အာဏာအကြောင်း(၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်)
ဇော်လတ်
အရေးတော်ပုံ ဂျာနယ်ဆောင်းပါး
အခြားသော အရာကိစ္စတွေကို လေ့လာသလိုပါပဲ၊ “အာဏာ” အကြောင်းလေ့လာတဲ့ အခါ
ဘက်နှစ်ဖက်ကနေ ဆက်စပ်ပြီး လေ့လာဖို့လိုပါတယ်။ ဘာနဲ့မှ မဆက်စပ်ဘဲ သီးခြား
လေ့လာနားလည်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ “အာဏာ” ဟာ သူနဲ့ဘယ်လိုမှ
ခွဲခြားလို့ လုံးဝမရတဲ့ အစိတ်အပိုင်း ၂ ခုနဲ့ စနစ်တကျ စုဖွဲ့ ထားတာ
တည်ဆောက်ထားတာ ဖြစ်ပါတယ်။
“အာဏာ” ရဲ့ ပုံပန်းသဏ္ဌာန်ကို အထင်အရှားဆုံးနဲ့ အကျယ်ပြန့်ဆုံး မြင်ရတဲ့
မျက်နှာစာဟာ နိုင်လိုမင်းထက်လုပ်မှုပဲ။ အတင်းအကျပ်လုပ်မှုပဲ၊
ခြိမ်းခြောက်အကျပ် ကိုင်မှုပဲ၊ ဖိနှိပ်မှုပဲ ဖြစ်တယ်။
ဒီနေရာမှာ
မေးရမယ့်မေးခွန်းကပေါ်လာပါတယ်။ ဘယ်လူတန်းစားအပေါ် ဘယ်လူ တန်းစားက
နိုင်လိုမင်းထက်လုပ်မှုလဲ၊ ဘယ်လူတန်းစားအပေါ် ဘယ်လူတန်းစားက အတင်းအကျပ်
လုပ်မှုလဲ၊ ဘယ်လူတန်းစားကအပေါ် ဘယ်လူတန်းစားက ခြိမ်းခြောက်
အကျပ်ကိုင်မှုလဲ၊ ဘယ်လူတန်းစားအပေါ် ဘယ်လူတန်းစားက ဖိနှိပ်မှုလဲ ဆိုတဲ့
မေးခွန်း တွေပဲဖြစ်တယ်။ ဒီမေးခွန်းတွေကို
ရှင်းလင်းကြည်လင်အောင်ဖြေရှင်းနိုင်တာနဲ့ “အာဏာ”ရဲ့ အသွင်သဏ္ဌာန်နဲ့
အနှစ်သာရကို ကျကျနနနားလည် သဘောပေါက်သွားမှာ ဖြစ်ပါ တယ်။
အာဏာရဲ့ အစိတ်အပိုင်း ၂ ခုအနက် တခုက အမာထည်ဖြစ် တဲ့
တရားဥပဒေနဲ့တရားရုံး၊ ပုလိပ်နဲ့ အကျဉ်းထောင်၊ ထောက်လှမ်းစစ်ကြောရေးနဲ့
စစ်တပ်တို့ပဲဖြစ်တယ်။ ဒါကို အပျော့ထည် ဖြစ်တဲ့ ပညာသင်ကြားရေး၊ သတင်းစာ၊
ရေဒီယို၊ ရုပ်သံ၊ စာအုပ်စာပေထုတ်ဝေရေး စတဲ့ ပြည်သူလူထုရဲ့အတွေးအခေါ်နဲ့
သိမြင်မှုကို အမှောင်ချ ကမောက်ကမဖြစ်စေတဲ့
ဝါဒဖြန့်ချိရေးယန္တရားမျိုးစုံနဲ့ အပြန်ပြန်အလှန်လှန်တွဲဖက်ထားတာပဲဖြစ်တယ်။
ဒါဟာ အာဏာကို ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ အမာထည်နဲ့ အပျော့ထည်ပဲဖြစ်တယ်။
ဥပမာအားဖြင့် ဓား နဲ့ သံလျက်၊ လေးနဲ့မြား၊ သေနတ်နဲ့တင့်ကားတို့ဟာ အာဏာကို
ဖော်ပြနိုင်တဲ့ အမှတ်အသားတွေ ဟုတ်ပေမယ့် သူတို့ချည်းသက်သက်တော့ ဘာမှ
အစွမ်းအစ မပြသနိုင်ပါဘူး။ သူတို့ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တဲ့
စနစ်တကျ စုဖွဲ့ ထားတဲ့ (တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ၊
ဝါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ တပ်မတော် စသဖြင့်) ရှိရလိမ့်မယ်။
အဲဒီမှာ သော့ချက်အကျဆုံးတဲ့အချက်ကတော့ အဲဒီလို ကျွမ်းကျင်စွာ
စုဖွဲ့ထားတဲ့ အင်အားစုတွေကို ဘယ်သူက၊ ဘယ် လူတန်းစားက
ချုပ်ကိုင်အမိန့်ပေးစေခိုင်းနိုင် သလဲဆိုတဲ့အချက်ပါပဲ။ အဲဒီလို အမိန့်ပေး
စေခိုင်းနိုင်သူဟာ အာဏာပိုင်ပဲ၊ အာဏာကိုင်ပဲ၊ အာဏာရှင်ပဲ။ အာဏာဟာ
သူ့လက်ထဲမှာရှိတယ်လို့ တထစ်ချ ပြောနိုင်တယ်။
ဗမာပြည်လက်တွေ့အရ ပြောရရင် ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ် စက်တင်္ဘာလ ၁၈ အထိ
ဗိုလ်နေဝင်းလက်ထဲမှာ အဲဒီလို အာဏာရှိနေတာဖြစ်တယ်။
တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းကနေ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံ
အာဏာ လွှဲပြောင်း ပေး တော့လည်း အေးအေးဆေးဆေးပဲ။ ဗိုလ်နေဝင်းခန့်တဲ့
သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ ကာချုပ်တွေဆိုတာ ဗိုလ်နေဝင်းက
သေဆိုသေ ရှင်ဆိုရှင် မီးကိုသေနေတာပါပဲ။
နောက်ဆုံးမှာ ၁၉၈၈
ဒီမိုကရေစီအရေးတော်ပုံကြီးအရှိန်အဝါကြောင့် နိုင်ငံရေးဇာတ်ခုံ ကပေါ်ကနေ
ဗိုလ်နေဝင်းနဲ့ (မဆလ) စစ်အုပ်စု ဆင်းသွားရတဲ့အခါမှာတောင် “ဗိုလ်စောမောင်
မင်းတို့တပ်က အာဏာသိမ်းကြ၊ မောင်မောင် မင်းက ဥပဒေကြောင်းနဲ့ ညီညွတ်အောင်
လုပ်ရမယ့်
လုပ်ငန်းတွေကို ရှင်းပြပြီး စနစ်တကျဖြစ်အောင်၊ ဥပဒေနဲ့
ညီညွတ်အောင် လုပ်ပေးလိုက်ပါ” ဆိုတဲ့စကားကို ပြောနိုင်တာဖြစ်တယ်။ ဒီစကားက
အာဏာဟာ ဘယ်သူ့လက်ထဲမှာ ရှိတယ်။ စစ်တပ်ဟာ ဘယ်သူ့ခါးပိုက် ထဲမှာရှိနေ တယ်
ဆိုတာကို အထင်အရှားမြင်ရတဲ့ စကားဖြစ်တယ်။ [ ဒီအကြောင်း အကျယ်သိချင်ရင်တော့
ဗိုလ်ခင်ညွန့်ရဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” စာအုပ် ကို
ဖတ်ကြည့်ကြပါ။ စကားချပ်]
တနည်းအားဖြင့် ဒီပြောစကားက စစ်အုပ်စုထိပ်သီးဖြစ်တဲ့ ဗိုလ်နေဝင်းလက်ထဲမှာ
အကြွင်းမဲ့အာဏာရှိနေတာကို ဖော်ပြတဲ့စကားဖြစ်တယ်။ အခုအချိန်မှာတော့
ဗိုလ်နေဝင်း လက် ထဲက အဲဒီအာဏာဟာ ဗိုလ်သန်းရွှေကတဆင့်
ဗိုလ်မင်းအောင်လှိုင်ကို ရှေ့ထွက် အဖြစ်ထားတဲ့ စစ်အုပ်စု
လက်ထဲမှာ
ရောက်နေပြီဖြစ်တယ်။ အပျော့အထည်အပိုင်း အရဆိုရင် ၂၀၀၈ အခြေခံဥပဒေနဲ့
ဖော်ပြပြီး၊ အမာထည်ပိုင်းမှာတော့ စစ်အုပ်စုက ခါးပိုက်ဆောင်လုပ်ထားတဲ့
စစ်တပ်ကြီးကို ချုပ်ကိုင်ထားနိုင်မှုနဲ့ ဖော်ပြနေပါတယ်။
ဒါကြောင့် လူတစု လူတန်းစားတရပ်က အာဏာကို စနစ်ကျန ပိုင်နိုင်စွာ
ချုပ်ကိုင် ထားပြီး အများတကာ့အများစုကြီးဖြစ်တဲ့ ပြည်သူတွေကို
ခေါင်းမထူနိုင်အောင် ဖိနှိပ်ထားတာဖြစ်တယ်။ ကြာရှည်ကြာများ
ဖိနှိပ်ထားနိုင်တာလည်း ဖြစ်တယ်။ တော်လှန်မှု ဆိုတာ အဲဒီလို
ဖိနှိပ်ထားမှုတွေကို တော်လှန်အန်တုရတာဖြစ်တယ်။ အဲဒီအနေအထားမှာ အာဏာရဲ့
ပိုင်ဆိုင်မှုနဲ့အနှစ်သာရ လက္ခဏာဟာ စစ်အုပ်စု၊ စစ်ဗျူရိုကရက် လူတန်း
စားရဲ့ပိုင်ဆိုင်မှုလက္ခဏာဆောင်ပြီး၊ စစ်အုပ်စု၊စစ်ဗျူရိုကရက်လူတန်းစားရဲ့
အကျိုးစီးပွား ကို ထိန်းသိမ်း
ကာကွယ်တိုးချဲ့စေဖို့ဆိုတဲ့အနှစ်သာရဆောင်မြဲဆောင်ပါတယ်။
ဒါကြောင့်
အဲဒီလိုအချိန်အခါမှာ အာဏာရဲ့ သွင်ပြင်ဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုက
ရေစီလူတန်းစားအကျိုးစီးပွားဘက်ကို အစဉ် မျက်နှာမူထားပြီး
အများတကာ့အများစုဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွားကို
ထာဝစဉ် ကျောခိုင်း လျစ်လျူရှုထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကြောင့်ပဲ
ပြည်သူတွေဟာ အာဏာရဲ့ ဖိနှိပ်ရက်စက်မှု ဆိုတဲ့မျက်နှာကို
အစဉ်အမြဲမြင်တွေ့နေရပြီး အာဏာဟာ တစ္ဆေသရဲ တကောင်ပမာ ရွံမုန်းစရာ
ထိတ်လန့်စရာဖြစ်စေပါတယ်။ ဒီလိုမြင်နေအောင်လည်း ဝါဒဖြန့်ချိရေး ယန္တရား
မျိုးစုံက အဆက်မပြတ် အမှောင်တိုက်ပါတယ်။
တော်လှန်တဲ့ အတွေးအခေါ်၊
အမြင်သဘောထား၊ အမှုအကျင့်မှန်သမျှကို ရိုက်ချိုး ချေဖျက်ပစ်ပါတယ်။ ကဗျာ၊
စာပေ၊ သီချင်း၊ ပြဇာတ်၊ ရုပ်ရှင် စတဲ့ ယဉ်ကျေးမှု အနုပညာနယ်ပယ်တွေမှာ
တော်လှန်တဲ့အငွေ့အသက်တွေ ပါမလာအောင်၊ ဖော်ပြ လို့မရအောင် ဆင်ဆာ
အမျိုးမျိုးနဲ့ ကန့်သတ် တားမြစ်ချုပ်ချယ်ပါတယ်။
အာဏာဟာ ဘုန်းကံရှိသူတွေနဲ့သာ သက်ဆိုင်လေဟန်၊ အာဏာဟာ လူကိုပျက်စီးစေ
တတ်ကြောင်း၊ အကြွင်းမဲ့အဏာဟာ လူကို အကြွင်းမဲ့ပျက်စီးစေတတ်ကြောင်း
အညွန့်တုံး အတွေးအခေါ်မျိုးတွေကို ပြည်သူတွေရဲ့ နားတွေ မျက်စိတွေ
အသိအမြင်တွေထဲကို ရိုက်သွင်းပါတယ်။ ဒီတာဝန်ကိုတော့ အာဏာရဲ့
အပျော့ထည်ပိုင်းက အဆက်မပြတ် လုပ်ဆောင်ပါတယ်။
ဒီလိုနည်းပေါင်းစုံနဲ့ သူတို့ လူတန်းစားနဲ့ လူတန်းစားအကျိုးစီးပွားကို တည်မြဲ ရှည်ကြာနေအောင် ထိန်းသိမ်းကာကွယ် ထားတာပါ။
ကျွန်တော်တို့ဟာ အုပ်စိုးသူလူတန်းစားလက်ထဲက အာဏာကို တော်လှန်ရေးနည်းနဲ့ လုယူပြီး အာဏာရဲ့ပိုင်ဆိုင်မှုနဲ့ အနှစ်သာရလက္ခဏာကို
ပြောင်းပြန် ပြောင်းလဲပစ် ဖို့ဖြစ်ပါတယ်။ မိမိတို့လက်ထဲကို ရောက်ရှိလာတဲ့ အာဏာရဲ့ ပိုင်ဆိုင်မှုနဲ့ အနှစ်သာရလက္ခဏာဟာ ပြည်သူတွေရဲ့
ဘက်ပေါင်းစုံ အကျိုးစီးပွားရပ်ခံ ကာကွယ်တိုးချဲ့ ထားရေး ဆိုတဲ့
အခြေခံပေါ်ကနေ ဖိနှိပ်အုပ်စိုးသူဟောင်းတွေနဲ့ ထိပါးသွေးတိုး
စမ်းလာသူမှန်သမျှကို မသက်ညှာစတမ်း ဖိနှိပ်ရမှာဖြစ်ပါတယ်။
ဒါဟာအာဏာဟောင်းနဲ့ အာဏာသစ်ရဲ့ အရင်းခံလက္ခဏာနဲ့
အနှစ်သာရလက္ခဏာကွာခြားချက်ဖြစ်ပါတယ်။ အာဏာ ဟောင်းဟာ
စစ်ဗျူရိုကရက်လူတန်းစားကို အစဉ်မျက်နှာမူတယ်။ အာဏာသစ်က
ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေဘက်ကို ထာဝစဉ်မျက်နှာမူတယ်။
စစ်ဗျူရိုကရက် လူတန်းစားရဲ့ အဖျက်အမှောင့် လုပ်ရပ်မှန်သမျှကို
ပြတ်ပြတ်သားသား နှိမ်နင်းပစ်ရမယ်။ ပစ္စည်းမဲ့လူတန်းစားနဲ့
အဖိနှိပ်ခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တီထွင်ဖန်တီးမှုထုတ်လုပ်မှု
မှန်သမျှကို ပြတ်ပြတ်သားသား အားပေးကူညီ ကာကွယ် သွားမယ်ဆိုတာပါပဲ။
ဒီအခါမှာ အာဏာဟာ စကားလုံးအရတူပေမယ့် အနှစ်သာရနဲ့ လက္ခဏာအရ အခြား
နားကြီးခြားနားသွားပြီ ဖြစ်တယ်။ ဒါကြောင့် ဒီအာဏာကို “ပြည်သူ့အာဏာ”လို့
ထိုက်တန်စွာ မှန်ကန်စွာခေါ်ဆိုရမှာဖြစ်တယ်။
ဇာဘုရင်ခေတ်ရုရှ၊
ပဒေသရာဇ်အမှောင်တိုက်ထဲက ရုရှကို
ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးဖြစ်လာအောင်၊ ကိုလိုနီတပိုင်း
ပဒေသရာဇ်တပိုင်း တရုတ်ပြည်လူမမာကို ယနေ့တရုတ်ပြည်ဖြစ်လာအောင်
စွမ်းဆောင်ခဲ့တာဟာ အဲဒီလို အာဏာမျိုးဖြစ်ပါတယ်။ ဒါကြောင့် အာဏာဟာ
ပြည်သူတွေရဲ့လက်ထဲမှာ ရှိနေရင် နှစ်လိုဖွယ် လက္ခဏာဆောင်ပြီး၊ ပဒေသရာဇ်၊
စစ်ဘုရင်တွေ၊ စစ်အုပ်စုတွေ၊ ဓနရှင် လူတန်းစားတွေရဲ့လက်ထဲမှာဆိုရင်တော့
စက်ဆုပ်ဖွယ်လက္ခဏာဆောင်မြဲဆောင်ပါတယ်။ သဘောကတော့ တိုင်းချစ်ပြည်ချစ်
ခုခံရေး သမားတစ်ယောက်ရဲ့လက်ထဲက ဓား လှံ သေနတ်ဟာ
တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ဖို့ ဖြစ်ပြီး၊
ပဒေသရာဇ်တွေ၊ စစ်ဘုရင်တွေ၊ စစ်အုပ်စုတွေ ဓနရှင်လူတန်းစားတွေ
ချုပ်ကိုင်ထားတဲ့ သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ဒုံးပျံတွေ၊ တင့်ကားတွေ၊
စစ်တပ်တွေ ကတော့ ပြည်သူတွေရဲ့ ဖိနှိပ်
အုံကြွတော်လှန်မှုတွေကို ပစ်ခတ်နှိမ်နင်းဖို့ ဗိုလ်ကျ ကျူးကျော်စော်ကား ဖို့ သာဖြစ်ပါတယ်။
ဒါကြောင့် အာဏာကို ကြည့်တဲ့အခါမှာ ဘယ်လူတန်းစားလက်ထဲက အာဏာ လဲ၊
ဘယ်လူတန်းစားအကျိုးကို အစဉ် ထိန်းသိမ်းကာကွယ်ပေးနေတဲ့ အာဏာလဲ
ဆိုတဲ့အချက်ကို ရှင်းလင်း ပြတ်သား ကြည်လင်စွာ
ကြည့်တတ် မြင်တတ်ဖို့ဟာ ပထမဆုံးနဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒါဟာ အာဏာနဲ့ ပတ်သက်တဲ့ ဘက်နှစ်ဖက်ကနေ နားလည်ချက် အကျဉ်းပဲဖြစ်ပါတယ်။