Monday, October 14, 2019

(အလုပ် လုပ်သည့် တနင်္ဂနွေ)

0 comments
(အလုပ် လုပ်သည့် တနင်္ဂနွေ)
ဒီနေ့ ဇနီးသည်က သူအချိန်ပိုင်း အလုပ်လုပ်နေသည့်နေရာတွင် Cider Press ပန်းသီးနယ်စရာရှိသည် လိုက်မလားမေးတော့ ကောင်းသားပဲဟု ပြန်ဖြေရင်း ဂျပန်မုန်တိုင်းသတင်းတွေ လိုက်ရှာဖတ်နေမိပါသည်။ Cider သို့မဟုတ် Apple Cider ဆိုသည်မှာ ပန်းသီးအမှည့်များကို အစိမ်းလိုက်အတိုင်းကြိတ်ချပြီး ထွက်လာသည့်ပန်းသီးအရည်ဖြစ်ပါသည်။ ပန်းသီးတလုံးကြိတ်လျှင် အရည် တကျိုက်စာမရှိတတ်ရပြီး ပန်းသီး လေးငါးခြောက်လုံးလောက်ကြိတ်မှ အရည် တဖန်ခွက်စာလောက်ရပါသည်။ ထို့ကြောင့် Cider အစစ်မှာ ဈေးကြီးပြီး တဖန်ခွက်စာလောက်ကို ပျမ်းမျှ ၂ ဒေါ်လာလောက်ရှိပါသည်။ တကယ့် Cider ရည်ထဲ သကြားနှင့်အတူ စား၍ရသည့်ဓာတုအနံ့အရသာရောနှောကာ ဂါလန် သိန်းသန်းချီရောင်းချနေသည့် Apple Cider များကို စတိုးဆိုင်ကြီးများတွင် အချိန်မရွေးဝယ်ယူရနိုင်သလို တဂါလန်ပုံးတပုံးမှ လေးငါဒေါ်လာလောက် ပေးရပါသည်။ တကယ့် Cider အစစ်ကို လက်လှမ်းမမီသူတို့ သိသိနှင့် အာလျပြေသောက်ကြရပါသည်။
Apple Cider ကို တဆေး Yeast ဖြင့် ကဇော်ဖေါက် Fermentation ပြီး ကဇော်ရည် အကြည်ခံကာသောက်လျှင် ရီရီဝေဝေ နေပါသည်။ များများသောက်လျှင် အရက်နည်းတူ မူးပါသည်။ ခေါင်ရည်လိုလို စိမ်ရည်လိုလိုဖြစ်ပါသည်။ သူ့တွင် အရက်ဓာတ်ပါဝင်မှူနှူန်းမှာ ၉ ရာခိုင်နှူန်းမှ ၁၃ ရာခိုင်နှူန်းလောက်အထိ အပြင်းအပျော့ ခြားနားတတ်ပါသည်။ ထိုရောအခါ ထို Cider ကို Hard Cider ဟုခေါ်ပါသည်။ အရသာမှာ ခတ်ချဉ်ချဉ်နှင့် ပန်းသီးနံ့မွှေးနေပါသည်။ ပန်းချီကျော် ဂေါ်ဂင်တို့သောက်ခဲ့သည့် အရက်ချဉ်ဆိုသည်မှာ ဒါများလားဟု တခါတခါတွေးမိပါသည်။ တချို့ကတော့ ပန်းသီးနံ့ထက် မိမိနှစ်သက်ရာ အနံ့ Flavor တခုခုထည့်၍ သောက်တတ်ကြပါသည်။ အမြည်းမလိုသော်လည်း Beef Jerky ခေါ်သည့် အမဲကျပ်တင်နှင့် လိုက်ဖက်ပါသည်။
ထို Hard Cider ကို ပေါင်းခံ Distill လျှင် အရက်ဖြစ်သွားပါသည်။ ပန်းသီးအရက်ဟုခေါ်ရမည်ထင်ပါသည်။ လူသောက်၍ရသည့် အရက်ဓာတ်ကို စနစ်တကျခွဲထုတ်လိုက်လျှင် သောက်ရန်အသင့်ဖြစ်နေမည့် သုရာဖြစ်ပါတော့သည်။ အရက်တွင်လည်း ဦးရည် အလယ်ရည် လက်ဖျားရည်များရှိပါသည်။ ပေါင်းအိုးပြွန်မှ အဦးဆုံးထွက်ကျလာသည့် ဦးရည်မှာအရက်ပါဝင်မှူနှူန်းအများဆုံးမို့ အပြင်းဆုံးဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ ထိုအရည် ၃ မျိုးကို သမအောင်မျှကာ လူ သောက်သာအောင် စပ်ဟပ်ပြီး ဝက်သစ်ချသားစည်ကြီးများတွင် ထည့်ကာ နှပ်ရပါသည်။ ထိုစည်ကြီးများမှာ အတွင်းတွင် မီးတိုက်ထားသဖြင့် မီးကျွမ်းကာ မဲနက်နေပါသည်။ စည်သက်တမ်းရင့်လေလေ အရက်နှပ်သားကောင်းလေလေဖြစ်ပြီး အရက်နှပ်ချိန်ကြာလေလေ အရက်သား အိလေလေညက်လေလေ အဝင်ကောင်းလေလေဖြစ်ပါသည်။ ထို့ကြောင့် တံဆိပ်တခုတည်း ကုမ္ပဏီတခုတည်းက ထုတ်တာချင်းတူလျှင်တောင် အရက်သက် ဘယ်လောက်ကြာကိုကြည့်ကာ စျေးကွာသွားပါသည်။ တချို့ အရက်ချက်စက်ရုံကြီးများမှ နှစ်ချို့အရက်နှပ်စည်ကြီးများမှာ ကိုင်လို့ရွှေ့လို့ပင်မရတော့အောင် ဆွေးမြေ့နေပါသည်။ နေရာရွှေ့ရန် မ လိုက်သည်နှင့် တစစီကြေမွသွားမည့် အနေအထား ဖြစ်နေပါသည်။ သို့သော် နေရာမရွှေ့ပဲ စည်ကို စိုးစဉ်းမျှမလှုပ်စေရပဲ အရက်ထည့်နှပ်လို့တော့ရနေပါသည်။ ထိုစည်ကြီးများနှင့်နှပ်၍ ထွက်လာသည့်အရက်မှာ တန်ဘိုးအလွန်ကြီးပါသည်။ ကျနော် ကင်န်တပ်ကီပြည်နယ်ကို စတုတ္ထအကြိမ်ရောက်ချိန်က ကမ္ဘာကျော် ဘာဘွန်းဝီစကီချက်ရုံကြီးကို ၄ နာရီလောက်ကြာအောင်လျှောက်ကြည့်တော့ မြေအောက် အရက်နှပ်ခန်းကြီးများတွင် မထိမိမကိုင်မိစေရန် တင်းတင်းကျပ်ကျပ်တားမြစ်စာများကပ်ထားသော ထို စည်အိုစည်ဆွေးကြီးများကို တွေ့ရပါသည်။
ဇနီးသည်က တပတ်လျှင် ၁ဝ နာရီလောက် Hard Cider ထုတ်သည့်နေရာတွင်အလုပ်လုပ်ပါသည်။ Hard Cider လုပ်ရန် ပန်းသီးများကို အရည်ကြိတ်ရပါသည်။ ကြိတ်ရကို လုပ်ငန်းသုံးစကားတွင် ညှစ် Press ဟုသုံးပါသည်။ ထို့ကြောင့် Cider Press လုပ်သည်ကို ပန်းသီးရည်ညှစ်သည် သို့မဟုတ် ပန်းသီးနယ်သည်ဟု သုံးရမည်ဖြစ်ပါသည်။ ရှေးစာဟောင်းနှင့် ခရစ်ယာန်ကျမ်းများတွင်ပါသည့် စပျစ်နယ်သည်ဆိုသည်မှာလည်း စပျစ်သီးတွေကို အင်တုံအကြီးစားကြီးထဲထည့်ပြီး သန့်ရှင်းစင်ကြယ်အောင်ဆေးထားသည့် ခြေထောက်များနှင့် နင်းခြေခြင်းဖြစ်ပါသည်။ ထိုသို့ နယ်ပြီးသား ပန်းသီးများ သို့မဟုတ် စပျစ်သီးများကို တဆေးနှင့်ရောကာ ကဇော်ဖေါက်ပါသည်။ ပြီးနောက် ဝိုင် ဗျစ်ရည် အရက်စသည်များ ထုတ်ယူရပါသည်။
ဒီနေ့သည် တနင်္ဂနွေဖြစ်ပြီး ဖန်ဆင်းရှင်ဆိုသော God ပင်လျှင် ဘာမှမလုပ်ပဲ အနားယူသည့် The God day off ဖြစ်ပါသည်။ ကျနော့်ဇနီးမှာ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်လင့်ကစား တနေ့လုပ် တနေ့စားမဟုတ်သည့်တိုင် အလုပ်တော့လုပ်ရပါသည်။ ဘာသာရေးဆရာများက တနင်္ဂနွေနေ့တွင် အလုပ်မလုပ်ရန်ပြောသည်မှာ သူတို့သည် စားရန်အလုံအလောက်ရှိနေသည့် တနေ့လုပ်တနေ့စားများ မဟုတ်သောကြောင့်ဟု ထင်ပါသည်။ ဘုရားသခင်လည်း ထို့နေ့အလုပ်မလုပ်သည်မှာ ပထမ ခြောက်ရက်လုံး ဖန်ဆင်းစရာမှန်သမျှဖန်ဆင်းပြီး ခြေကုန်လက်ပမ်းကျသွားခြင်းကြောင့် ဖြစ်မည်လား မပြောတတ်ပါ။ တချို့ကတော့ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် ပြီးပြည့်စုံသောအရာများကိုကြည့်ကာ ပီတိအဟုန်ဖြင့်ကြည်နူးလိုသောကြောင့်ဟု ပြောပါသည်။ သူတို့ အဘယ့်ကြောင့် ထိုသို့ပြောနိုင်သည်ကို ကျနော်မသိသော်လည်း ခရစ်ယာန်ဘာသာမကိုးကွယ်သည့် နိုင်ငံများမှာပင်လျှင် တနင်္ဂနွေသည် အများပြည်သူ အားလပ်ရက်ဖြစ်နေတာတော့ သေချာပါသည်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၃၊ ၂ဝ၁၉။

0 comments:

Post a Comment