အကြမ်းဖက်သမားနဲ့အကြမ်းမဖက်ရေးသမား ဘယ်လိုများ ရင်ကြားစေ့ကြသလဲ 
 နီအောင်ဝေ
 ဂျပန် စီးပွားရေးဂျာနယ် နီကေးအေးရှား ရီဗျူးနဲ့ဒေါ်စုရဲ့အင်တာဗျူးကို 
ဖတ်ရပါတယ်။ အင်တာဗျူး တဝက်လောက်က တရုတ်အပေါ် သဘောထားကို 
ဖြေရှင်းချက်ပေးတာနဲ့ ဂျပန်အတွက် စီးပွားရေး အခွင့်အလမ်း ဘာတွေရှိမလဲ 
စကားခေါ်ပြီး အနောက်အုပ်စုကို တီးခေါက်တာပါ။ 
 ဗမာ့နိုင်ငံရေးနဲ့ဆိုင်တဲ့ အပိုင်းမှာတော့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ 
အကျပ်အတည်းတွေ ဖိအားတွေ အောက်မှာ ကိုင်စွဲလက်စ ရင်ကြားစေ့ပေါ်လစီရဲ့ 
ကျဆုံးခန်းကို ခေါင်းမာမာနဲ့ခုခံကာကွယ် နေတာတွေ့ရပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့နည်းနည်းလေးဖြစ်ဖြစ် 
တိုးတက်မှုရှိတယ်လို့ပြောတာက ခါတိုင်း ပြောဆိုနေကျ လစ်ဘရယ်အကောင်းမျှော် 
နိုင်ငံရေးသမားတွေ ပြောပေါက်မျိုးပါပဲ။ အနှစ် ၇၀ ကျော်ပြဿနာကို 
သုံးနှစ်နဲ့မဖြေရှင်းနိုင်ဘူး။ ဒီမိုကရေစီဆိုတာ အာဏာရှင်စနစ်ထက် စာရင်တော့ 
နည်းနည်းပိုပြီး နှေးတယ်လေ ဆိုတာကတော့ လစ်ဘရယ်ရင်ကြားစေ့ ပေါ်လစီရဲ့ 
ကျဆုံးခန်းကို ဖာထေးဖို့ ဆင်ခြေပေးနေတာ ဖြစ်ပါတယ်။
ပြဿနာကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ 
ပြဿနာရဲ့ဇာစ်မြစ်ဖြစ်တဲ့ စစ်အုပ်စုကို ဘယ်လို  သဘောထားသလဲ  ဆိုတဲ့ 
ရပ်တည်ချက်ပေါ်မှာ မူတည်တယ်။
 ငြိမ်းချမ်းရေးဟာ လွယ်လွယ်နဲ့ မရနိုင်ဘူး၊ 
နိုင်ငံရေးနည်းနဲ့အပြောင်းအလဲကို ဖော်ဆောင်ချင်တယ်ဆိုရင် နဂိုကတည်းက 
လက်နက်မကိုင်သင့်ဘူး လို့ဆိုတဲ့ ဒေါ်စုဟာ သူရင်ကြားစေ့ဖို့ကြိုးစားနေတဲ့ 
အကြမ်းဖက်သမား စစ်အုပ်စုကိုတော့ တရားဝင် 
အကြမ်းဖက်ခွင့်ရှိတယ်လို့ယူဆထားသလား သို့မဟုတ် 
စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုတော့ တရားတယ်လို့ထင်သလား ကိုယ့်ကိုယ်ကိုယ် 
ပြန်မေးကြည့်သင့်ပါတယ်။
ဘဝရှိမှ အသိရှိတယ်။ တော်လှန်ရေးအသိကို အဖိနှိပ်ခံဘဝက ပြဋ္ဌာန်းတယ်။
 လက်နက်နဲ့ဗိုလ်ကျ အနိုင်ကျင့်ခံရတဲ့ဘဝ ရှိမှ လက်နက်ကိုင်ခုခံ 
ဆန့်ကျင်တော်လှန်တဲ့ ဘဝကို နားလည်နိုင်မယ်။ ကားတင်ခံရပြီး ရွှေပေါ်မြတင် 
နေရတဲ့ဘဝနဲ့တော်လှန်ရေးအင်အားစုတွေကို စော်ကားပြီး အဖိနှိပ်ခံ 
လူမျိုးပေါင်းစုံပြည်သူတွေရဲ့ဘဝနဲ့ကင်းကွာကာ စစ်အုပ်စုအလိုကျ 
အပြုတ်တိုက်ရေး လက်နက်ချရေးဘက်က ရပ်ခံနေရင် သမိုင်းမလှဘဲ ဖြစ်ပါလိမ့်မယ်။
အုပ်စိုးသူက အကြမ်းဖက်ရင် မှန်တယ်၊ အုပ်စိုးခံက အကြမ်းဖက် 
ခုခံတုံ့ပြန်ရင်မှားတယ်ဆိုတာ အုပ်စိုးသူ လူတန်းစားရဲ့အဘိဓမ္မာပါ။ 
စစ်အုပ်စုမင်းဆက် အဆက်ဆက်အောက် အကြမ်းဖက်သတ်ဖြတ် လုယက်ရမ်းကား 
ဖိနှိပ်တာတွေကို  ခံကြရကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကင်းမဲ့ခဲ့တဲ့ 
အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကို ဒူးထောက်အညံ့ခံခိုင်းနေတဲ့ 
အချောင်သမား အတွေးအခေါ်ပါ။
 ဒေါ်စုရဲ့ ဂျပန်ခရီးမှာပြောတဲ့ နောက်ထပ် သတင်းစကားကတော့ လာမယ့် ၂၀၂၀ 
ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်ကြောင်းပဲ 
ဖြစ်ပါတယ်။ ဒီစကားက လူထုကိုထက် စစ်အုပ်စုကိုပေးချင်တဲ့ သတင်းစကား 
ဖြစ်ပါလိမ့်မယ်။
ဗမာပြည်နိုင်ငံရေးမှာ သူတို့ရဲ့ နိုင်ငံရေးအခင်းအကျင်းက နောက်ပြန်လျှောနေပြီ။

 
 
 










0 comments:
Post a Comment