Saturday, October 31, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၈)
ဘုရင့်နောင်စစ်ဆင်ရေးကြီး
(၁၉၅၄ခုနှစ်မတ်လ၁-ရက်မှ မေလကုန်အထိ)
၁။ နောက်ခံသမိုင်းအကျဉ်း
(က) ရန်သူ့နောက်ခံသမိုင်းမှာ ရန်သူမှာ တရုတ်ဖြူကူမင်တန်များဖြစ်သည်။ ၁၉၄၉ခုနှစ် တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ ကူမင်တန်ချန်ကေရှိတ်တပ်များကိုတိုက်ခိုက်ပြီး တရုတ်ပြည်ကိုလွတ်မြောက်စေရာ၊ တရုတ်ပြည် အနောက်တောင်ဘက်၊ ယူနန်ပြည်နယ်မှ ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံ ဂျင်နရယ်လီမီဦးစီးသော တရုတ်ဖြူ လေးငါးထောင်ခန့်သည် ၁၉၄၉ ခုနှစ်ကုန် ၁၉၅ဝ ခုနှစ်ဆန်း၊ ကျိုင်းတုံခရိုင်တွင်းဝင်လာပြီး မိုင်းဆတ်တွင် အခြေချခဲ့သည်။

၎င်းတို့ကို အမေရိကန်စီအိုင်အေနှင့်ပူးပေါင်းပြီး နောက်ထပ်ဝင်လာသူများနှင့် တရုတ်၊ ဗမာ၊ ထိုင်းစသည်တို့မှလည်း ထပ်ပြီး တရုတ်ဖြူစစ်သား စုပြီး၊ ၁၉၅၁ ခုနှစ်ကျော်တွင် စုစုပေါင်းအင်အား (၁၂ဝဝဝ)တသောင်းနှစ်ထောင်ကျော်အထိ တိုးချဲ့စည်းရုံးပြီး ပထမ တရုတ်-ဗမာနယ်စပ်မှ ဗမာပြည်အတွင်း သံလွင်မြစ်အကြား ဗမာပြည်တွင်းတလျှောက်မှာအခြေခံပြီး နောက်တဖက်က တရုတ်ပြည်နယ်စပ်ပိုင်းကို ဝင်နှောင့်ယှက်တဲ့ စစ်ဆင်ရေးအသေးစားအချို့လုပ်ပြီး၊ တဖက်က သံလွင်အနောက်ဘက်ကျော်ကာ ဗမာပြည်အတွင်းပိုင်းသို့ တဆင့်တိုးဝင်ကျူးကျော်ခဲ့သည်။ ထိုအချိန်ကစ၍ ဗမာပြည်သူလူထုထဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီက စတင်လှုံ့ဆော်သည့် နယ်ချဲ့နှင့်တရုတ်ဖြူဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ပေါ်ထွက်လာခဲ့သည်။

တရုတ်ဖြူများသည် ရှမ်းပြည်နယ်သာမက ကယားပြည်နယ်ကိုပါကျူးကျော်ဝင်ရောက်ပြီး တောင်ငူအရှေ့ မော်ချီမိုင်းဒေသအထိ၊ ကယားသူပုန် များနှင့် ပူးပေါင်းပြီးနောက်၊ တောင်ပိုင်းမှ ကရင်နှင့်မွန်သူပုန်များနှင့်လည်း ဆက်သွယ်ကာ ၎င်းတို့ကြီးစိုးရာ (ကရုပ္ပိ-ပင)ဆိုသော ပင်လယ် ကမ်းစပ် ရွာကြီးတွေဝင်၊ တပ်စွဲမှုကို ၁၉၅၂ခု နှစ်တွင် ပြုလုပ်ခဲ့ကြသည်။ ၎င်း၏ ည်ရွယ်ချက်မှာ နောက်ထပ်ဗမာပြည်တွင် ကူမင်တန် တရုတ်ဖြူတပ်သစ်များကိုတိုးချဲ့ရန် ထိုင်ဝမ်မှ ကေဒါများ၊ လက်နက်ပစ္စည်းခဲယမ်းများ သင်္ဘောနှင့်တိုက်ရိုက်ပို့ရန်ဖြစ်သည်။ ၎င်းကို ၁၉၅၃ - ၅၄ ကျမှ ပိုပြီးရှင်းရှင်းသိလာရသည်။ ထိုနေရာမှ ဗမာပြည်မှဘိန်းများကို တိုက်ရိုက်နိုင်ငံခြားသို့ထုတ်နိုင်သဖြင့် ထိုင်းပုလိပ်ကတဆင့် ရောင်းနေရတာထက် ပိုမြတ်စွန်းနိုင်သည်။ ထို့ကြောင့် ပင်လယ်လမ်းကိုဖောက်ရန်ကြိုးစားခြင်း ဖြစ်ပုံရသည်။

တရုတ်ဖြူကျူးကျော်လာသည့် ရည်ရွယ်ချက်များမှာ-
၁။ နယ်စပ်မှ တရုတ်ပြည်မကြီးအစပ် ဝင်ပြီး နှောက်ယှက်နေခြင်းဖြင့်၊ တရုတ်ပြည်တွင်မငြိမ်းချမ်းသေးဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂက တရုတ်ပြည်အသိအမှတ်ပြုရေးကိုအချိန်ဆွဲထားပြီး တရုတ်ကွန်မြူနစ်တိုင်းပြည်အားဆန့်ကျင်ရေး ဆက်လုပ်သွားရန်။
၂။ ဗမာအစိုးရကို လုံးဝ အမေရိကန်နောက်လိုက် ဖြစ်စေရန်။
၃။ အလားတူ အရှေ့တောင်အာရှနိုင်ငံများ၊ ထိုင်းအပါအဝင် အခြားတိုင်းငယ်ပြည်ငယ်တွေအပေါ်လည်း ခြိမ်းခြောက်လွှမ်းမိုးပြီး၊ အမေရိကန်သြဇာခံများ ဖြစ်စေရန်။
၎။ လက်တွေ့လုပ်နေရင်းကရလာတဲ့ ဘိန်းအရောင်းအဝယ်အကျိုးအမြတ်များကလည်း မက်လုံးတလုံးဖြစ်လာဟန်ရှိသည်။
၅။ တရုတ်ပြည်တွင်းရှိ ကွန်မြူနစ်ဆန့်ကျင်ရေးသမားများ၊ ချန်ကေရှိတ်နောက်လိုက်များအတွက်လည်း အမေရိကန်က သူတို့ဘက်ကနေပြီး ကွန်မြူနစ်တရုတ်ပြည်ကို ဝင်တိုက်ပေးမည့်မျှော်လင့်ချက်ကို ဖြစ်စေပြီး၊ တရုတ်ပြည်တွင်းဆူပူလှုပ်ရှားမှုများကို ဆက်လက်ဖြစ်စေချင်သည့် သဘောလည်း ရှိသည်။

ဗမာအစိုးရ (ဖဆပလအစိုးရ)အနေနှင့်လည်း လူထုအုံကြွလာမှုကြောင့် မလွှဲမရှောင်သာ တရုတ်ဖြူကိစ္စကိုင်တွယ်လာရသည်။ ကုလသမဂ္ဂမှာ တိုင်တမ်းသည့်အတွက် ထိုနိုင်ငံခြားတပ်များဆုတ်ခွာပေးရေးကို တရုတ်ဖြူ၊ ထိုင်း၊ အမေရိကန်နှင့် ဗမာ (၄)နိုင်ငံအစည်းအဝေးထိုင်ပြီး ဖြေရှင်းရန်ဆုံးဖြတ်ခဲ့ရသည်။ ၁၉၅၃ခုနှစ်တွင် ထိုင်း၌ ထို (၄)နိုင်ငံအစည်းအဝေးများ ကျင်းပခဲ့သည်။ ဗိုလ်နေဝင်းတို့က ထိုဆွေးနွေးမှုများအရ တရုတ်ဖြူအဓိကအင်အားများ ထွက်သွားလိမ့်မည်ဟုထင်ခဲ့ကြသည်။ ထိုအခွင့်အရေးယူပြီး တပ်တချို့ဝင်ရောက် ချီတက်တိုက်ခိုက်လိုက်ရင် လွယ်လွယ်နှင့်အောင်နိုင်မည်ဟု တွက်ဆခဲ့ကြသည်။ ထို့ကြောင့် အစဉ်အလာအရရော၊ အဆင့်နေရာအရရောကျော်ကာ၊ သူတို့ဆိုရှယ်လစ် ပါတီမှ တပ်မှူးအချို့နှင့် ဝင်တိုက်ဖို့စီစဉ်ကြပါသည်။ တပ်တွင်းရှိနေသော ကွန်မြူနစ်ယိမ်းသူများ၊ မျိုးချစ်များကိုကျော်၍နေရာပေးနိုင်အောင် စီစဉ်ခြင်းဖြစ်သည်။ ထို”နဂါးနိုင်စစ်ဆင်ရေး”သည် သံလွင်မြစ်ကျော်ဝင်လာသောဗမာ့တပ်မဟာကို တရုတ်ဖြူတပ်များက သံလွင်အရှေ့ဘက် ကမ်း အတွင်းပိုင်းအထိဆုတ်ပေးပြီးမှ သံလွင်နှင့်ညှပ်ပြီး ပြန်တိုက်ချလိုက်လို့ ထိုတပ်မဟာ ပျက်သွားပြီး သံလွင်အနောက်ဘက်ကမ်းသို့ ဖရိုဖရဲပြန်ဆုတ်ပြေးလာခဲ့ရရာ လက်နက်ကြီးများဆုံးရှုံးခဲ့ရသည်။ ထိုတိုက်ပွဲအပြီး တရုတ်ဖြူများကလည်း သူတို့မဆုတ်နိုင်ဟု ပြောင်ငြင်းဆန် လိုက်သဖြင့် (၄)နိုင်ငံအစည်းအဝေးမှ ဗမာကိုယ်စားလှယ်များလည်း  အရှက်ကွဲခဲ့ရပြန်သည်။ ဗမာ့စစ်တပ်လည်း စိတ်ဓာတ်ကျဆင်းသွား တော့သည်။

တချိန်တည်းလောက်မှာပင် တောင်ပိုင်းက ဗမာတပ်များက (ကရုပ္ပိ-ပင)ဒေသ တပ်စွဲထားသည့်တရုတ်ဖြူတွေကို တိုက်ထုတ်လိုက်လို့ ထိုင်ဝမ်က နောက်တပ်မ (၂)ဖွဲ့- ဖွဲ့ဖို့ လက်နက်-ပစ္စည်း-လူများသယ်လာသည့် သင်္ဘောငယ် (၆)စင်းသည်လည်း မြိတ်ကျွန်းစုမှ လှည့်ပြန် သွားရပါသည်။

ဗမာအစိုးရအနေနှင့်ကလည်း တရုတ်ဖြူကိစ္စ ရပ်ထား၍မရ။ ဆက်ပြီး တတ်နိုင်သမျှဖြေရှင်းရန်နှင့် မိမိစစ်တပ် ပြန်လည်စိတ်ဓာတ် တက်ကြွ လာစေရန်အတွက် ထိုကိစ္စဖြေရှင်းရန် တပ်တွင်းအစဉ်အလာရှိသည့် ကွန်မြူနစ်ဘက်ယိမ်းသည့်မျိုးချစ်တပ်မှူးများကို ၁၉၅၃ ခုနှစ်၊ မိုးရာသီတွင် စလွှဲခဲ့ရပါတော့သည်။

ထို့ကြောင့် ၁၉၅၃-၁၉၅၄ကာလများတွင် ဗမာ့တပ်မတော်သည် သံလွင်အနောက်ဘက်ရှိတရုတ်ဖြူများကို မော်ချီးမိုင်းကစပြီး သံလွင်မြစ်ကမ်း အထိ ပထမ စစ်ဆင်ရေးအငယ်စားများနှင့်ရှင်းပစ်ပြီး၊ ၁၉၅၄ခုနှစ် ဖေဖော်ဝါရီလကုန်ကစ၍ “ဘုရင့်နောင်စစ်ဆင်ရေး”အမည်နှင့် သံလွင်အရှေ့ တရုတ်ဖြူဌာနချုပ်နှင့် အခြေခံစခန်းကြီးကိုတိုက်ခိုက်ပြီး၊ တရုတ်ဖြူများကို ထိုင်းနယ်စပ်အထိမောင်းထုတ်နိုင်ခဲ့ပြီး ဗမာပြည်ပေါ် ခြိမ်းခြောက် နေသည့် တရုတ်ဖြူအန္တရာယ်ကြီးကို ဖယ်ရှားပစ်လိုက်နိုင်သည်။

၂။ အခြေခံအခြေအနေ အချက်အလက်များ
(ဤသည်မှာ တိုက်ပွဲတပွဲ၊ ပြဿနာတရပ်ကိုဆင်နွှဲဖြေရှင်းရန်အတွက် စီမံကိန်းတခုရေးဆွဲရန်နည်းလမ်းများ ဖြစ်ပေသည်)
(က) ရည်ရွယ်ချက်-၁။ မိမိတို့၏ တာဝန်ကျေပွန်ရမည်။
၂။ လက်တွေ့အရဆောင်ရွက်နိုင်မည့်ဘောင်အတွင်း လုပ်ဆောင်နိုင်စွမ်းရှိရမည်။
၃။ ဤ ၂ ချက်ပေါ် မူတည်ပြီး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြစ်ရမည်။

ထည့်သွင်းစဉ်းစားရမည့်အချက်များ
           
တရုတ်ဖြူနောက်တွင် အမေရိကန်ရှိခြင်း။ တရုတ်ဖြူများ ကျောပေးလှုပ်ရှားနိုင်သည့်ထိုင်းနယ်စပ်ကြီး ရှည်လျားစွာရှိနေခြင်း။
မိမိတပ်အင်အားလည်း သိပ်မရှိ။ မတောင့်တင်း။ တောင်ပေါ်တိုက်ပွဲအတွေ့အကြုံလည်း မရှိ။ နောက်က ထောက်ပံ့ရေးလမ်းလည်း ရှည်လျားစွာ မလိုက်နိုင်။

ထို့ကြောင့် တရုတ်ဖြူများကို အပြီးအပိုင်ရှင်းလင်းပစ်ဖို့မလွယ်။
ထို့ကြောင့် ရည်ရွယ်ချက်ပထမဆင့်အနေဖြင့် ဗမာပြည်အပေါ်ခြိမ်းခြောက်နေသည့် တရုတ်ဖြူအန္တရာယ်ကို တွန်းလှန်ဖယ်ရှားပစ်ရန်။ တရုတ်ဖြူများအား အခြေခံအားဖြင့် ဗမာပြည်အတွင်းပိုင်းထိုးဝင်ကျူးကျော်နိုင်မည့်နေရာများကနေပြီး ထိုင်းနယ်စပ်သို့မောင်းထုတ်ရန် ဖြစ်သည်။

ဤကဲ့သို့ မိမိ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားသိပြီးနောက်တွင် ဘက် (၂)ဘက် (ရန်-ငါနှစ်ဘက်)၏ ထူးခြားချက်များကို ရှာဖွေရသည်။

(ခ) ရန်သူ
အင်အား
၁။ တသောင်းနှစ်ထောင်ကျော်ရှိပြီး သုံးထောင်ခန့်မှာ မိမိယခုစစ်ဆင်ရေးနှင့်တိုက်ရိုက်မကျသော တောင်ကြီး-ကျိုင်းတုံကားလမ်း မြောက်ဘက် သံလွင်အရှေ့နှင့် တရုတ်နယ်စပ်အကြားတွင် တရုတ်နယ်စပ်နှောင့်ယှက်ရေးနှင့် ဘိန်းကိစ္စလုပ်ငန်းများလုပ်နေကြသည်။

၂။ ၉ဝဝဝခန့်မှာ ထိုလမ်း၏တောင်ဘက်၊ ဗမာပြည်အတွင်းပိုင်းကျူးကျော်ရေးလုပ်ငန်းနှင့် ဘိန်းကိစ္စလုပ်ငန်းများလုပ်ရန်ဖြစ်သည်။

၃။ ထိုရန်သူ့အင်အား ၉ဝဝဝ ၏ အခိုင်အမာတပ်ဖြန့်ပုံမှာ
(၁)ပထမလေယာဉ်ကွင်းရှိတဲ့မိုင်းဆတ်တွင် အခြေခံဌာနချုပ်ထားရာက အတွင်းပိုင်း ပိုမိုလှုပ်ရှားနိုင်ဖို့နှင့် (မိုင်းဆတ်လည်း နာမည်ကြီးလာသဖြင့်) ထိုင်းနယ်စပ်အနီး ပွန်ပါကျင်ဒေသသို့ ၁၉၅၂ ခုနှစ် ကုန်လောက်တွင် ဌာနချုပ်ကို ပြောင်းထားခဲ့သည်။ (၂)မိုင်းဆတ်ဒေသတွင်မူ ကင်းစခန်းသာဖွင့်ထားပြီး ကာကွယ်ထားသည်။
(၃)အဓိက ရှေ့တန်းဌာနချုပ်- မိုင်းတုံတွင် ထားပြီး၊ အဓိကအခိုင်အမာခံစစ်နေရာကို မိုင်းတုံဒေသနှင့်သံလွင်မြစ်အကြား မိုင်းတုံမှ (၁ဝ)ကီလိုမျှကွာတဲ့ ပေ ၅ဝဝဝ ခန့်စီမြင့်တဲ့ တောင်ကုန်း (၃)ခု-ဖိုခုံလောက်ဆိုင်တွင် ခံကတုတ်ကြီး(၃)ခု တည်ဆောက်ထားပြီး အခိုင်အမာခံထားသည်။ မိုင်းတုံမှ သံလွင်ကူးတို့ဆိပ် ဝမ်ဆလာအထိ (၆)ပေကျယ် လားလမ်း က၊ ထိုတောင် (၃)လုံးကို ဖြတ်သွားသည်။ (မည်သူမဆို မိုင်းတုံ၊ မိုင်းဟန်၊ ပွန်ပါကျင် မြေပြန့်ကို လွှမ်းမိုးလိုသူအဖို့၊ ၎င်းတောင် (၃)လုံးကိုလည်းကောင်း၊ ၎င်းသံလွင်-မိုင်းတုံလမ်းကိုလည်းကောင်းသိမ်းထားနိုင်မှ ရေရှည်လွှမ်းမိုးနိုင်မည် ဖြစ်သည်)
(၄)ရန်သူ့ရှေ့ဖျားခံစစ်မှာ သံလွင်ကူးတို့၊ ဝမ်ဆလာနှင့် ၎င်းဝန်းကျင်တွင် တပ်စွဲထားသည်။ ယင်းမှာ သံလွင်အနောက်ဘက်ကမ်းမှ ရိက္ခာစုရန်ဖြစ်သည်။ အခြားနေရာများမှာ
(၅)မိုင်းပုလုံတွင်လည်း စခန်းခွဲတခု။
(၆)၎င်းနောက် ပို အရှေ့ဘက်ကျသော ထိုင်းနယ်စပ်-တာချီလိတ်-မဲဆိုင်ဒေသတွင် စခန်းခွဲကြီးတခုရှိသည်။
(၇)ရန်သူ၏သေနင်္ဂဗျူဟာ အရံတပ်အင်အား (၃ဝဝဝ)သုံးထောင်ခန့်ကို မိုင်းဟန်၊ ပွန်ပါကျင်ဒေသတွင် ချထားသည်။
(၈)နည်းပရိယာယ် အရံတပ်အင်အား (၁ဝဝဝ)တထောင်ခန့်ကို မိုင်းပုလုံနှင့် အထက်ပါတောင် (၃)လုံးနှင့်မိုင်းတုံအကြားတွင် ချထားသည်။

၎။ ရန်သူတပ်မှူးချုပ်။          ။ ဗိုလ်ချုပ်လီမီ မကျန်းမမာဖြစ်လာ၍ တပ်မှူးအသစ်တင်ရသည်။ ထိုတပ်မှူးအသစ်မှာ ထိုင်ဝမ်ရှိ အကြီးအကဲ တဦး၏သားဖြစ်ပြီး ငယ်စဉ်ကတည်းက အမေရိကန်ရှိ အကယ်ဒမီဗိုလ်သင်တန်းကစ၍ တပ်မအဆင့်အထိ သင်တန်းပေါင်း (၈)ခုလောက် တက်ခဲ့ရသူ။ စစ်အတွေ့အကြုံ လုံးဝနီးပါး မရှိသူ။ အထက်လွှာများ၏ လူယုံ။ လူလတ်ပိုင်းအရွယ်။ ဗိုလ်ချုပ်တဦး ဖြစ်သည်။

၅။ ရန်သူတို့၏ စစ်ပညာအဆင့်။         ။ တပ်ရင်းအထက် တပ်မှူးအတော်များများ အတွေ့အကြုံအသင့်အတင့်မျှသာ ရှိသည်။ ဗိုလ်ချုပ် အဆင့်များမှာ တပ်မှူးဟောင်းများဖြစ်ပြီး အတွေ့အကြုံအတော်အသင့် ရှိသည်။ သို့သော် ဗိုလ်ချုပ်လီမီလောက် စိတ်ဓာတ်ရောအတွေ့အကြုံပါ ရှိသူများ မဟုတ်ကြပါ။ တပ်သားများမှာ မူလတပ်သားဟောင်းမှာ သုံးပုံတပုံကျော်ခန့်သာရှိပြီး စစ်အတွေ့အကြုံ အသင့်အတင့်ရှိကြသော စစ်မှုထမ်းများဖြစ်သည်။ ကျန်တပ်သားအများစုမှာ ဒေသအလိုက်စုဆောင်းထားသောတပ်သားသစ်များ ဖြစ်နေကြသည်။

၆။ ရန်သူ့စိတ်ဓာတ်။           ။ (က)ဗမာပြည်သူတို့၏ တခဲနက်အုံကြွဆန့်ကျင်မှု။ (ခ)တရုတ်ပြည်တွင်း တရုတ်ကွန်မြူနစ်အစိုးရအပေါ် လွတ်မြောက်ခါစလူထု၏ ထောက်ခံတက်ကြွနေမှု။ (ဂ)သူတပါးတိုင်းပြည်အပေါ် မတရားကျူးကျော်ဝင်နေရမှု။ (ဃ)မိမိတို့၏အနာဂတ် မရေမရာ ဖြစ်လာမှု - စသည်တို့ကြောင့် တရုတ်ဖြူတပ်သားများအကြား စိတ်ဓာတ် တဖြည်းဖြည်းကျဆင်းလာနေကြသည်။ ရန်သူအထက် တပ်မှူးကြီးအများစုမှာမူ ဘိန်းမှရရှိသည့်အကျိုးအမြတ်ကြောင့်လည်းကောင်း၊ ဗမာ့တပ်ကို အထင်သေးသဖြင့်လည်းကောင်း စိတ်ဓာတ် အတော်အသင့်ခိုင်မာနေပုံရသည်။

သို့သော် ကမ္ဘာ့အခြေအနေတစုံတရာပြောင်းလည်းလာမှုက သူတို့စိတ်ဓာတ်ကို ထိခိုက်လာစေပါသည်။ ၎င်းတို့၏ဆရာ အမေရိကန်အဖို့ ဒုတိယကမ္ဘာစစ်ပြီးကာစ အနုမြူဗုံးကိုင်၍ဗိုလ်လုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းဆိုဗီယက်ယူနီယံကလည်း အနုမြူဗုံးရှိလာခဲ့သည်။ ထို့ပြင် အမေရိကန်တို့အဖို့ ကိုးရီးယားစစ်တွင် တရုတ်ပြည်အပေါ် ထင်သလိုမလွှမ်းမိုးနိုင်ဘဲ စေ့စပ်ပြေငြိမ်းလိုက်ရသဖြင့် ထိုကိုးရီးယားစစ်ကြီးကို မိမိတို့အနာဂတ်နှင့်ယှဉ်တွဲထားခဲ့သော တရုတ်ဖြူဗိုလ်ချုပ်များ စိတ်ဓာတ်ထိခိုက်သွားခဲ့ကြပုံရပါသည်။

၇။ ရန်သူ့လက်နက်။           ။ (၁)တရုတ်ရိုင်ဖယ်အများစု ဖြစ်သည်။ (၂)၎င်းတို့သည် တပ်မတော်အဆင့်အထိဖွဲ့ထားသော်လည်း လက်နက်ကြီးများမှာ တပ်ရင်းသုံးလက်နက်ကြီးများသာ ဖြစ်သည်။ ၆ဝ မမ မော်တာနှင့် ကျနော်တို့တပ်ရင်းသုံး ၃ လက်မ မော်တာနှင့် အလားတူမော်တာများသာ ရှိသည်။ ၎င်းမော်တာများပင်လျှင် ကျည်များများမသုံးနိုင်။ တရုတ်ပြည်မှထွက်ပြေးလာရသူများဖြစ်သဖြင့် လက်နက်ကြီးများ သယ်မလာနိုင်။ အမေရိကန်မှ ဒုတိယကမ္ဘာစစ်ကြီးအပြီးထုတ်လုပ်သော တောတွင်းသုံးလက်နက်အချို့ရှိသော်လည်း ပေါ်လွင်သွားမှာစိုး၍ ထုတ်မသုံးရဲပေ။ မိုင်းလည်း မရှိပေ။


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၇)
မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းရခြင်း
၁၉၅၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျနော့်ကို တရုတ်ဖြူအန္တရာယ်ကို ခုခံတွန်းလှန်ရန်တာဝန်ပေးပြီး မြောက်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ပါသည်။ ကျနော်လည်း မင်္ဂလာဒုံတွင် တောင်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ မြောက်ပိုင်းတိုင်းရုံးစိုက်ရာ မေမြို့သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

ထိုအချိန်ကလမှာ ဗမာ့တပ်မတော်အတွင်း ဆိုရှယ်လစ်တပ်မှူးများ အလွန်ခြေရှုပ်လာသောအချိန်လည်း ဖြစ်ပါသည်။ တရုတ်ဖြူအန္တရာယ်ကို ကုလသမဂ္ဂတိုင်ကြားရာတွင်လည်း နိုင်ငံခြားတပ်များရုပ်သိမ်းပေးရမည်ဟူသောဆုံးဖြတ်ချက် ချမှတ်လိုက်နိုင်သဖြင့် တရုတ်ဖြူတပ်များကို အလွယ်တကူမောင်းထုတ်နိုင်လိမ့်မည်ဟု ထင်ယောင်မှားခဲ့ကြပါသည်။ ထို့ကြောင့်ပင် တပ်မတော်အတွင်းရှိ ဆိုရှယ်လစ်တပ်မှူးများက ဆိုရှယ်လစ်အမာခံတဦးဖြစ်သည့် ဗိုလ်ကျော်စိုး (နောင် မဆလခေတ် - ပြည်ထဲရေးဝန်ကြီး)ကိုပွဲထုတ်ကာ စစ်ဆင်ရေးမှူးချုပ်ခန့်ပြီး နဂါးနိုင် စစ်ဆင်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါသည်။ ထိုကာလက ကုလသမဂ္ဂကဖွဲ့စည်းပေးခဲ့သည့် (၄)နိုင်ငံစစ်ကော်မရှင်တွင်လည်း ဗိုလ်အောင်ကြီးက မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်နေပါသည်။

နဂါးနိုင်စစ်ဆင်ရေး အရေးနိမ့်သွားပြီး (၄)နိုင်ငံစစ်ကော်မရှင်အစည်းအဝေးကလည်း တိုးတက်မှုဘာမှမရှိလာသည့်အခါကျမှ ကျနော့်ကို တာဝန်ပေးခြင်း ဖြစ်ပါသည်။
           
ကျနော် မေမြို့သို့ မိသားစုအားလုံးပါခေါ်၍ မိုးတွင်းကြီးမှာ ပြောင်းရွှေ့သွားရပါသည်။ ကျနော့်အငယ်ဆုံးသားတွတ်တွတ်မှာ (၆)လ သားလေးသာ ရှိပါသေးသည်။ သူ့ကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလထဲတွင် မင်္ဂလာဒုံ၌ဖွားမြင်ခြင်းဖြစ်ပါသည်။

ကျနော် မေမြို့ရောက်ပြီးမကြာမီမှာပင် ဘန်ကောက်မြို့၌ ကျင်းပနေသည့် (၄)နိုင်ငံစစ်ကော်မရှင်ကသဘောထားတခု ရရှိလာပါသည်။ အမေရိကန်နှင့်တရုတ်ဖြူကိုယ်စားလှယ်တို့က ဗမာပြည်တွင်းရှိ အရေးကြီးသောတရုတ်ဖြူအခြေခံစခန်းလုပ်ထားသည့် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းတို့ကို ဗမာ့တပ်မတော်သို့လွှဲပြောင်းပေးပါမည်ဟု ဆိုလာသည်။ သို့သော် ခေါင်းမာသော တရုတ်ဖြူအချို့လည်းရှိနိုင် သဖြင့် တိုက်ပွဲအနည်းအကျဉ်းလည်းဖြစ်နိုင်သည်ဟု ဆိုပါသေးသည်။

ထိုအခါ အစိုးရက အထက်ပါနေရာများကို ဝင်မည်၊ မဝင်မည်သဘောထားပေးရန် ကျနော့်ကို မေးမြန်းလာပါသည်။

မိုးတွင်း အလယ်ကြီးဖြစ်၍ အလွန်မြင့်သောတောင်တန်းများအပေါ် ရေစီးသန်သောမြစ်ချောင်းများ ဖြတ်ချီတက်ရမည့်အရေးမှာ မလွယ်ကူ လှပါ။ တိုက်ပွဲများလည်း ဖြစ်နိုင်သေးသည်ဟုဆိုထားသေးသည်။ သို့သော် ကျနော်သည် တပ်မှူးများနှင့်ထိုင် အသေးစိတ်ဆွေးနွေးကြည့် ပါသည်။ ထိုအချိန်က တပ်မှာလည်း နဂါးနိုင်စစ်ဆင်ရေးရှုံးနိမ့်မှုကြောင့် စိတ်ဓာတ် တစုံတရာထိခိုက်ကျဆင်းနေပါသည်။

ကျနော်တို့ အသေးစိတ်တွက်ချက်တိုင်ပင်ပြီးနောက် နွေဥတုတွင် ကြီးကျယ်စွာတိုက်ရသည်ထက်စာလျှင် ယခုဒုက္ခနှင့်တိုက်ပွဲကလေးများကို ရင်ဆိုင်မည်။ သတိ၊ ဝိရိယနှင့် စနစ်တကျအဆင့်ဆင့်ပြင်ဆင်ပြီး တထစ်ပြီးတထစ်ချီတက်လျှင် အကျအဆုံးနည်းစွာနှင့် ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆပြီး ကျနော်တို့ချီတက်သိမ်းပိုက်မည်ဟု အကြောင်းပြန်ကြားလိုက်ပါသည်။

သူတို့ပြောဆိုလာသည့်ရက်ချိန်းအမီ သိမ်းနိုင်ဖို့လည်း တပ်တွေကို ခဲရာခဲဆစ်ပြင်ဆင်ရပါသည်။ တပ်သားများ ရိက္ခာပစ္စည်းများ၊ လက်နက် ကိရိယာများ၊ ဝန်တင်လားမြင်းစသဖြင့် လိုအပ်သမျှ စုစည်းပြင်ဆင်ရပါသည်။ သံလွင်မြစ်ကို ရေစီးအသန်ဆုံးအချိန်ဖြစ်သည့် ဝါဆို ဝါခေါင် တွင် ဖြတ်ကျော်ပြီး မိုင်းပုအောင်တွင် အားလုံးစု-ရပ်စေရပါသည်။

နောက်ဆုံး ရက်ချိန်းနီးကပ်လာစဉ်မှာပင် ကျနော်တို့ အစောကတည်းကသံသယရှိမိသည့်အတိုင်း အမှန်ဖြစ်လာပါသည်။ တရုတ်ဖြူ ကျူးကျော်သူများက ဗမာ့တပ်များကို သူတို့အခြေခံစခန်းများအတွင်းသို့ဝင်ခွင့်မပေးနိုင်ဟု ပြောင်ပြောင်ပင် ငြင်းဆိုလိုက်ပါတော့သည်။ အတော်ပင် နာကြည်းခံခက်စရာ ဖြစ်ရပါသည်။

၎င်းတို့ အခြေခံကပင် ရိုးသားမှုမရှိပါ။ မိုးတွင်းကျလာအောင်အချိန်ဆွဲထားပြီး သူတို့ကန့်သတ်ပေးသည့်ရက်ချိန်းအမီ နေရာ လေးငါးနေရာကို ဖယ်ပေးမည်။ ဝင်ရောက်နိုင်လျှင်ဝင်ယူပါဟု ဆိုလာခြင်းဖြစ်သည်။ သူတို့ရိုးသားလျှင် ထွက်ခွာသွားပေးရုံသာရှိသည်။ မိုးတွင်းကြီး ဗမာတပ်များ ဝင်လာရဲမှာမဟုတ်။ ဝင်မလာလျှင် သူတို့တာဝန်ကျေပြီဟု ဝါဒဖြန့်ရန်အတွက်သာရည်ရွယ်ရင်းဖြစ်သည်။ ကျနော်တို့ဘက်က ဘယ်လိုပဲဖြစ်ဖြစ် ဝင်မည်ဟုဆုံးဖြတ်လိုက်တော့ သူတို့ အကျပ်ရိုက်သွားပြီး ပြောင်ပြောင်ပင် ငြင်းပယ်ရခြင်းဖြစ်ပေသည်။
ထို့ကြောင့် (၄)နိုင်ငံအစည်းအဝေးမှ မြန်မာကိုယ်စားလှယ်အဖွဲ့နုတ်ထွက်လိုက်သဖြင့် ထိုကော်မရှင်လည်း ပျက်သွားပါတော့သည်။ ဤ နောက်ပိုင်းတွင်လည်း တရုတ်ဖြူများဆုတ်ပေးမည်။ အပစ်အခတ်ရပ်စဲထားပါဟုဆိုလာပြီး ကလေးလူကြီး အိမ်ထောင်သည်များကို ဆုတ်ခွာခြင်း၊ လက်နက်အညံ့စားများသာယူသွားခြင်းစသည့်လုပ်ငန်းများ လုပ်ကြပါသေးသည်။

သို့သော် ကျနော်တို့ စိတ်မဝင်စားတော့ပါ။ တရုတ်ဖြူပြဿနာဖြေရှင်းရေးသည် မိမိတိုင်းပြည်အင်အားပေါ်တွင်သာ ရပ်တည်ရတော့မည် ဆိုသည့်သင်ခန်းစာကို ကောင်းစွာရရှိခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့်ပင် ၁၉၅၃ခုနှစ်၊ မိုးဥတုကုန်သောအခါ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ တရုတ်ဖြူတပ်များကို ရှင်းလင်းတိုက်ခိုက်ပစ်ရပါသည်။ ဒီဇင်ဘာလကုန်တွင်တော့ သံလွင်အနောက်ဘက်ခြမ်းရှိတရုတ်ဖြူများကို အရှေ့ဘက်ကမ်းသို့ မောင်းထုတ်လိုက်နိုင်ပါတော့သည်။ ကျနော် ဤစာတမ်းကိုရေးနေစဉ်မှာပင် လွန်ခဲ့သည့်(၁ဝ)နှစ်ခန့်က ကျနော်ရေးခဲ့ဖူးသည့် “ဘုရင့်နောင်စစ်ဆင်ရေးမှတ်တမ်း”စာတမ်းကို ပြန်ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ထိုစဉ်က ကျနော်သတိရသလောက် အတော်ပြည့်စုံစွားရေးထားသည့်စာတမ်းဖြစ်သဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။


၂ဝ၁၅၊ အောက်တိုဘာလထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅၊ အောက်တိုဘာလထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)
(ဒန်ပေါက်အဆိုတော်မဲဆွယ်တရား)
မနေ့က ပြည်တွင်းကမိတ်ဆွေတယောက်နဲ့ ဗီဒီယိုချက်တင်းန်မှာ အလ္လာပသလ္လာပကြတယ်။ သူ့အလုပ်ရုံက လက်တိုလက်တောင်းချာတိတ်က သူ့ဘေးမှာထိုင်ရင်း ကျနော်တို့ပြောတာတွေနားထောင် သိချင်တာရှိ တချက်တချက် ဝင်ဝင်မေးတယ်။ သူမေးတာတွေက ဘာမှ ဒီလောက် သိတ်အရေးမပါပေမယ့် မိတ်ဆွေကဒီချာတိတ်ကို ခင်မင်နှစ်လိုတာသိလို့ တိုတိုတုတ်တုတ် ပြန်ပြန်ဖြေရတာလည်း အလုပ်ပိုတခုလိုဖြစ်တော့ စိတ်တော့ နည်းနည်းရှုပ်ရသား။
နှစ်ယောက်သားပြောနေရင်း ရွေးကောက်ပွဲကိစ္စရောက်တော့ ကျနော်က ”အဲ့ဒီ ရွေးကောက်ပွဲလည်း မြန်မြန်ပြီးစေချင်လှပြီဗျာ။ ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တာနဲ့ ကြည့်စရာ သိစရာတွေထက် မဲဆွယ်ပွဲတွေနဲ့ ဘုံးဘောလအောဖြစ်နေတော့တာပဲ”လို့ဆိုတော့ မိတ်ဆွေက ဘာမှပြန်မပြောခင် ချာတိတ်က ရှေ့တိုးလာပြီး “ဦးလေးကလည်း ကျနော်တို့ကို တနှစ်လုံးတောင် မဲဆွယ်ပွဲတွေလုပ်စေချင်တာ”လို့ ဝင်ပြောတယ်။ ဒါနဲ့“ဟေ ဘာလို့တုန်းကွ”ဆိုတော့ “တီရှပ်တွေ အလကားရတယ်ဦးလေးရာ၊ ထမင်းထုတ်တွေ ဒန်ပေါက်ထုတ်တွေ ရေသန့်ဗူးတွေလည်း ပါတယ်။ နောက်ပြီး အဆိုတော်တွေဦးလေးရာ စကားတောင်သွားပြောလို့ရတယ်။ အပြင်မှာ မြင်ဖို့မလွယ်ဘူးလေ”တဲ့။
ကျနော်လည်း ကိုယ့်နဖူးကိုယ်မရိုက်မိအောင် သတိထားလိုက်မိပေမယ့် စိတ်ထဲတော့ “သေဟဲ့ နန္ဒိယ”လို့ဖြစ်သွားတာပါပဲ။
အောက်တိုဘာ ၂၄၊ ၂ဝ၁၅

(လူရွှင်တော်နိုင်ငံရေး)
ကိုသူရခေါ် ဇာဂနာ နောက်ဆုံးအကြိမ်ထောင်ကလွတ်တော့ လူတချို့ အုန်းအုန်းထအောင် ကြိုခဲ့ကြပေမယ့် နောက်ပိုင်း ကိုယ်ရှိန်သတ်ကုန်ကြတာ သတိထားမိတယ်။ သူ့နိုင်ငံရေးအတွေးအမြင်နဲ့ သူ့ရပ်ခံချက်မို့ ဘာမှမပြောလိုပါဆိုပြီး တုံဏှိဘာဝေ လုပ်နေသူတွေထဲ ကျနော် မပါခဲ့ပါ။ နိုင်ငံရေးမှာက ပြောတာဆိုတာကိုက ”အလုပ်”မဟုတ်လား။ ကျနော်လည်း သူများကိုပြောသလို ဆိုသလို ကျနော့်လည်း သူများတွေက ပြောကြဆိုကြတာ အများသားပါပဲ။
ကိုဇာဂနာနဲ့ပတ်သက်လို့ ကျနော်ပြောတာတွေထဲမယ် လူအဆဲအခံရဆုံးအကြောင်းက ဒီလိုဗျာ။ ကိုဇာဂနာ့အသည်းစွဲလူငယ်တစ်ဦးက မေးတယ်
”ဦးဇာဂနာကို ဘယ်လိုမြင်သလဲ ဦးရေ”တဲ့။ ကျနော်က ”လူရွှင်တော်လို့ မြင်ပါတယ်ဗျာ”ဆိုတော့
သူက “မဟုတ်ဘူးလေ သူက ရိုးရိုးလူရွှင်တော်မှ မဟုတ်တာ၊ ဦးတို့လိုပဲ နိုင်ငံရေးလုပ်နေတာ မှတ်လား”တဲ့။ “အေးဗျာ ဒါဆိုလည်း နိုင်ငံရေးလုပ်တဲ့ လူရွှင်တော်ပေါ့”ဆိုတော့ သူ သိတ် ဘဝင်ကျဟန် မပေါ်ဘူး။
”ဒီလိုလေ ဦးရဲ့။ သူက လူရွှင်တော်ဗျာ၊ နိုင်ငံရေးလည်းလုပ်တယ်၊ ဦးတို့ လုပ်တာမျိုးနဲ့တော့ တူချင်မှတူမှာပေါ့၊ ဒါ့ကြောင့် သူ့နိုင်ငံရေးကို ဘယ်လိုမြင်လဲလို့ မေးတာပါ”ဆိုပြီး ပီဘိ လူကြီးနိုင်ငံရေးသမားလေးတယောက်လို စိတ်ရှည်ရှည်နဲ့ ရှင်းရင်း ထပ်မေးပါတယ်။
”အေးဗျာ ဒါဆိုလည်း လူရွှင်တော်လုပ်တဲ့ နိုင်ငံရေးပေါ့ဗျာ”လို့လည်း ဖြေရော ”ဦးတို့က နိုင်ငံရေးသမားသာပြောတာ သဘောထားကြီးတာတို့ စည်းရုံးရေးအမြင်တို့ကြတော့ အတော် အားနည်းတာပဲ၊ စကားပြောတာလည်း ပေါ့တီးပေါ့ဆနဲ့”ဆိုပြီး ထောက်ထောက်ဆဆ ဝေဘန်ရေးလေးပါ ပေးပါသေးတယ်။
အဲ့ဒါ ခုမှပြန်ပြီး ဘာအစဖော်ချင်လို့ရေးနေတာလဲလို့မေးရင် ဂျေလိုပက်ဇ်ဖင်တခြမ်းလှဆွေ မဲဆွယ်နေတာကြည့်ပြီး ကိုဇာဂနာ့ကို သတိရသွားလို့။ အမှန်က ဆိုင်တော့ ဘာမှ မဆိုင်ပါဘူး။ ဇာဂနာက ဇာဂနာ လှဆွေက လှဆွေပဲဟာ။
အောက်တိုဘာ ၂၂၊ ၂ဝ၁၅

(အလကားမဟုတ်ဘူး)
”ရွေးကောက်ပွဲရလဒ်က ထင်သလိုထွက်မလာရင် မဲစာရင်းအမှားကြောင့်ဖြစ်ရတာဆိုပြီး ကော်မရှင်ပေါ် အပြစ်ပုံချဖို့ပြင်နေကြတာ”လို့ တင်အေး ကြိုတင်အာဘော်ဖန်တီးနေတာ အလကားမဟုတ်ဘူး။
“ကော်မရှင်ကဆုံးဖြတ်တဲ့ရွေးကောက်ပွဲရလဒ်ကို လိုက်နာမယ်”လို့ မင်းအောင်လှိုင် ကြိုတင်အာဘော်ဖန်တီးနေတာ အလကားမဟုတ်ဘူး။
ရွေးကောက်ပွဲရလဒ်ဘာထွက်လောက်တယ်ဆိုတာ လူတိုင်းခန့်မှန်းမိနေတာပဲ။
ရလဒ် ဘာဖြစ်ဖြစ် ထင်သလိုတခုခုလုပ်ပစ်နိုင်တဲ့အခွင့်အာဏာဟာ ကော်မရှင်(လက်ရှိအစိုးရလို့ ဒဲ့ပြောရမှာပဲ)ဆီမှာပဲရှိတယ်
ကော်မရှင်က(အစိုးရက)ဆုံးဖြတ်ပေးတဲ့အတိုင်း မင်းအောင်လှိုင်(စစ်တပ်က)ထောက်ခံမယ် လို့ပြောပြီးသား။
ရွေးကောက်ပွဲထက် ရွေးကောက်ပွဲအပြီး အာဏာကိစ္စစကားမပြောခင်စပ်ကြား ကြား သုံး လေး လမှာ ဘာတွေဖြစ်လာဦးမလဲ။
အောက်တိုဘာ ၁၇၊ ၂ဝ၁၅

(တပတ်သစ်ညောင်စောင်း)
“တို့တွေ ခေါင်းချတဲ့အထိ ဒီအိမ်လေးမှာပဲ အပြီးနေကြမယ်”လို့ရည်ရွယ်ပြီးရွှေ့ခဲ့ကြတော့ အိမ်ရှင်ဟောင်းချန်ခဲ့တဲ့ပစ္စည်းတွေထဲမယ် ဧည့်ခန်းထား ၃ ယောက်ထိုင် ဆိုဖာခုံရှည်ဟောင်းကြီးတလုံးလည်းပါသပေါ့။ ခုံကြီးက ၁၉၅ဝ ပြည့်နှစ်များတဝိုက်ဆီက ဒီဇိုင်းကြီး။ လေးလည်း အလေးကြီးပဲ။ ဒါပေမယ့် တကျွိတကျွိနဲ့ ချည့်နဲ့နေတဲ့ရုပ်တော့ မပေါက်သေးဘူး ဆိုရမှာပဲ။ အိုတော့ အိုလှပြီ။ ကိုယ့်အသက်နဲ့ဆို မထိုင်ခင် ကန်တော့ကန်တော့ ပြောထိုင်ရမယ့်အပေါက်။ အပေါ်ကာဗာတွေကလည်း ပျိုရွယ်စဉ်ကလှသွေးကြွယ်ခဲ့ပေသိ ခုနေခါမတော့ အိုမင်းတွင်းဆုံးအရွယ်ရဲ့ ဇရာဆန်ဆန်အလှအပ အကြွင်းအကျန်လေးတောင် မမြင်ရတော့။ ကြမ်းကြမ်းပြောရရင် အကွက်တောင် မပေါ်ချင်တော့ဘူးဆိုပါတော့။ လွှင့်ပစ်မယ်လွှင့်ပစ်မယ်နဲ့ အသစ်တလုံး မဝယ်နိုင်သေးခင်စပ်ကြား ထားသာထားရတာ ဧည့်သည်လာတိုင်း မျက်နှာပူပူနဲ့ အထိုင်ခိုင်းရတာချည်း။
လွန်ခဲ့တဲ့ ၄ ပတ်လောက်ကတော့ ဇနီးက ဘာစိတ်ကူးပေါက်တယ်မသိ အပေါ်ဖုံးပိတ်စတွေခွာကြည့်ရအောင်ဆိုပြီး တဗြိဗြိနဲ့ ဆွဲဟယ်ဆုတ်ဟယ် ဖြဲဟယ်ဖြုတ်ဟယ်နဲ့ လုပ်ချလိုက်တော့ အရိုးစုကြီးလို အရိုးပြိုင်းပြိုင်းနံကိုင်းကိုင်း မျက်ကွင်းဟောင်းလောင်းပေါက် ခေါင်းခွံဖြူကြီးနဲ့ အကြည့်ရဆိုးသမှ အကျည်းတန်လိုက်သမှ ဘာပြောကောင်းမလဲ။ ဒါနဲ့တင် အားရပုံမပေါ်တဲ့ဇနီးသည်ဟာ အောက်ပတ်လည်က ဆင်ခြေဖုံးပိတ်စတွေပါ ထိုးခွာနေရင်းတန်းလန်း တမျက်နှာစာအပြည့်ပြုံးတည့်ပြီး “ငါ မပြောဘူးလား။ သစ်တွေက အကောင်းစားတွေ ဖရိမ်ကလည်း တောင့်သလားမမေးနဲ့။ ဒီခေတ်ခုံတွေလို တော်ရိလျော်ရိသစ်နဲ့ ကော်ကပ်ပြီးလုပ်ထားတာ မဟုတ်ပါဘူးလို့” အောင်မြင်သူ့လေသံနဲ့ ပြောလာတယ်။ ဒါနဲ့ ကြည့်လိုက်တော့ သူပြောသလို ဟုတ်သား။ အထဲမှာ အကောင်းအတိုင်းကြီး။
“လွှင့်မပစ်ဘူး၊ ကိုယ့်ဘာသာ တပတ်ရစ် အသစ်ပြန်လုပ်မယ်”ဆိုပြီး အဲ့နေ့ကတည်းကစ ပိတ်စတွေဝယ်လိုက် အတွင်းသွပ်တဲ့ ရေမြှုတ်တွေဝယ်လိုက် ဇစ်တွေဝယ်လိုက် တယောက်တည်းစကားပြောလိုက်နဲ့ ယောက်ယက်ခတ်ဇာတ်လမ်း စတော့တာပဲ။ ညနေစောင်း အလုပ်ကပြန်ရောက်တာနဲ့ သူ့စက်ချုပ်ခန်းဝင်ပြီ တကုပ်ကုပ်နဲ့ဖြတ်လိုက် ညှပ်လိုက် ကပ်လိုက် တဂျောင်းဂျောင်းနဲ့ချုပ်လိုက်နဲ့ ဧကစာကျင့်သလားမှတ်ရတယ်။ ကျနော့်တောင် သိတ်စကားမပြောအားဘူး။ ကျနော်ကလည်း နားအေးပါးအေးဆိုတော့ လွှတ်ကြိုက်ပေါ့။
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၄ ရက်လောက်က “အဖေ့ဆီမှာ အဲကွန်ပရက်ဆာနဲ့ စတာပလာ သွားငှားမယ်”ဆိုပြီး အပြန်လည်းကြရော ပေါင် ၃ဝ လောက်ရှိမယ့် ကွန်ပရက်ဆာရယ် အဲ့ဒါနဲ့တွဲသုံးတဲ့ စတာပလာရယ်၊ ပင်န်တွေရယ်ပါ မချလာတယ်။ မင်န်နူရယ်လ်စာအုပ်လေး ကျနော့်ဘက်ထိုးပေးပြီး အဲ့ဒါဖတ်ပြီး ကြည့်ကျက်လုပ်ထားပေးဦးဆိုပြီး သူ့စက်ခန်းထဲဝင် သူ့ပစ္စည်းအတွေအကုန် ဧည့်ခန်းထဲယူချလာတယ်။ တခန်းလုံးလည်းပွလို့၊ ခွေးလေး ၂ ကောင်လည်း နေစရာမရှိဘူး။ ဒီကြားထဲ ကျနော့် ကွန်ပရက်ဆာစမ်းတဲ့အသံက ညံနေတာ။ ဒါနဲ့ ခွေးလေးတွေအိမ်ပြင်ထုတ် သူ့ဟာတွေ ကူရှင်းမယ်လုပ်တော့ မလုပ်နဲ့မလုပ်နဲ့ နင်ဘာမှသိတာမဟုတ်ဘူး။ သူ့ဟာသူ ထားလိုက်၊ ငါအကုန် ဆင်ထားပြီးသား၊ နင်လုပ်မှ ရှုပ်ကုန်လိမ့်မယ်ဆိုပြီး မျက်နှာတည်မျက်နှာထားနဲ့ ငေါက်သလိုလိုက လုပ်သေး။ စိတ်နည်းနည်းခုမိပေမယ့် အကုန်တော့ပြီးသွားပုံပဲ၊ သူ့နေရာနဲ့သူ နေရာချရုံ ဆင်ရုံ ပင်န်တွယ်ရုံပဲကျန်တာနေမယ်လို့တွေးပြီး ဘာမှမပြောတော့ပဲ ကိုင်ပေး ညှိပေး တိပေးတိုင်းပေး ကူလုပ်နေခဲ့တာပါပဲ။
ခနနေတော့ ဒီနားကကိုင်ထား ဟိုဘက်ကိုလွှတ်လိုက်၊ ဒီလိုမှောက်ထား ဒီလိုလှန်ထား၊ ဟိုလိုစောင်းပေး ဒီလိုတည့်ပေး၊ ဒီနားက ဆွဲဆန့်ထား ဟိုနားကို ဖိထား၊ ဒီဟာကို အထဲ ခေါက်ထည့်လိုက် ဟိုဟာကို အပြင်ဆွဲထုပ်၊ ဒီအစကို ဒီဘက်နည်းနည်းရွှေ့ ဘာညာတွေနဲ့ မယ်မင်းကြီးမ ညွှန်ကြားတော်မူသမျှ လိုက်လိုက်ရင်းလုပ်ရင်း ဆိုဖာခုံကြီးက မျက်စေ့ရှေ့တင် ရုပ်လုံးပေါ်လာတယ်။ ကြည့်ရင်းကြည့်ရင်း လှလှလာတယ်။ ငါ့မိန်းမ တော်လှချည်လားဟလို့ ချီးမွမ်းမလို့လုပ်တုန်းရှိသေး “ကဲ အတည့်အတိုင်း လှန်ချလိုက်တော့၊ မှီအုံးတွေ တင်ပြီးရင်ပြီးပြီ၊ ပြီးရင် ငါအပေါ်မှာ မင်သမီးလို ဖင်တခြမ်းဖော်ပြီးတက်ထိုင်မယ် နင်ဓာတ်ပုံရိုက်”ဆိုပြီး ချွေးတွေနဲ့အဆီပြန်မျက်နှာကို ပြောင်စပ်စပ်လုပ်ရင်း ညာလက်မ ထောင်ပြတယ်။ အောင်ပြီဆိုတဲ့သဘော။ သူရော ကျနော်ပါ ဖတ်ဖတ်ကိုမောရော။
ဒါပေမယ့် ပျော်ပါတယ်။ သူပြောသလို “ခုနေ သွားပြန်ရောင်းရင် ၅ ရာတော့ အောက်ထစ်ပဲ၊ စက်ရုံထွက်မဟုတ်ဘူး၊ အကုန် လက်လုပ်နဲ့ လက်မှုပစ္စည်းချည်းပဲ၊ တထောင်ပေးတောင် မရောင်းဘူး။ တို့ ၂ ယောက်လုပ်အားနဲ့ အမှတ်တရပစ္စည်းလေ၊ သေတဲ့အထိ သုံးရမှာ”တဲ့
ကဲ အဲ့ဒီမှာပါပဲ။ စုစုပေါင်း ၅ ပတ်လောက်တော့ကြာပါတယ်။
အောက်တိုဘာ ၁၆၊ ၂ဝ၁၅

(တခြမ်းဖဲ့ပြီးဝိုက်သွားတဲ့)
ဗမာပြည်ပြန်ပြီး စာကလေးဗေဒင်ဟောစားရကောင်းမလား နိုင်ငံရေးဗေဒင်ဟောစားရကောင်းမလား ဒါမှမဟုတ် နော်ဝေက ကိုယဉ်မင်းဦးကို ငြိမ်းပွင့်က ကိုအံ့ဘွယ်ကျော်ပြောသလို စွန်ထန်ဟင်းချို ချက်ရောင်းရကောင်းမလား။ ၃ဝ ရာခိုင်နှုန်းစာရင်းမှန်မယ့် ရွေးကောက်ပွဲကြီးလည်း နီးပြီ။ ဘာအဖြေထွက်မယ်မှန်း သိပြီးသားနဲ့မသိနိုးနားအမတ်လောင်းတွေလည်း အားတက်သရော မဲဆွယ်နေကြပုံများ ဆင်းရဲသားအချစ်ပြိုင်ပွဲကြီးလားမှတ်နေရ။ သိန်းစိန်တို့ကတော့ အကျဉ်းသားတွေ လွှတ်ဦးမယ်တဲ့။ ပါဂျောင်ကိစ္စလက်သည်တွေထဲကတယောက်ဖြစ်တဲ့ သံချောင်းဆိုသူလည်း ပါလာမလားမပြောတတ်။ သံခဲကတော့ အပစ်ရပ်ကြမဟဲ့ဆိုကာ လက်မှတ်ထိုးနေပြီ။ လွတ်မယ့်အထဲ ရာဇဝတ်ကောင် ရာဇဝင်လူဆိုးတွေ ဘယ်လောက်ပါလာမလဲ။ ဘုန်းကြီးဆိုးတွေကလည်း သွေးတဆာဆာတောင်းနေလေရဲ့။ ခုမှ ဆိုး ၃ ဆိုးပေါင်းပြီး ပြည်ဖျက်နေကြတာ။ စစ်သားဆိုး၊ ဘုန်းကြီးဆိုးနဲ့ လူမိုက်လူဆိုးတွေ။ ဒေါ်စု ရခိုင်ခရီးစဉ်ကလည်း ဂျိန်မ်းစ်ဘွန်းဒ်ကားထက်တောင် စွန့်စားရဦးမယ့်သဘောပဲ။ ဒုတိယ ဒီပဲရင်းမဖြစ်ပါစေနဲ့။ နို့မို့ဆို ဒေါ်စု နောက်တကြိမ် ထပ်ခွင့်လွှတ်နေရဦးမှာ။ နေရှင်းဝိုက် နေရှင်းဝိုက်အော်ရင်း အပစ်ကတော့ တခြမ်းပဲ့နဲ့ ရပ်သွားပြီ။ နေရှင်း"ဝိုက်"ဆိုတာကို ဘဝင်မကျတဲ့ ဗီအိုအေက ဦးစံမိုးဝေကိုတော့ ဝိုက်ကို ထင်းကနဲမြင်အောင် "ရှိုးကစားတဲ့အခါ ရှစ်ပူးနဲ့ ဘာမှ "ဝိုက်" မရဘူး"လို့ ပြောလိုက်ရကောင်းသား။ ရှစ်ပူးဆိုလို့ တခြမ်းပဲ့အပစ်ရပ်ပွဲကြီးကို "သတ်သေ"အဖြစ် တက်လက်မှတ်မထိုးတဲ့ ကိုမင်းကိုနိုင်ရဲ့ နိုင်ငံရေးအသရေရှိမှုကို ဒီနေရာကနေ အလေးအမြတ်ပြုလိုက်တယ်။
အောက်တိုဘာ ၁၅၊ ၂ဝ၁၅

(သူ့အမှိုက် ကိုယ့်ရွှေ)
တမြန်နေ့ အပြင်ကပြန်လာတော့ ညာဘက်ဘေးအိမ်က အနက်ရောင် သစ်သားကုလားထိုင် ၂ လုံးကို Free လို့စာကပ်ပြီး လမ်းဘေးမှာ ချထားတာတွေ့တယ်။ အဝေးကြည့်ဒီဇိုင်းလေးလှတာနဲ့ ၂ ယောက်သား အနားထိသွားပြီး အနီးကပ်လည်းကြည့် မ လည်းကြည့် ဆေးသားလေးလည်း နည်းနည်းခြစ်ကြည့်ကြတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဘာမှ ချောင်နေ နဲ့နေတာလည်းမရှိတဲ့အပြင် အသားသ ဆီဒါသားလိုအသား၊ အနံ့လေးလည်း မွှေးတေးတေးနဲ့။ ဒါနဲ့ တယောက်နဲ့တယောက် မျက်စပြစ်ပြီး ၂ ယောက်လုံး ပြိုင်တူခေါင်းညိတ်ကာ ယူမယ်လို့ သဘောတူလိုက်ကြတယ်။ ဂိုဒေါင်ထဲရောက်တော့ ကျနော်က ဖုန်လေးဘာလေးခါခက်ပြီး ကူရှင်အဟောင်းတွေ ခွာထုတ်တယ်။ ဖင်ထိုင်နေရာက ရေမြှုတ်ကျန်တဲ့အထိ အောက်ခံသစ်ပြားနဲ့ကပ်ထားတဲ့ အဝတ်စတွေပါ ဖြဲဆုတ်ခွာထုတ်တယ်။ ပြီးတော့မှ ကော်ပတ် အကြမ်းအနု ၂ မျိုးနဲ့ ဆေးသားတွေပြောင်သွားအောင် ကော်ပတ်တိုက်တယ်။ ကျနော် အဲ့ဒါတွေလုပ်နေတုန်း ဇနီးက အရောင်တင်သစ်သားသုတ်ဆေးနဲ့ ကူရှင်အပေါ်အုပ်ပိတ်စ နည်းနည်း သွားဝယ်တယ်။ ပြန်ရောက်တော့ ကော်ပတ်စားပြီးသား ကုလားထိုင် ၂ လုံးကို ဆေး ၂ ထပ်သုတ်ပြီး တညလုံး လေသလပ်ခံထားလိုက်တယ်။ ညစာ စားပြီးသွားကြတော့ သူက ပိတ်စတွေဖြတ်ညှပ် အပ်ချုပ်စက်တလုံးနဲ့ တဂျောက်ဂျောက် ချုပ်တယ် ကျနော်က တီဗီသတင်းတွေကြည့်တယ်။မနက်ကြတော့ ခါတိုင်းထက်စောပြီးထ ဖင်ထိုင်ပြား ကူရှင်နဲ့ကူရှင်ဖုံး ပိတ်စတွေကို စတာပလာတချောင်းနဲ့ တွဲတယ်။ ခနနေတော့ ဒီနားကနေ ကိုင်ထားပေးဆိုပြီး ကူရှင်ဖင်ထိုင်ပြားနဲ့ ကုလားထိုင်ကို မူလီပြန်စုပ်တယ်။ ၂ လုံးစလုံး ပြီးလည်း ပြီးရော ဟိုးတလောက တောဈေးကဝယ်လာတဲ့ ရှေးလက်ရာဗီဒိုလေးရဲ့ ဘေးတဘက်စီမှာ တလုံးစီချပြီး ရှေ့တိုးကြည့်လိုက် နောက်ဆုတ်ကြည့်လိုက်လုပ်ရင်း “ဟိုအိမ်သားတွေကို ခုနေ ခေါ်ပြရင် သူတို့ကုလားထိုင်မှန်းတောင် မှတ်မိပါတော့မသိဘူး ဟီးဟီး”တဲ့။
အောက်တိုဘာ ၁၅၊ ၂ဝ၁၅
(မအလကို မပြောင်နဲ့)
ကဲ ခုကစပြီး ဖေ့စ်ဘွတ်ခ်ကနေ လူကြီးတွေကို လှောင်သလိုပြောင်သလို သရော်သလိုငေါ်သလိုလို နောက်သလိုရွှတ်သလိုမလုပ်ကြနဲ့။ အဖမ်းခံရလိမ့်မယ်။ မင်းအောင်လှိုင်က စစ်သား။ စစ်သားဆိုတော့ ဘွင်းဘွင်းပြောမှကြိုက်တာ။ ဒီတော့ အတည်သာပြော။ ဆဲစရာရှိလည်း ဗြောင်ဆဲ။ ငိုးမသားတွေဘာတွေ မလုပ်နဲ့။ မင်းအောင်လှိုင်ကိုလည်း မအလ ဘာညာနဲ့ အတိုကောက်မနေနဲ့တော့။ မကောင်းဘူး ဟုတ်လည်းဟုတ်တယ် မခံနိုင်မယ်ဆိုလည်း မခံချင်စရာပဲ။ သူ့ဘာသူ အစိမ်းဖျော့လေးနဲ့ ဗိုက်စူစူလေးနဲ့ ပြုံးစစလေးနဲ့ ကနွဲ့ကလျလေးနေနေတာ ခင်ဗျားတိုအပူ ဘာပါလဲ။ အဲ့ဒါ လှောင်စရာလား။ ကာချုပ်မှာလည်း အသည်းနဲ့ပဲဟာ။ နေပေ့စေပေါ့။ မဘသတွေတောင် ဘာတခွန်းမှမပြောတဲ့ဟာ။ ဒါလည်း လူ့အခွင့်အရေးပဲလေ။ ဒီမှာဆို လိင်တူခြင်းလက်ထပ်ခွင့်တောင် ပေးထားပြီးပြီပဲ။ ခင်ဗျားတို့နဲ့တော့ ခက်တယ်။
အောက်တိုဘာ ၁၄၊ ၂ဝ၁၅

(၂ ခါပြန် မတရားသင်းဆို)
မင်းအောင်လှိုင်ပြောပြီးသားနော် အပစ်ရပ်ပြီးရင် သေနတ်ကိုင်လို့ရတော့ဘူးဆိုပြီး။ သူက ခတ်တည်တည်ပဲ။ ငါက စစ်သားဆိုတော့ စကားတည်တယ်။ ဟိုသိန်းစိန်တို့ တင်အေးတို့ ရွှေမန်းတို့လို ဖင်တခွန်းခေါင်းတခွန်းမပြောတတ်ဘူး။ မကိုင်နဲ့ဆို မကိုင်နဲ့ ဘူးဆိုဖရုံမသီးဘူး ဟင်ဆို ကရင်ထက်ဆိုးတယ်တို့ဆိုပြီးလုပ်မှာ။
ပြန်တွေးတော့လည်း ဟုတ်သား သူပြောတာ။ မပစ်တော့ပါဘူးခင်ဗျဆိုမှတော့ ဘာကိစ္စအလေးခံပြီး ကိုင်ထားစရာလိုလို့လဲ။ သေနတ်ဆိုတာ ပစ်မယ့်သူမရှိရင် ဒါမှမဟုတ် ကျည်ဆန်ရောလူရောရှိပါရက်နဲ့ မပစ်ရဘူးဆို တုတ်လောက်တောင် လူရိုက်လို့ မကောင်းဘူးမဟုတ်လား။ တုတ်ကမှ ရိုက်တုတ်ဆိုပြီး အသေအချသ အချိန်အဆကောင်းကောင်းနဲ့ရိုက်ရင် တချက်တည်းနဲ့ လူသေသေးတာ။
နံမည်နဲ့ စစ်ဘက်ရာထူးတွဲမသုံးရ၊ အလံမထူရတွေအပြင် ယူနီဖေါင်းတကားကားနဲ့ လမ်းမသလားရ၊ အဖွဲ့အစည်းအမည် မပြောင်းမပေးလို့မရတွေဘာတွေပါ လာတော့မယ်ထင်တယ်။
နောက်ဆုံးကျမှ တပ်ဖျက် လက်နက်အပ်၊ အရပ်သားလုပ်မယ့်ကောင်လုပ်၊ ပြည်သူ့စစ်လုပ်မယ့်ကောင်လုပ်၊ စီးပွားရေးလုပ်မယ့်ကောင်လုပ်၊ ဘာမှမလုပ်ပဲ စိတ်ဓာတ်ကျ ဘိန်းစားအရက်သမားလုပ်မယ့်ကောင်လုပ်၊ တောင်ယာပြန်လုပ် မိသားစုနဲ့ အေးဆေးနေမယ့်ကောင်နေ။
အေး အဲ့ဒါမျိုးတွေ တခုမှမလုပ်ပဲ ကလန်ကဆန်တော့ ပြန်မလုပ်နဲ့ ၂ ခါပြန် မတရားသင်းဆိုတာ အလံနီကွန်မြူနစ်ပါတီတခုတည်းမဟုတ်ဘူး ဖြစ်သွားမလား မှတ်ရတယ်။
အောက်တိုဘာ ၁၄၊ ၂ဝ၁၅

(ကိုယ့်ထမင်းကိုယ်ရှာစား)
ကျနော်ကတော့ ဘုန်းကြီးတွေကို မဲပေးခွင့်လောက်တင်ရစေ့ချင်တာမဟုတ်ပါဘူး။ ပါတီထောင်ခွင့်၊ အမတ်ရွေးခံခွင့်၊ သမ္မတလုပ်ခွင့်တွေအထိပါ ပေးချင်ပါတယ်။ သင်္ကန်းဝတ်နဲ့သမ္မတ ငါတို့ဆီက ပထမကွ ဆိုပြီးတောင် ဝါလိုက်ချင်သေးတာ။ တခုပဲ အဲ့ဒါတွေလုပ်ချင်ရင် အလုပ် လုပ်၊ အခွန်ဆောင်၊ ကိုယ့်ထမင်းကိုယ်ရှာစားပြီး သင်္ကန်းဝတ်နဲ့နေ။
အောက်တိုဘာ ၆၊ ၂ဝ၁၅

(အနမ်းတွင်တည်သောချစ်ခြင်း)
ဒေါ်စုကိုရည်ညွှန်းထိုးနှက်ချက်တခုသဘောနဲ့ အိုဘားမား ၂ ကြိမ်လာတော့ ၂ ခါ အနမ်းခံရတာပေါ့လို့ ကြံ့ဖွံ့ဗိုလ် ဌေးဦးက မဲဆွယ်ရာမှာပြောတယ်လို့ ဆိုတယ်။ အမေ့သားသမီးတွေ ဆတ်ဆတ်ခါ နာကြပြီး ကမူးရှူးထိုးတုန့်ပြန်ဆဲရေးကြတယ်။ ဘာလို့လဲ။
ချစ်ခင်ရင်းနှီးမှုကို ဖော်ထုတ်ပြသတဲ့အနေနဲ့ လူတယောက်က အခြားလူတယောက်ကို နမ်းတာမျိုး Hug လုပ်တာမျိုးဟာ မလိုလားဖွယ်အပြုအမူလို့ ရှက်ဖွယ်အလေ့လို့ စွဲမှတ်မှောက်မှားပြီး နစ်နာတယ်လို့မြင်တဲ့စိတ်အခံကနေ စမ်းပေါက်လာတဲ့ ရှေးရိုးဆန်မှုသက်သက်မျှသာပဲ။
ဟီရိသြတ္တပ္ဗဆိုတာ မကောင်းမှုလုပ်ရမှာကို ကြောက်ဖို့ရှက်ဖို့လို့ ဆိုတာပဲ။ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်လေးစားသမှုကို လက်အုပ်ပဲချီပြပြ၊ ခါးပဲ ကုန်းပြပြ၊ ခေါင်းပဲ ငုံ့ပြပြ၊ ဦးထုပ်ပဲ ချွတ်ပြပြ၊ နမ်းပဲပြပြ၊ ဖက်ပဲပြပြ ဒါဟာ မကောင်းမှုမှမဟုတ်ပဲ။
ကျနော်တို့ဆန့်ကျင်ရမယ့် ရှေးရိုးစွဲအမြင်တွေ၊ တိုက်ချွတ်ချေဖျက်ရမယ့် စံအလွဲတွေထဲမှာ အဲ့ဒါလည်းပါတယ်။
အောက်တိုဘာ ၆၊ ၂ဝ၁၅