Friday, January 4, 2013

ငါးတစ်ကောင်ရဲ့ နွေတေး (အေတီအမ်)

0 comments
ကျနော်ကလမ်းတွေကိုချစ်တယ်၊ နွေရာသီဖုန်လမ်းတွေဆိုပိုလို့ချစ်တယ်၊ ကျနော်ခရီးတခုကပြန်လာတိုင်းကျနော်တို့မြို့ရဲ့ လမ်းတွေကိုတခုတ်တရ ကြည့်မြဲ၊ လမ်းဆုံး။ လမ်းအမွှား၊ လမ်းအသွယ်။ လမ်းထောင့်။ လမ်းကြား၊ အခုလိုဧပြီ။ မေဆိုရင် ကျနော်တို့မြို့ လမ်းတွေဖုန်အလိမ်းလိမ်း..။ ငယ်စဉ်ဖတ်စာအုပ်တွေကိုတော့ ကျနော် မမှတ်မိတော့ပေမယ့် ကြယ်စုံတဲ့နွေရာသီဖုန်လမ်းတွေကိုတော့ အလွတ်ရနေ မိတယ်၊

လရောင်အောက်မှာ လူတိုင်းလမ်းလျှောက်နိုင်ပေမယ့်လည်း ကျနော့်ဘ၀ မှာ လ (၇) နွေကွယ်ခဲ့ဘူးတယ်၊ လမ်း(၇) နွေငတ်ခဲ့ဘူးတယ်၊ လငတ်တဲ့ကျနော်ဟာ သံတိုင်ကြားကနေပြီး လရောင်ကိုရေခွက်နဲ့ ကဲ့ ခဲ့ဖူးတယ်၊ အဲဒီလမထွက်တဲ့အရပ် ဒေသကနေ ကျနော်တို့မြို့လေးဆီတံတားကြီးတစင်းဆောက်ခဲ့ဖူးတယ်၊ အဲဒီ တံတားပေါ်မှာ“လေ” နီးပါးလောက်ပဲသွားလို့ရတယ်၊ ည….ည….. အမေ့အိမ် တံခါးကိုသွားသွား တိုးတဲ့နွေလေဟာ ကျနော်များလားလို့အမေတွေးနေလောက်တယ်၊

နှစ်ချို့ အမှောင်ထုကြီးထဲမှာ ခြင်ထောင်တလုံးကျနော် စိတ်နဲ့ ထောင်အိပ်ခဲ့တယ်၊ ခြင်ထောင်ကြိုးတချောင်းကို ကြိုးတိုက်ဘက်နံရံမှာချည်ပြီး နောက်တစ်ချောင်းကို အမေ့အိမ်ဘက်နံရံမှာချည်ခဲ့တယ်၊ ကျန်တဲ့နောက်နှစ်ချောင်းကိုတော့ ကံကြမ္မာနဲ့ပဲပူးချည် ထားလိုက်တယ်၊ အမေ့အိမ်ဘက်ကကြိုး မကြာမကြာပြတ်တတ်တော့ ကျနော့်လက်ဖျံတစ် ချောင်းဟာ ခြင်ထောင်ကြိုးချည်ဖို့တိုင်ဖြစ်သွားတယ်၊ အဲဒီလက်နဲ့အဝေးက လရောင်ကို ရင်အုပ်ထဲ လှမ်းကဲ့ပြီင်္းရင်ဘက်ထဲအထိ ၀င်ကိုက်တဲ့ ခြင်တွေကိုလည်း အဲဒီလက်နဲ့ပဲ ရိုက်မောင်းခဲ့တယ်၊ အဲဒီအချိန်ကစလို့ ကျနော် ကဗျာရေးဖြစ်ခဲ့တယ်၊

အဲဒီလက်ဖျံရိုးကိုပဲ ဂစ်တာလုပ်ပြီး   နှစ်ကာလတွေကိုတီးခတ်ခဲ့တယ်၊   မြင်ခွင့်မရတဲ့လောကကို "အီးယားရင်း" နဲ့  တီးတာဘယ်လောက်သပ်ရပ်သလဲ၊ ကျနော်တို့ဟာ လင်းနို့တွေလိုပဲ အမှောင်ကိုသီချင်းလုပ် ဆိုခဲ့ကြတယ်၊

စည်ကားတဲ့ အသုဘတစ်ခုလို ပန်းတွေပွင့်နေတဲ့အချိန်ကာလတိုသေဆုံးရာကျွန်း။  အဖြူရောင်နဲ့ မိုးလင်းပြီးအဖြူရောင်နဲ့ မိုးချုပ်တဲ့ ပန်းကလေးများရဲ့ လက်ပေါ်မှာကြီးပြင်းတဲ့ ကျနော့်ကဗျာဟာ ဘယ်လိုအရောင်မျိုးကိုသောက်စို့ခဲ့သနည်း၊ ကျနော့်ကဗျာကို မီးပင်လယ် အောက်ကရတဲ့ ပုလဲတို့ဖြင့်သိထားသလော၊

ကျနော့်ပင်လယ်မှာ အမေ မလာတဲ့နေ့တွေ ဆိုမုန်တိုင်းကျတယ်၊ လောကအလယ်မှာ သမုဒ္ဒရာ (၇) စင်းနဲ့ ကျန်ခဲ့တဲ့ အမေ့ကုန်းပတ်ကြီးလည်း ဘယ်လိုနေမ လဲ….. မုန်တိုင်းတွေကို အသာကျစီးနင်းဖို့ ဖိနပ်ခဏခဏ ပြတ်တဲ့ ကျနော်ဟာ ငါးတကောင်ဖြစ်ချင်ခဲ့တယ်၊ ဖိနပ်လည်းမလို ကုန်းပတ်လည်းမလိုတဲ့ငါးတစ်ကောင်ဖြစ် ချင်ခဲ့တယ်၊

ကျနော့်အိမ်ခြံဝင်းတံခါးလေးကို ကျနော်ပြန်တွေ့ရတဲ့ညက အခုချိန်ထိရင်ထဲ တဟူးဟူး..၊ ဖယောင်းတိုင်လေးထွန်းပြီးတံခါးဆင်းဖွင့်ပေးတဲ့အမေဟာ ကျနော့်ကို အနောက်တောင်မုတ်သုံတခုနဲ့ အိမ်ပြန်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ပြန်တွေးတိုင်း ကျနော့်တံခါးရွက်တွေတဖျတ် ဖျတ်၊ (၇) နှစ်လုံးငုံထားခဲ့တဲ့  သူ့လရောင်တွေကို  ရွှေလင်ဗန်းကြီးထဲ အန်ကျွေးခဲ့တဲ့  ညပေါ့ အမေ၊ 

နောက်တော့ရဟန်းတပါးအဖြစ်   ငယ်စဉ်တောင်ရိုးဆီ  အတက်တောလမ်း...၊ 
ကျောက်တုံး။ ၀ါးတောတွေဘာမှမပြောင်းလဲ၊ ကျောက်တုံးတတုံးပေါ်ထိုင်ပြီး ငယ်ငယ်တုန်း ကလိုပဲကျနော်အငေးကို ကျောက်တုံးတတုံးလို တောင်အောက်ဘက် ပစ်လွှင့် လိုက်မိတယ်၊ ဟိုးအဝေးမှာ  မီးခိုးတိုင်သုံးခုနဲ့စက်ရုံ၊  လယ်ကွင်းများ။  ရွာငယ်လေးများလှမ်းမြင်နေရပြီ၊ ခပ်ပျပျပင်လယ်ဘက်မှာ ကျနော့်အငေးပျက်ကျသွားတယ်……. ပင်လယ်မှာ အစာရှာတဲ့ ငှက်တအုပ်ဟာဟိုးအဝေးဆီမှာ မိုးတွေညို့လာတိုင်း ပင်လယ်ကို ကျောခိုင်းတတ်ကြတယ် မဟုတ်လား၊  

အိမ်ပြန်ရောက်တော့ ကျနော်က ပေါင်းဟောင်းသင်းဟောင်းတွေကြားမှာ အသစ်၊ သူတို့က အစာသစ်တွေ ကျနော့်ကိုကျွေးပြီး ကျနော်က အန်ဖတ်ဟောင်းတွေချကျွေးခဲ့ပေါ့၊

လူတွေကြည့်ရတာလည်း   နွေရာသီထဲဖြတ်ပျံတဲ့   ငှက်တွေလိုပဲ  မောနေလိုက်ကြတာ၊ အိမ်မှာ ကျနော်က   သစ်လွင်နေဆဲလို့ထင်နတဲ့ဟိုတုန်းက ကျနော့်စာအုပ်  တွေက၀ါ        ကျင်ကျင်၊ လူတွေလည်း အိုသွားလိုက်ကြတာ၊ ခလေးတွေကျတော့ ကြီးလာလိုက်ကြတာ၊ စာသင်ကျောင်းခေါင်းလောင်းသံလေးကြားတော့ တကိုယ်လုံးစိမ်းသစ်သွားသလို၊ တအိမ် လုံးကျောင်းသွားကြလို့ ကျနော်တယောက်ထဲ အိမ်မှာကျန်ခဲ့တဲ့ စာအုပ်ဟောင်း။ ဓာက်ပုံ ဟောင်းတွေကြားမှာ ကျနော်စိမ်းလိုက် ၀ါလိုက်၊

အရင်ကကျနော်လဲလျောင်းနေကျနေရာက ပြတင်းပေါက်မှာလွယ်အိတ် မချိတ်ဖြစ်တော့၊ ရေဒီယိုလေးပဲချိတ်ထားဖြစ်တော့တယ်၊

လရောင်ဖိတ်ကျနေတဲ့ အုန်းလက်တွေအောက်မှာ ရပ်ကွက်ဟာရေအောက်ရူ့ခင်းလို ရှိနေပြီ ကျနော်က ရေဘ၀ဲတစ်ကောင်လိုအိမ်ဘက်ဆီပြန်ခဲ့တယ်၊

ကျနော်စာကျက်နေတုန်း။ ကျနော်လမ်းပေါ်မှာဂစ်တာတီးနေတုန်း။ ကျနော်သံတိုင်ကြားမှာ ညတိုင်းငေးနေတုန်း ကျနော့်ခေါင်းပေါ်ကဖြတ်သွားတဲ့ ကြယ်တွေကြား လေယာဉ်မှိတ်တုတ်တွေက ဟိုးတုန်းကအ တိုင်း...၊ ဘယ်အချိန်ဘယ်လေယာဉ်ဆိုတာ မမှတ်မိတော့ပေမယ့် သူတို့ ကျနော့်ကိုမှတ်မိဖို့ ကောင်းတယ်လို့ တွေးမိသည်၊

အိမ်ရောက်တော့ အမေမအိပ်သေးဘူး၊ မျက်လုံးမှိတ်တုတ် မှိတ်တုတ်နှင့်ကျနော့်ကိုစောင့်နေသည်၊ မိဘနှင့်ဝေးတဲ့အရပ်မှာနေလျှင် ကျမ္မာရေးဂရုစိုက်ဖို့ မှာတယ်၊ အမေ့ကျမ္မာရေး။ ကျနော့်ကျမ္မာရေး။ တိုင်းပြည်ကျမ္မရေး အားလုံးကောင်းလျှင် ပြန်ဆုံမည်လို့တွေးခဲ့မိသည်၊

ကောင်းကင်မှာ နောက်ထပ်လေယာဉ်တစင်းရဲ့ အသံကို ကြား မိသည်၊ သူတို့တွေအိမ်ပြန်ကြတာဖြစ်မည်၊ ကျနော်ကမိုးလင်းလျှင် အိမ်ကထွက်မည်၊ လပြည့်ညတွေရော။ လကွယ်ညတွေရော။ မတွေ့ရတော့မယ့် မျက်နှာတွေရော။ မတွေ့ရတော့ မယ့် လယ်ကွင်းတွေရော ကျနော်အောက်က ကတ္တရာလမ်းထဲမျောပါသွားတယ်၊ လသာတဲ့ နွေညတွေဆီအရောက်သူတို့စီဆင်းကြလိမ့်မယ်၊

အေတီအမ်
၂၇.၄.၂၀၀၇
(တွေ့တာ ယူတာက) https://www.facebook.com/nyi.sawlwin

0 comments:

Post a Comment