားကြတာပါ။
ဘာလို့ဒီလို တိုက်ပွဲပုံစံတွေ တကွဲတပြားဖြစ်နေရတာလဲ။ ဒါကတော့ ပါဝင်ပတ်သက်နေတဲ့လူတန်းစားတွေ
လူအလွှာတွေရဲ့အကျိုးစီးပွားတွေ မတူကွဲပြား နေလို့ တိုက်ပွဲပုံစံတွေလည်း ကွဲပြားခြားနားနေရတာပါ။
သဘာဝကျကျ ဖြစ်ပေါ်နေတာပါ။
စစ်အုပ်စု(သို့)
စစ်အာဏာရှင်တွေဟာ ဘာဖြစ်လို့ ပြည်သူတရပ်လုံးကိုဆန့်ကျင်ပြီး အကြမ်းဘက်ဖိနှိပ်နေကြတာလဲ။
အဓိကကတော့ စစ်အုပ်စုရဲ့အကျိုးစီးပွားအတွက်ပါဘဲ။ စစ်အုပ်စုရဲ့အကျိုးစီးပွားဆိုရာမှာ
စစ်အုပ်စုဝင်အဟောင်းတွေရော လက်ရှိစစ်အုပ်စုဝင်တွေရော စစ်အုပ်စုမျိုးဆက်သစ်တွေအတွက်ပါ
ပါပါတယ်။ စစ်တပ်ကအာဏာကိုင်ထားနိုင် ကြိုက်သလိုစီမံခန့်ခွဲနိုင်ခဲ့လို့ စစ်အုပ်စုမျိုးဆက်ဟောင်းတို့
ဘီလီယံနာ မီလီယံနာတွေဖြစ်ခဲ့သလို လက်ရှိစစ်ဗိုလ်ချုပ်တွေကလည်း ဖြစ်ချင်မှာပါ။ မျိုးဆက်သစ်စစ်ဗိုလ်ချုပ်တွေကလည်း
သွားရည်ကျ နေကြမှာပါ။ စစ်အာဏာမြဲနေမှ သူတို့ဒီအခွင့်အရေးရကြမှာပါ။ သူတို့လူတန်းစားတရပ်လုံးအကျိုးစီးပွားအတွက်
သူတို့လုံးပမ်းအားထုတ်ကြ မှာပါ။ (စစ်ဗိုလ်ချုပ်တွေ ဒီလို စီးပွားမရှာချင်ပါဘူးဆိုရင်
ဦးပိုင်ကုမ္ပဏီကိုဖျက်သိမ်းခိုင်းကြည့်ပါ။ အခု လက်ပံတောင်းကိစ္စဆိုတာ များမြောင် လှတဲ့
ဦးပိုင်ရဲ့လုပ်ငန်းတွေထဲက တခုဘဲရှိပါသေးတယ်။) သူတို့လုံးပမ်းမယ့် အဓိကအလုပ်ကတော့ စစ်အာဏာတည်မြဲနေဖို့(၀ါ)
(၂၀၀၈) အခြေခံဥပဒေတည်မြဲနေဖို့ပါ။ စစ်အာဏာတည်မြဲနေစေဖို့ အဓိကလိုအပ်ချက်ကတော့ စစ်တပ်ဟာ
တိုင်းပြည်မှာမရှိမဖြစ် အမြဲတမ်းအရေးပါ နေဖို့ပါဘဲ။ ဒီလိုဖြစ်ဖို့အတွက် တိုင်းပြည်မှာမတည်မငြိမ်ဖြစ်စေမယ့်
အခြေအနေတရပ် အမြဲတည်ရှိနေအောင်ဖန်တီးထားဖို့လိုအပ်ပါတယ်။ (ဥပမာ ရခိုင်အရေးအခင်းမျိုး၊
KIAလို ကိစ္စမျိုး။) အကောင်းဆုံးကတော့ ပြည်တွင်းစစ်ပါ။ ဒီနေ့စစ်ဗိုလ်ချူပ်တွေကို စစ်အာဏာရှင်တွေဖြစ်လာ
အောင် လုပ်ပေးလိုက်တာလည်း ဒီပြည်တွင်းစစ်ပါ။ တိုင်းပြည်ထဲမှာ စစ်ပွဲလုံးဝမရှိဘဲငြိမ်းချမ်းသာယာနေရင်
စစ်အာဏာဟာလည်း မတည်မြဲ နိုင်ပါဘူး။ ဒါကြောင့်လည်း KIAနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
မအောင်မမြင်ဖြစ်နေရတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်လေ စစ်ခေါင်းဆောင်တွေသဘောကျလေဖြစ်မှာပါ။
စစ်ဖြစ်လို့သေကြေဒဏ်ရာရတာ စစ်ခေါင်းဆောင်တွေ မပါပါဘူး။ ဘယ်သူတွေသေကြေ ဒုက္ခရောက်နေကြတယ်ဆိုတာလဲ
အားလုံးအသိပါ။ စစ်စားရိတ်တွေဘယ်လောက်ကုန်ကုန် စစ်ခေါင်းဆောင်တွေအိပ်ထဲကထုတ်ရတာ မဟုတ်ပါဘူး။
ပြည်သူတွေက စားရိတ်ခံကြရတာပါ။ ကေအိုင်အေကိုတင်မကပါဘူး တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း
စစ်ခေါင်းဆောင်တွေက ဓါးကြိမ်းကြိမ်းထားတာတွေ ကြားနေရပါတယ်။ ဒီအဖွဲ့တွေကလည်း အခြေအနေအရသာငြိမ်နေကြတာပါ။
တိုင်းရင်းသားတွေအကျိုးစီးပွားဘက်က
ကြည့်မယ်ဆိုရင်လည်း ဒီနေ့အထိ ဘယ်တိုင်းရင်းသားမှ တန်းတူရည်တူအကျိုးခံစားခွင့် မရခဲ့ကြသေး
ပါဘူး။ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အပြင်းထန်ဆုံးနဲ့အရှည်ကြာဆုံး(နှစ်၆၀ကျော်) ခံခဲ့ကြရတာလည်း
သူတို့ပါဘဲ။ စီးပွားရေးမညီမျှမှုဒဏ်ကို ဆယ်စုနှစ်နဲ့ချီပြီးခံခဲ့ရတာလည်း သူတို့ပါဘဲ။
(လောပီတ ကလျှပ်စစ်တွေထုတ်နေတာ နှစ်(၅၀)ကျော်ပါပြီ။ ဒါပေမယ့် ကယားပြည်နယ်မှာ ဒီနေ့အထိ
နေရာအများစုက မှောင်နဲ့မဲမဲပါ။ ကျောက်စိမ်းဆိုတာ ကချင်ပြည်နယ်က ထွက်တာကြာပါပီ။ ဒါပေမယ့်
ဒီနေ့ကျောက်စိမ်းလုပ်ငန်းရဲ့ အကျိုးအမြတ်တွေကိုအများဆုံးခံစားနေရတာက ဦးပိုင်နဲ့ခရိုနီတွေဖြစ်နေတာ
တွေ့ကြရမှာပါ။ ရခိုင်ကမ်းလွန်က သဘာဝဓါတ်ငွေ့သိုက်တွေက ရလာတဲ့အကျိုးအမြတ်တွေကို ရခိုင်အမျိုးသားတွေ
အရင်ကလည်းမရခဲ့ကြပါဘူး။ အခုလည်းရစရာအကြောင်းမတွေ့ရပါဘူး)။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို
ဆယ်စုနှစ်(၂)ခုလောက် အပစ်ရပ်ထားပြီး နောက်ဆုံးမှာ ဘာနိုင်ငံရေးအခွင့်အရေးမှမပေးဘဲ နယ်ခြားစောင့်တပ်အဖြစ်
စစ်အာဏာရှင်တွေရဲ့စစ်ဘိနပ်အောက်ဆွဲသွင်းခဲ့တဲ့လုပ်ရပ်ကလည်း တိုင်းရင်းသားတွေရဲ့ စစ်အုပ်စုအပေါ်မုန်းတီးမှု
မယုံကြည်မှုတွေကို တိုးပွားစေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်နေကြတာ၊
အပစ်အခတ် ရပ်စဲရေးတွေ မကြာခဏကျိုးပေါက်နေရတာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်နေတာတွေဟာ
သဘာဝကျကျ ဖြစ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်ဒီအပါအ၀င်
စစ်အာဏာရှင်စနစ်ကို ပါလီမန်တွင်းလမ်းကြောင်းကနေတိုက်ပွဲဝင်ဖို့လုံးပမ်းနေတဲ့ပါတီတွေ
အားလုံးအနေနဲ ဒီနေ့သူတို့လုပ်ဆောင်နေတာတွေထက်ပိုပြီး ဘာမှလုပ်နိုင်ဖို့မမြင်ပါဘူး။
ဘာလို့လဲဆိုတော့ သူတို့က (၂၀၀၈) အခြေခံဥပဒေ အောက် ခေါင်းလျှိုဝင်ပြီးမှ စစ်အာဏာဖြိုဖျက်ဖို့လုပ်နေရတာမို့လို့ပါ။
သူတို့ပါတီဝင်တွေကို ဒီနေ့ပေါ်ပေါက်နေတဲ့ ဥပဒေပြင်ပကဆန္ဒပြပွဲတွေ (ဥပမာ လက်ပံတောင်းတောင်
သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ) မှာမပါဝင်ဖို့အထိ တားမြစ်မှုတွေရှိနေတာပါ။
(၂၀၀၈)အခြေခံဥပဒေကိုကျော်ပြီးလုပ်မှရမယ့်ကိစ္စမျိုးတွေမှာ သူတို့မပါဝင်နိုင်ပါဘူး။ ဒါကဘာကိုပြနေသလဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည် နဲ့အန်အယ်ဒီပါတီဟာ လူထုတရပ်လုံးကို ကိုယ်စားပြုနေတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကိုပြသနေတာပါ။
သူတို့ရဲ့ကိုယ်စားပြုမှုမှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြဆိုနေတာပါ။
ဒီနေ့ စစ်အာဏာရှင်တို့အလိုကျ ကပြအသုံးတော်ခံနေပြီဖြစ်တဲ့ (၂၀၀၈)အခြေခံဥပဒေဇာတ်တော်ကြီးမှာ
ဘယ်သူကမင်းသား၊ ဘယ်သူကမင်းသမီး၊ ဘယ်သူကလူကြမ်းမင်းသား၊ ဘယ်သူတွေက လူကြမ်းအဖွဲ့၊ ဘယ်သူတွေကဇာတ်ရံတွေဆိုတာကို
အားလုံးမျက်ဝါးထင်ထင်တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ ဘယ်သူတွေအကယ်ဒမီရမယ်ဆိုတာလည်း ခန့်မှန်းလို့ရနေကြပါပြီ။
မြန်မာနိုင်ငံမှာ
လယ်သမားလူတန်းစား(ကျေးလက်နေပြည်သူများ)နဲ့၊ အလုပ်သမားလူတန်းစား (မြို့နေဆင်းရဲသားလူတန်းစား)တို့ရဲ့
လူဦးရေပမာဏဟာ တနိုင်ငံလုံးလူဦးရေရဲ့ (၇၀)ရာခိုင်နှုံးအထက်မှာဘဲရှိပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့
တိုးတက်ပြောင်းလဲမှု ဆိုတာတွေ ဒီမိုကရေစီအခွင့်အရေးဆိုတာတွေကိုခံစားနေရတဲ့သူတွေထဲမှာ
အဲဒီလူတန်းစားတွေ မပါပါဘူး။ ရန်ကုန် နှစ်သစ်ကူးတဲ့ညက ဂီတဖျော်ဖြေပွဲတွေကိုလာတက်တဲ့သူ
တသိန်းနီးပါရှိတယ်လို့သိရပါတယ်။ ဒီရွှေပွဲလာပရိတ်သတ်တွေကတော့ ဒီကနေ့ပြောနေကြတဲ့ တိုးတက်ပြောင်းလဲမှုဆိုတာတွေရဲ့အကျိုးကျေးဇူးတွေကို
မိမိရရခံစားနေရတဲ့လူတန်းစားအစုဝင်တွေ၊ နိုင်ငံရဲ့အထက်လွှာပညာတတ်တွေ ဆိုတာသေချာပါတယ်။
ဒီအထဲမှာ လှိုင်သာယာစက်ရုံတွေက အလုပ်သမလေးတွေ၊ ရွှေပြည်သာတော်ဝင်သစ်ချောကိုင်စက်ရုံက
အလုပ်သမားတွေ၊ ဧရာဝတီတိုင်းမှာ ဧကသိန်းနဲ့ချီပြီးစပါးတွေမိုးမိလို့ ဒုက္ခရောက်နေကြရတဲ့လယ်သမားတွေ
မပါမှာကတော့သေချာပါတယ်။
(၂၀၀၈)အခြေခံဥပဒေဆိုတာ
ဆင်းရဲမွဲတေလှတဲ့ကျေးလက်ပြည်သူတွေ၊ မြို့ပေါ်ကစက်ရုံအလုပ်သမားတွေဘက်က ရပ်တည်ပြီးရေးထားတာ
မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ခရိုနီတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအကျိုးစီးပွားဘက်က
ဘက်လိုက်ပြီး ဖန်တီးရေးဆွဲထား တာပါ။ ဒါကြောင့် ဒီ(၂၀၀၈)အခြေခံဥပဒေအောက်မှာ တရားဝင်တိုက်ပွဲသာဆင်နွှဲရမယ်၊
ဥပဒေပြင်ပတိုက်ပွဲမဆင်နွှဲရဘူးဆိုရင် အလုပ်သမား တွေ လယ်သမားတွေအဖို့ ဘာအခွင့်အရေးမှ
ရလာစရာအကြောင်းမရှိပါဘူး။ ထားရာနေခိုင်းတာလုပ် ပေးသလောက်ယူဆိုတဲ့အဆင့်ဘဲ ဖြစ်နေမှာပါ။
ဒါကြောင့်လည်း လက်ပံတောင်းတောင်ဒေသမှာ သပိတ်စခန်းတွေဖွင့်ပြီးဆန္ဒပြတာတွေ၊ စက်ရုံအလုပ်ရုံတွေမှာ
အလုပ်သမား သပိတ်တိုက်ပွဲတွေပေါ်လာရတာပါ။ ဒီလိုသပိတ်တိုက်ပွဲတွေမှာ စစ်အာဏာရှင်တွေဘက်က
အကြမ်းဖက်ဖြိုခွဲမှုတွေ(ဥပမာ လက်ပံတောင်း သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှု) ရှိသလို ရွှေပြည်သာတော်ဝင်
သစ်ချောကိုင်စက်ရုံမှာ စက်ရုံပိုင်ရှင်ဘက်က ဆန္ဒပြအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ
လုပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင်၊ လိုအပ်လာရင် စစ်အာဏာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကလည်း
အင်အားသုံးဖြိုခွင်းနိုင်တယ်၊ ဥပဒေပြင်ပနည်းလမ်းတွေကိုသုံးလာနိုင်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
အလုပ်သမားလယ်သမားတွေ ဥပဒေပနည်းလမ်းတွေသုံးပြီးဆန္ဒပြရင်သာ ဖမ်းဆီးရိုက်နှက်အကြမ်းဖက်ဖြိုခွဲသော်လည်း
အာဏာပိုင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ဒီဥပဒေပြင်ပကလုပ်ရပ်တွေအတွက် အရေးယူတာမတွေ့ရပါဘူး။
ဒီအခြေအနေတွေကို
အခြေခံပြီးတွက်ဆကြည့်မယ်ဆိုရင် (၂၀၁၃)ခုနှစ်နဲ့ နောက်လာမယ့်ကာလတခုအတွင်း မြန်မာနိုင်ငံမှာ
စစ်မီးတွေ လုံးဝငြိမ်းမသွားနိုင်ပါဘူး။ ပိုတောင်ကြီးလာနိုင်တဲ့အလားအလာတွေကို မြင်နေရပါတယ်။
အလုပ်သမားလယ်သမားတွေရဲ့ ဘ၀ရပ်တည်ရေး၊ စားဝတ်နေရေးတွေအတွက် အခွင့်အရေးတောင်းဆိုမှုတိုက်ပွဲတွေဟာလည်း
အခါမလပ်ပေါ်ထွက်နေမှာဖြစ်ပြီး တခါတရံ အကြမ်းဖက်မှုများ အထိ ဆိုက်ရောက်သွားနိုင်ပါတယ်။
ရခိုင်ပြဿနာလို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကိုလည်း အာဏာပိုင်အသိုင်းအ၀န်းက သူတို့အကျပ်အတည်းဆိုက်ရင်
ဆိုက်သလိုဖန်တီးပြီး လိုရာဆွဲအသုံးချမှုများလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်ပါသည်။
ပေါ်လာနိုင်တဲ့
ရေခံမြေခံတွေကလည်း ပေါများလှပါတယ်။
စစ်အာဏာရှင်တွေဆိုတာ
သူ့တို့အလိုအလျှောက် အသာတကြည် လူထုလက်ကို အာဏာပြန်အပ်တယ်ဆိုတာ မရှိပါဘူး။ သူတို့အကျိုးစီးပွားတွေကို
သူတို့ နောက်ဆုံးအချိန်အထိ ကာကွယ်သွားကြမှာပါ။
၎.၁.၂၀၁၃
https://www.facebook.com/mg.yoshin
0 comments:
Post a Comment