Wednesday, October 23, 2019

(မိကျောင်းမျက်ရည်တောင် အတု)

0 comments
(မိကျောင်းမျက်ရည်တောင် အတု)
Senate Majority Leader Mitch McConnell ဟာ ကျနော်တို့ ဒီမိုကရေစီရေးအတွက် အတော့်ကို အလေးထား အားပေးကူညီခဲ့သူပါ။ စစ်အုပ်စုကိုပစ်မှတ်ထားပိတ်ဆို့မှူတွေလုပ်ဖို့ ဆော်လည်းဆော်သြ အထက်လွှတ်တော်မှာအဆိုတင်တာ ဥပဒေပြဌာန်းဖို့တွေလည်းလုပ်ခဲ့သူပါ။ ဆိုရှယ်လစ်တံဆိပ်ကပ်ပြီးတက်လာတဲ့ နေဝင်းစစ်အုပ်စုနဲ့တုန်းက ရွှေလမ်းငွေလမ်းပေါက်ခဲ့တဲ့အမေရိကန်ဟာ ဒီမိုကရေစီတွင်တွင်အော်နေတဲ့ စောမောင်၊ သန်းရွှေတို့ခေတ်ကျမှ ဘယ့်နှယ်လို့ တဇောင်းစေးနဲ့မျက်ချေးဖြစ်ရသလဲက မျက်စေ့လည်သူတွေအတွက် လည်ချင်စရာပါ။ အလားတူပါပဲ ခုလည်း ဗမာပြည်အရေးနဲ့ပတ်သက်လို့ မစ်ချ်မက်ကောနယ်လ် ရပ်ခံပေးပုံတွေဟာ လူတချို့အတွက် နားမလည်နိုင်စရာတွေ ဖြစ်နေပါလိမ့်မယ်။ ရိုဟင်ဂျာအရေးနဲ့စပ်လို့ ဗမာပြည်အစ်ရှူှူးတက်လာတိုင်း ဆီးနိတ်လူများစုခေါင်းဆောင်အနေနဲ့ ကာဆီးကာဆီးလုပ်နေတာမျိုးလည်း တွေ့ရမှာပါ။ ပြည်တွင်းမှာကျတော့လည်း သမတထရမ့်ဘက်က အပြတ်ရပ်ခံပြီး မျက်နှာပြောင်တိုက်လွန်းလို့ လူကြိုက်နည်းနေတာပါ။ အောက်လွှတ်တော် House of Representatives က အတည်ပြုပြီး အထက်လွှတ်တော်အနေနဲ့ အတည်ပြုပေးဖို့တင်လိုက်တဲ့ ဥပဒေကြမ်းတိုင်းလိုလိုကို လွှတ်တော်သဘာပတိပါဝါသုံးပြီး ပယ်ပယ်ချနေတာပါ။
ခုတော့ ထရမ့်ကိုပြစ်တင်စကားပြောတာ လူတွေစကြားရပါပြီ။ တကယ့်ကို ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အမေရိကန်တပ်တွေရုပ်ဖို့ ထရမ့်ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ မဟာဗျူဟာမြောက် သေလောက်တဲ့အမှားပဲလို့ ပြောလာတာပါ။ ISIS တွေကို အမေရိကန်နဲ့တွဲတိုက်ပြီး စစ်သည်ပေါင်း သောင်းတထောင်လောက်ကျဆုံးခဲ့ရတဲ့ အမေရိကန့်မဟာမိတ်ကာ့ဒ်တွေကို လက်လွတ်စပယ်ပစ်ထားခဲ့လို့ အပြစ်တင်တာတော့ မဟုတ်ပါ။ ကာ့ဒ်တွေကို တူရကီကတိုက်လို့ မရှူမလှခံနေရတာကိုလည်း စာနာစိတ်နဲ့ပြောနေတာ မဟုတ်ပါ။ မကောင်းတတ်လို့ ထည့်ပြောရတဲ့သဘောလောက်တော့ ပြောပါတယ်။ တကယ့်တကယ် သူထောက်ပြပြီး ပြစ်တင်သွားတာက ကာ့ဒ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ISIS အဖွဲ့ဝင်တွေ ပြန်လွတ်လာတဲ့ကိစ္စကိုဖြစ်ပါတယ်။ ISIS တွေထဲမှာ နိုင်ငံစုံကလူတွေ ပါပါတယ်။ ကာ့ဒ်အကျဉ်းထောင်တွေက ISIS တွေမှာ တိုက်ပွဲတွေမှာ လက်ရသုံ့အဖြစ်ဖမ်းမိတာတွေရော လက်နက်ချလာတာတွေရော ပါပါတယ်။ မိသားစုဝင်တွေလည်း ရောထွေးပါနေတာပါ။ စုစုပေါင်း တသောင်းကျော်တယ်လို့ ဆိုပါတယ်။ တူရကီက ကာ့ဒ်တွေကို ထိုးစစ်ဆင်တော့ ကာ့ဒ်တွေက “အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေကို တာဝန်မယူနိုင်တော့ဘူး“ဆိုပြီး ပစ်ထားလိုက်ရတာလည်းရှိသလို လွှတ်ပေးလိုက်ရတာနဲ့ လွတ်ထွက်ကုန်တာတွေလည်း ရှိပါတယ်။ အဲ့ဒီ နိုင်ငံစုံက ISIS တိုက်ခိုက်ရေးသမားတွေ တမဟုတ်ချင်း ပြန်စုဖွဲ့မိပြီး ဒေသတွင်းကအမေရိကန်နဲ့ သူ့မဟာမိတ်တွေကို တိုက်ခိုက်လာနိုင်ပါတယ်။ ဒါတင်မက အမေရိကန်မြေအထိလာပြီး ဖေါက်ခွဲဖျက်စီးတာတွေ ခြိမ်းခြောက်သတ်ဖြတ်တာတွေ အကြမ်းဖက်တာတွေလည်း လုပ်လာနိုင်တယ်လို့ မက်ကောနယ်လ်က ထောက်ပြပြီး သမတထရမ့်ကို အပြစ်ပြောနေတာပါ။
ခြိမ်းခြောက်သတ်ဖြတ်တာ အရပ်သားတွေနဲ့ အကာအကွယ်နည်းတဲ့ပစ်မှတ် Soft Targets တွေကိုတိုက်ခိုက်တာဟာ သူရဲဘောကြောင်ရာ သတ္တိနည်းရာကျသလို လူမဆန်တဲ့အပြုအမူလည်းဖြစ်တာမို့ လူအများက စက်ဆုပ်ရွံရှာကြ ဆန့်ကျင်ရှူတ်ချကြပါတယ်။ အဲ့သလိုလုပ်လာခဲ့ရင် အမေရိကန်ကိုမှမဟုတ် ဘယ်သူ့ကို ဘယ်နိုင်ငံကိုလုပ်လုပ် ကျနော်လည်း ပြစ်တင်ရှူတ်ချပါတယ်။ ပြတ်ပြတ်သားသားလည်း ဆန့်ကျင်ပါတယ်။
ခု မက်ကောနယ်လ် ထရမ့်ကို အပုတ်ချပြောဆိုနေတာကတော့ ကာ့ဒ်တွေကြောင့်လည်းမဟုတ်၊ ဒေသတွင်းမတည်ငြိမ်မှူတွေ ပိုဆိုးရွားပျက်စီးလာမှာစိုးလို့လည်းမဟုတ်ပဲ အမေရိကန်မြေပေါ်ကို လာတိုက်ခိုက်ခံရမှာစိုးလို့ဆိုတဲ့အကြောင်းပြချက် ကွက်ကွက်လေး ဖြစ်နေတာပါ။ တကယ့်လက်တွေ့မှာ အခိုင်အမာသုတေသနပြုထားပြီး ကိုးကားလို့လည်းရတဲ့စစ်တမ်းတွေအရဆိုရင် အမေရိကန်မှာ အကြမ်းဖက်တိုက်ခိုက်ခံနေရတာဟာ အစ္စလာမ်းမစ်အစွန်းရောက်တွေကြောင့်ထက် ပြည်တွင်းက လူမျိုးရေးအစွန်းရောက်သမားတွေကြောင့်က ပိုများနေတာပါ။ ၉/၁၁ ဖြစ်ပြီးကတည်းက ပြည်ကနေ အမေရိကန်မြေပေါ် လာတိုက်ခိုက်နိုင်ဖို့ဆိုတာ အတော့်ကိုခဲယဉ်းသွားပါတယ်။
ဆိုတော့ မက်ကောနယ်လ်ပြောသလို ဆီးရီးယား ကာ့ဒ်ဒေသအကျဉ်းစခန်းတွေကလွတ်လာတဲ့ ISIS တွေ အမေရိကန်မြေပေါ်လာတိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ဟာ ဆယ်ရေးတရေး ကိုးရေးတရာပါ။ ဒီလိုအကြောင်းပြတာဟာ မိကျောင်းမျက်ရည်ဖြစ်ဦးတောင် မျက်ရည်တုဖြစ်ဖို့ပဲရှိပါတယ်။ တချို့ကတော့ ဒါဟာ မစ်ချ်မက်ကောနယ်လ်ရဲ့ နိုင်ငံရေးကစားကွက်လို့ပြောသလို အယုံအကြည်မရှိအဆို အတင်ခံရမယ့်ကိန်းဆိုက်နေတဲ့ ထရမ့်ဘက်မှာ “နေရာတိုင်းတော့ သူ လိုက်မရပ်ပါဘူး“ဆိုတာလောက်ပြပြိး နိုင်ငံရေးအမြတ်ထုတ်တာလို့ ယူဆကြပါတယ်။
ဒါနေ့လည်ပိုင်း ပြည်တွင်းသတင်းလေးတွေ နားထောင်မိရာက ရတဲ့အချက်အလက်လေးတွေနဲ့ ကျနော့်အတွေးကို ပြောပြတာဖြစ်ပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၈၊ ၂ဝ၁၉

0 comments:

Post a Comment