“ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
လူတစု” (အေးငြိမ်း)
(၁)
‘ဘကြီးအောင်ညာတယ်’
မန္တလေးကိစ္စ သမ္မတက တိုင်းပြည်ကိုရှင်းလင်းပြတဲ့မိန့်ခွန်းဆိုတာကြီးဟာ
ဟိုလိုလို ဒီလိုလိုကြီးပဲ။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘကြီးစိန် ညာပြန်ပြီလား။
သူပြောတဲ့ လူတစု၊ အဖွဲ့အစည်းတခုဆိုတာ
ဘယ်သူတွေလဲ။ ဘယ်အဖွဲ့အစည်းလဲ။ နိုင်ငံရေးအဖွဲ့အစည်းလား။ လူမှုရေးအဖွဲ့အစည်းလား - အခြေခံလူတန်းစားတွေ
‘အနက်’ ကောက်နိုင်ဖို့မလွယ်။ သူထိုးပြတဲ့ သူ့လက်ညှိုးက ကွေးကွေးကြီးပဲ။
‘ချက်ချင်း’ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းလို့
ပြောပါရဲ့။ လူကြီးမင်းပြောတဲ့ ‘ချက်ချင်း’ ဆိုတာ ဘယ်လောက်ကြာတဲ့ အချိန်ပိုင်းလဲ။ (ဖြစ်လာတာ
ခုပဲ တလပြည့်တော့မယ်။)
‘ပြတ်ပြတ်သားသားကိုင်တွယ်ပြီး
ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း’ ကြေညာလိုက်တာကတော့ အားရစရာကြီးပါပဲ။
ဒါပေမယ့် ‘ချက်ချင်း’ ဆိုတာကြီးကိုယုံပြီး စောင့်ကြည့်နေလို့ကတော့ တမြို့လုံး ပြာကျလောက်ပြီ။
ဒီတော့ မြို့အပျက်မခံနိုင်တဲ့၊ နိုင်ငံရေးရေချိန်မြင့်တဲ့ မြို့ခံရဟန်းရှင်လူ၊ ဘာသာတူ၊
ဘာသာကွဲ မန္တလေးသူမန္တလေးသားတွေက ‘မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်သိမ်းမှုကော်မတီ’ -
‘မန္တလေးမြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း’ စတဲ့ နာမည်နဲ့ မြို့ကာကွယ်ရေး ထလုပ်ရတော့တယ်။
(၂)
ပြဿနာကို ဘယ်လိုကိုင်တွယ်ခဲ့ကြသလဲ။
သမ္မတက မိန့်ခွန်းပြောတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်တယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်ပေါ်ကနေ မီးစရှို့တဲ့၊ စဖွတယ်ဆိုတဲ့
ပုဂ္ဂိုလ်တွေအကြောင်း တစွန်းတစမှပါမလာသေး။ မေမြို့က ဇာတ်လမ်း၊ ငွေပေးပြီးအမှုဆင်ခိုင်းတဲ့
လီဆယ်မှုကိစ္စ စတာတွေ မဆီမဆိုင် ဆွဲထုတ်ပြလာတယ်။ တလိမ်နှစ်လိမ် ပွေလိမရှုပ်တဲ့ အမယ်ဘုတ်ကဲ့သူ့ချည်ခင်ဇာတ်လမ်းကြီး
ဖြစ်လာတယ်။
ဒီနေရာမှာ တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဆိုသူ့အကြောင်းပြောဖို့ ရှိလာတယ်။ သူဟာ ပန်ကာ့ထိပ်က ဝက်အူ စရဖ ထောက်လှမ်းရေးညွှန်ချုပ်
လုပ်လာသူ၊ သူ့အထက်ကလူတွေက မီးကိုလောင်စေချင်သလား (ဖြစ်တယ်) ငြှိမ်းလိုက်တော့ဆိုလည်း
(ရတယ်)၊ သူ့အိမ် ဝိုင်ယာရှော့ခ်ဖြစ်လို့ မီးလောင်တဲ့အမှုက တပိုင်း၊ ခု မြင်လိုက်ကြတာကတော့
ဓားရှည်ကိုင်၊ တုတ်ကြီးတွေနဲ့ မြို့ထဲလှည့်ပတ်သောင်းကျန်းရမ်းကားနေကြတဲ့ သူတွေကို လက်ဖျားနဲ့မှ
မတို့ဘဲ လွှတ်ပေးထားတယ်။
သူတို့ရဲ့ ဖွဲ့စည်းအမိန့်ပေးပုံယန္တရားကြီးကလည်း
မျက်စိလည်စရာပဲ။ စာထဲ ဥပဒေထဲ ဘယ်လိုရေးထားထား၊ တခါတခါ ဘယ်သူက ဘယ်သူ့ကို ညွှန်ကြားနေမှန်း
မသိရဘူး။ ‘ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးပြောတယ်’ သမ္မတသာ အာဏာအရှိဆုံးလို့ပြောတယ်။
လက်တွေ့ကျတော့ စစ်တပ်က လုပ်ချင်တာလုပ်တာမျိုး၊ တခါ စစ်တပ်နဲ့သမ္မတအထက်မှာ ကာလုံ၊ ကာလုံအထက်မှာ
ကိုယ်ပျောက်ထိုင်နေသူ ‘လက်မဲကြီး’ ဆိုသူကလည်း ရှိသေးတယ်။
ဒီတော့ ဒီလိုအူချာပေါက်နေတဲ့နိုင်ငံမှာ
ခုလို ဖြစ်ချင်သလိုဖြစ်နေတာ သဘာဝတော့ အကျသား။
အလားတူပဲ မဏ္ဍိုင်ကြီး ၃
ရပ် (ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး)မှာလည်း ဘယ်သူက ဘယ်သူ့ကို ဘယ်လိုထိန်းသလဲ။
အပြန်အလှန်ထိန်းနိုင်ကြသလား။ ထွက်လာတဲ့သတင်းတွေမှာတော့ တရားသူကြီးတွေက ‘စစ်တပ်ကခိုင်းတဲ့အတိုင်း
ကျစေ၊ လွှတ်စေ လုပ်နေရတယ်’ ‘အစိုးရကပြောလို့ မလွှတ်ရဲဘူး’ဆိုတာမျိုး ဖြစ်နေတယ်ဆိုပဲ။
သူတို့အချင်းချင်းမှာလည်း
အကွက်ရတာနဲ့ ဆောင့်ကန်ထည့်လိုက်ကြတာတွေ တွေ့နေရတယ်။
တယောက်တပေါက်လုပ်ရပ်တွေကြောင့်
စစ်အုပ်စုထိပ်သီး Key Players တွေထဲ တကယ်ပဲ ကွဲနေကြသလား။ မြင်ကွင်းတချို့လည်း တွေ့ထားကြတယ်။
လွှတ်တော်ဥက္ကဌဗိုလ်ရွှေမန်းက သမ္မတလုပ်သူဆီ ‘မီဒီယာသမားတွေကို သက်ညှာစွာအပြစ်ပေးဖို့’
စာရေး အကြောင်း ကြားတယ်။ ‘ဘာရမလဲ၊ မင်း သမ္မတလုပ်ချင်လို့မဲစုနေတာ ငါသိသားပဲ’ ဆိုတဲ့အပေါက်မျိုးနဲ့
‘တရားရုံးက သူ့ဘာသာလွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်တာပါ’ပြောပြီး ပယ်ချလိုက်တယ်။
“အစ်ကိုကြီး” ခေါ်ရကျိုးမနပ်တော့ဘူးပေါ့။
သူတို့ချင်း ဦးနင်းပဲ့ထောင်ဖြစ်နေတာ
ထားလိုက်တော့။
သမ္မတကြီးနဲ့ မန္တလေးမြို့ကိစ္စ
ပြန်သွားကြပါစို့-
ဘယ်သူတွေလုပ်နေကြတယ်ဆိုတာ
သမ္မတလည်းအသိ၊ မန္တလေးမြို့သူမြို့သားတွေလည်း အသိ၊ ထောက်လှမ်းရေးထိပ်သီး တိုင်းဝန်ကြီးချုပ်ဆိုသူက
ပိုသိမှာပေါ့။ ဒီတော့ ဥပဒေအရအာဏာအရှိဆုံးသမ္မတဆိုသူက လူတစု၊ အဖွဲ့အစည်းတခုက (တရားခံတွေကို)
ရှင်းလင်းစွာတွေ့မြင်နေရပါပြီလို့ ပြောတယ်။ ယင်းတို့အကျိုးစီးပွားအတွက်လုပ်နေတာပါလို့
ဆိုတယ်။ မိမိတို့ရဲ့အကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင်လုပ်ဆောင်သူများရဲ့
သွေးထိုးလှုံ့ဆော်မှုလို့လည်း ပြောတယ်။
ဒီလိုဆိုရင် အမှုတည်ဆောက်ဖို့၊
စွဲချက်တင်တရားစီရင်ဖို့ ဘာကြောင့်နှောင့်နှေးနေရသလဲ။ ခု ထုတ်ပြခံနေရတဲ့သူတွေကကော သမ္မတရည်ညွှန်းတဲ့
‘အဖွဲ့အစည်းတခု’ ကို ကိုယ်စားပြုနိုင်ကြပါသလား။
သူက မျက်လှည့်ဆရာ မစ္စတာရှင်းလင်းလုပ်ပြီး
‘ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်’ ပြောပေမယ့် အခြေခံလူတန်းစားတွေက မမြင်နိုင်ကြသေးပါဘူး။
ခုတော့ သူတို့ဆီက မေးခွန်းတွေထွက်နေပါတယ်။ အဲဒီအဖွဲ့အစည်းဆိုတာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ
မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၆ဝ ကျော်ထဲ ပါသလား။ ရဟန်းအဖွဲ့အစည်းလား။ လူအဖွဲ့အစည်းလား။
လူတစုဆိုရာမှာ ရဟန်းနဲ့လူ ပေါင်းထားတဲ့လူတစုလားဆိုရင် သမ္မတကြီးဘယ်လိုဖြေမလဲ။
ထိပ်ပိုင်းလူတချို့က အကွက်ဖော်/အကွက်ချောင်းနေပြီး
အကွက်ပေါ်တာနဲ့ အချက်ပြအမိန့်ပေးတာနဲ့ အဲဒီလူတစုက တုတ်ဓားကိုင်ပြီး မော်တော်ဆိုင်ကယ်စီးကြတော့တာကော
မဖြစ်နိုင်ဘူးလား။ ဒေသခံတွေ ပြောတာကတော့ ‘အဲဒီအမျိုးဘာသာ သာသနာအပေါ် သိပ်ချစ်ကြဟန် မာန်သွင်းထားတဲ့
စစ်သွေးကြွ Militants တွေဟာ ကျွန်တော်တို့ မန္တလေးသားတွေမဟုတ်ပါဘူးတဲ့။ ဒါဆိုရင် ဘယ်ချောင်က
ထွက်လာတဲ့သူတွေလဲ။ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်တဲ့သူကောပါသလား မေးကြလိမ့်မယ်။
သူတို့က သိမှမသိကြပဲဟာ။ သမ္မတကြီးပဲ သိတာ၊ သမ္မတကြီးပဲ ဖြေပေါ့။
(၃)
အရင်းစစ်ရင် ကိုယ်ကျိုးချည်းပဲ
နိုင်ငံရေးနဲ့ နီးစပ်သူတွေမြင်တာကတော့
၂ဝဝ၈ အခြေခံဥပဒေကြီးကို ကာကွယ်စောင့်ရှောက်ရေးကိစ္စဟာ သူတို့အားလုံးရဲ့ အရင်းခံ တာဝန်ဖြစ်တယ်။
ဒီနေရာမှာ မကွဲကြပါဘူး။ ဘယ်လိုကာကွယ်ကြမလဲ - နည်းနာမှာတော့ ကွဲကြပုံပဲ။ ၂ နည်းရှိတယ်။
ဗိုလ်စိန်လွင်နည်းနဲ့ ဒေါက်တာမောင်မောင်နည်း - ဘယ်ဟာသုံးမလဲ။
လက်တွေ့မှာ ကိုယ်သန်ရာကိုယ်သုံးကြတဲ့သဘော
တွေ့ရတယ်။ ဦးသိန်းစိန်နဲ့ဦးရွှေမန်းက ဒေါက်တာမောင်မောင်နည်းသုံးလိုကြပြီး ဗိုလ်မင်းအောင်လှိုင်နဲ့
လျှို့ဝှက်အာဏာကိုင်ထားသူတချို့က ဗိုလ်စိန်လွင်နည်းကို အကောင်အထည်ဖော်နေကြတယ်။ ဒါတွေကမှ
မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင်လုပ်ဆောင်နေကြတာဖြစ်တယ်။
မန္တလေးကိစ္စမှာ ဖေ့စ်ဘွတ်ပေါ်ကတဆင်
တမင်ပြဿနာဖော်ထုတ်လိုက်ကြတာလား။ ပေါ်လာတဲ့ပြဿနာအပေါ် အကွက်ဆင်ပြီး မီးတင်ရှို့လိုက်ကြတာလားဆိုတာ
မရှင်းသေးဘူး။ သူတို့တင်ပေးတဲ့လမ်းကြောင်းပေါ်မလျှောက်မိဖို့လည်း သတိထားရလိမ့်မယ်။
ဘာရည်ရွယ်ချက်လဲဆိုတာတော့
ရှင်းတယ်။ ပြဿနာတွေက တခုပြီးတခုတက်နေချိန်၊ လူတွေရဲ့မကျေနပ်မှုက ထိပ်တက်လာချိန်၊ လူတန်းစားလူ့အလွှာအသီးသီးက
ဆိုင်ရာဆိုင်ရာမှာ စုစည်းအုံကြွလာနေချိန်မှာ လမ်းလွှဲပေးလိုက်တာပဲ။ ပြည်သူတွေရဲ့ မပြေလည်နိုင်တဲ့
အခိုင်အမာပြဿနာတွေက စဉ်ရေးချကြည့်။ အားလုံးက ကိစ္စကြီးတွေချည့်ပဲ။ ပြဿနာတွေက ဆက်ဆက်ဖြစ်နေဦးမှာပါ။
ဟော ဇူလိုင် (၂၈) ရက်မှာပဲ
ကျောက်ဆည် စားသောက်ဆိုင်တွေ ဒီညကစပြီးပိတ်ထားပါဆိုတဲ့အမိန့် တိုင်းက ရောက်လာတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက
ဘာမှန်းမသိရဘဲ ထပ်ဆင့်အမိန့်ထုတ်တော့ ပြဿနာတွေတက်ကုန်တယ်။ မြို့လူထုမေးတာ သူရှင်းမပြနိုင်။
သေချာတာကတော့ မန္တလေးပြဿနာဟာ
မပြီးသေးဘူး။ ဖြစ်ထားတာတွေ ဖြေရှင်းနေရဆဲ။ နောက်ဆက်ဖြစ်စရာတွေ လာလိမ့်ဦးမယ် ဆိုတာပဲ။
ယဉ်ကျေးမှုမြို့တော်ဆိုတဲ့ မန္တလေးမြို့ကြီးကတော့ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းရေးစတာတွေ
ထိခိုက်လှပါပြီ။
သမ္မတကြီးပြောတဲ့ လူတစု
အဖွဲ့အစည်းတခုဆိုသူတွေကတော့ သူတို့ရည်မှန်းချက်ကို မရောက်ရောက်အောင် သွားနေကြဆဲဆိုတာ
ထင်ရှားလာတယ်။
မန္တလေးမှာ သေတာ ၂ ယောက်၊
မလေးရှားမှာ ဗမာ ၆ ယောက် အသတ်ခံလိုက်ရပြီ။ သတိကြီးကြီးထားမှ ဖြစ်ပါလိမ့်မယ်။
အေးငြိမ်း
(အရေးတော်ပုံဂျာနယ်အတွဲ၂၊
အမှတ်၂ မှ)
(၂၉ - ၇ - ၂ဝ၁၄)