Tuesday, October 15, 2019

(ကြေးတန်းတိုက်သူများ)

0 comments
(ကြေးတန်းတိုက်သူများ)
လက်ရှိကာချုပ်ရာထူးကိုင်ထားတဲ့ တပ်ချုပ်လေးမင်းအောင်လှိူင်က ၂ဝဝ၈ ဖွဲ့စည်းပုံအရ အပ်နှင်းထားတာမဟုတ်လို့ တရားမဝင်ဘူးလို့ပြောတယ်။ ဟုတ်မှာပါ။ ကာချုပ်ရာထူးကို ကာ/လုံထောက်ခံချက်နဲ့ သမတက အတည်ပြုပေးရမယ်ဆိုထားတယ်။ ဗိုလ်သိန်းစိန်နောက် တက်လာတဲ့ သမတ ၂ ယောက်(ဦးထင်ကျော်နဲ့ဦးဝင်းမြင့်) လက်ထက်မှာ ကာ/လုံခေါ်ခဲ့တာလည်းမရှိ ကာချုပ်ရာထူးတာဝန် အပ်နှင်းတာလည်းမရှိတော့ သူ့ဖွဲ့စည်းပုံအရကို တရားဝင်မဟုတ်ဆိုတဲ့အနက် သက်ရောက်ပါတယ်။
အလားတူပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအရ အပ်နှင်းထားတာမဟုတ်လို့၊ဖွဲ့စည်းပုံထဲက နိုင်ငံတော်အင်္ဂါစဉ်မှာမပါလို့ တရားမဝင်ဘူးလို့ ထောက်ပြသူထောက်ပြပါတယ်။ ပိုဆိုးတာက ဒီ နိုင်ငံတော်၏အတိုင်ပင်ခံရာထူးက လူတယောက်တည်းအတွက် တီထွင်ထားတာဖြစ်ရုံမက အချိန်အကန့်အသတ်ကို အစိုးရသက်တမ်းဆိုတဲ့သဘောနဲ့ပါ ကန့်သတ်ထားတာဖြစ်နေပြန်တယ်။ နိုင်ငံတော်အဆင့်လူပုဂ္ဂိုလ်များစဉ်ရာမှာ နံပတ် ၂ ဆိုပေမယ့် ဗိုလ်ရှူသဘင်တက်တဲ့အခါ နံပတ် ၈ ဖြစ်တဲ့ ကာချုပ်ရဲ့အလေးပြုခံနေရာမှာ မရှိပြန်ဘူး။
ဆိုတော့ ဘက်အသီးက ထောက်ပြပြောဆိုနေကြတာတွေက ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး ပြောနေကြတာမို့လို့ အဲ့ဒီဖွဲ့စည်းပုံကို အသိအမှတ်ပြု လက်ခံရုံတင်မက လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ်လို တိုင်းသိပြည်သိ လူသိရှင်ကြား တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုထားသူတွေဖြစ်နေတယ်။ အပြန်အလှန်ဖြစ်နေကြ လက်ညှိုးထိုးနေကြတဲ့သဘောက ဘယ်သူက ဖွဲ့စည်းပုံကို ပိုနာခံ ပိုသစ္စာစောင့်သိပြိုင်ပွဲဝင်နေကြတာ ဖြစ်နေတယ်။ ဖွဲ့စည်းပုံ ဘောင်ထဲကနေ အရည်မရအဖတ်မရ အငြင်းပြိုင်ပွဲလိုဖြစ်နေတယ်။ ကြေးတန်း တိုက်နေကြတာပါ။
တကယ့်တကယ်မှာ အဲ့ဒီ ဖွဲ့စည်းပုံဟာ ရေးဆွဲခွင့်မရှိသူတွေရေးဆွဲပြီး မတရား မမှန်ကန်တဲ့နည်းနဲ့ အတည်ပြုပြဌာန်းခဲ့တယ်ဆိုတာကို ပြောရမှာဖြစ်ပါတယ်။ ခက်တာက လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ့်ပြောထားတော့ နိုင်ငံရေးအရ ချည်မန်းကွင်းစွပ်မိရုံကမ နဖါးကြိုးပါအထိုးခံထားရသလိုဖြစ်နေကြတာပါပဲ။
ဒီမိုရေစီဘက်သားတွေအနေနဲ့ တကယ့်တကယ်ပြောရမှာက ၂ဝဝဖွဲ့စည်းပုံကိုယ်တိုင်က တရားမဝင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ ရှိရမယ့်ဂုဏ်အင်္ဂါနဲမပြည့်စုံလို့ တရားမဝင်ဘူးလို့ဖြစ်ရမှာပါ။
ခုက လက်ခံစောင့်သိပြီးသားဖြစ်နေတော့ “ပြင်မယ်“ပဲပြောရတော့မယ့် အခြေဆိုက်နေတာပါ။ ပြင်တာတောင်မှ လူထုနည်း (လွှတ်တော်တွင်း လွှတ်တော်ပ ပူးပေါင်းနည်း) နဲ့မဟုတ်ပဲ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကခွင့်ပြူုထားသောဥပဒေများနှင့်အညီ လွှတ်တော်တွင်းကနေပဲပြင်ပါ့မယ်၊ ဘောင်မကျော်စေရပါဘူးလို့ အာမဘန္တေခံရတဲ့ဘဝ ရောက်သွားတာပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment