Wednesday, October 23, 2019

(သံဝေဂရဖို့မဟုတ်ပါ)

0 comments
(သံဝေဂရဖို့မဟုတ်ပါ)
ပြည်ပကနေဆန္ဒပြကြတယ်ဆိုတာက အစိုးရပြုတ်ကျဖို့တို့ အာဏာရှင်တွေ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးရဖို့စတာတွေအပေါ်မှာ တိုက်ရိုက်သက်ရောက်မှူရရေး မဟုတ်ပါ။ International Awareness နိုင်ငံတကာအလေးထား အာရုံစိုက်မှူရဖို့ဖြစ်ပါတယ်။ တပြိုင်တည်းမှာ Media Awareness လည်း ရပါတယ်။
ဆန္ဒပြကြတာမှာ ထောက်ခံနှစ်သက်လို့ပြတာနဲ့ ဆန့်ကျင်ကန့်ကွက်လို့ပြတာရှိပါတယ်။ တခါတလေမှာ အဲ့ဒီ ဆန့်ကျင်ဘက်အင်အားနှစ်ရပ်လုံးက အစိုးရတရပ်တည်းကို တပြိုင်တည်းပြကြရင်း ထိပ်တိုက်တိုးကြတာတွေလည်းရှိပါတယ်။
ဒါပေမယ့် ဆန္ဒကိုဘယ်လိုပြရမယ်လို့ ပုလိပ်ကိုင်ပြီး စည်းကမ်းထုတ်ထားတဲ့ပြည်တွေဆိုတော့ ပြည်ပတွေမှာ ဒီ နှစ်စုဟာ လက်ပါခြေပါတွေ တုတ်ဆွဲဓားဆွဲတွေလုပ်မရပါ။ သက်ဆိုင်ရာပြည်တွင်းတွေမှာတော့ လုပ်ကြပါတယ် ဖြစ်ကြပါတယ်။ ဥပမာ ထိုင်းက အဝါဝတ်နဲ့အနီဝတ်တွေလို။
နောက်တချက်က လူတယောက် ဒါမှမဟုတ် အစိုးရတဖွဲ့ဖွဲ့ဟာ တချိန်က သူ့ကိုထောက်ခံခဲ့သူတွေရဲ့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြန်အပြခံရတာတွေလည်းရှိပါတယ်။ ရှားပါတယ်။
တခါ တချိန်က သူ့ကို ဆန့်ကျင်ခဲ့တဲ့အင်အားစုတွေက နောက်တချိန်မှာ သူ့ကိုပြန်ပြီး ထောက်ခံဆန္ဒပြတာမျိုးကတော့ မရှိသလောက်လို့ပြောရမှာပါ။
သိန်းစိန် ဖိနပ်နဲ့အပေါက်ခံရဖူးပါတယ်။ ပေါက်ဖို့အားထုတ်ခဲ့သူတွေထဲကတယောက်က သိန်းစိန်တို့ကိုပြန်ပြီး “တောင်းပန်ဖို့ တောင်းပန်ပါတယ်“လို့ တောင်းပန်ခဲ့တာလည်းရှိပါတယ်။
ဒေါ်စုလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ ဆန္ဒပြပွဲတွေတခြိမ်းခြိမ်းဖြစ်ခဲ့ပါတယ်။ ပြည်တွင်း နော်အုန်းလှဦးစီးတဲ့ ဒေါ်စုလွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ရွှေတိဂုံတက်ဆုတောင်းပွဲလှူပ်ရှားမှူဟာ လူသိများပါတယ်။ ခု ဒေါ်စု အစိုးရက နော်အုန်းလှကိုဖမ်းပြီး ထောင်ပြန်ချပါတယ်။ ခု ဒေါ်စု ဂျပန်မှာ ဆန့်ကျင်ဆန္ဒ ပြန်အပြခံရပါတယ်။
နိုင်ငံရေးလောကဓံတို့ နိုင်ငံရေးသံဝေဂတို့ယူဖို့ မဟုတ်ပါ။ အာဏာသဘောစောကြောမိဖို့ပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၂၊ ၂ဝ၁၉

0 comments:

Post a Comment