Saturday, October 12, 2019

(လူတွေ ထု ဖြစ်မှာ စိုးကြတာ)

0 comments
(လူတွေ ထု ဖြစ်မှာ စိုးကြတာ)
ကျနော်တို့ဆီမှာ အောက်လွှတ်တော် House of Representatives နဲ့ သမတ ဘတပြန်ကျားတပြန်ချနေကြတာပါ။ ကိစ္စကလူတိုင်းသိပြီးသားမို့ ဝိတ္တာရချဲ့စရာမလိုတော့ပါ။ လစ်ဘရယ်လ်ဒီမိုကရေစီနိုင်ငံမို့ လူထုပါလာမှာကို ၂ ဘက်လုံးက လန့်နေပါတယ်။ ထရမ့်လည်း လူထုစည်းဝေးပွဲတွေ တင်းကြမ်းလုပ်ပြီး လူတွေ လမ်းပေါ်ထွက်မလာအောင် လိုက်လှည့်ဖျားနေရတာပါ။ အောက်လွှတ်တော်က နန်စီတို့လည်း လူတွေလမ်းပေါ်ထွက်မလာအောင် မီဒီယာတွေနဲ့ပင်းပြီးတော့ရော သူတို့နဲ့မကင်းရာမကင်းကြောင်းအဖွဲ့အစည်းတွေကို သုံးပြီးတော့ရော Poll လူထုသဘောထားကောက်ယူမှူတွေ တွင်တွင်လုပ်နေရတာပါ။ လွှတ်တော်အမတ်တွေကိုလည်း မိမိတို့မဲဆန္ဒနယ်မြေတွေက ဒေသနေ ကိုယ်စားလှယ်ရဲ့ကိုယ်စားလှယ်တွေကနေတဆင့် လွှတ်တော်တွင်းနည်းနဲ့ သမတကို ဖြုတ်ချဖယ်ရှားနိုင်တဲ့အလားအလာရှိကြောင်း နားချခိုင်းနေတာပါ။
၂ ဘက်စလုံးက လူထုပါလာမှာကို သေမလောက်ကြာက်နေစိုးရိမ်နေတာပါ။ စကားလေးတခွန်းမှားပြီး ပြောမိလိုက်လို့၊ လူတွေကိုစည်းရုံးလိုက်သလိုဖြစ်သွားလို့ လူတွေလမ်းပေါ်ထွက်လာမှာကို အတော့်ကိုလန့်နေကြတာပါ။ သူတို့ချင်းချတဲ့ပွဲအဖြစ်ပဲ လူထုကိုမြင်စေချင်တာပါ။ အဲ့လိုမြင်အောင်လည်း ပုံဖော်ထားတာပါ။ သူတို့ချင်းချတဲ့ပွဲထဲ မတော်တဆလူထုကို ဆွဲမသွင်းမိအောင် ၂ ဘက်လုံးသတိကြီးကြီးထား ပြောဆိုလုပ်ကိုင်နေတာပါ။ သဘောကတော့ လွှတ်တော်နဲ့ သမတ တိုက်ပွဲထဲ လူထုကိုဆွဲမသွင်းမိအောင် တနည်းပြောရရင် လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်မလာအောင် မနည်းထိန်းနေရတာပါ။ လူထုနည်းနဲ့ တိုက်ပွဲဖော်ဖို့ကို ၂ ဘက်လုံးက အသည်းအသန်ရှောင်နေကြတာပါ။
သူတို့လိုချင်တဲ့လူထုဟာ အချိန်တန်ရင်မဲလာပေးဖို့၊ သူတို့လုပ်တဲ့လူထုအစည်းအဝေးတွေလာတက်ဖို့၊ မကျေနပ်တာရှိရင် လွတ်လွတ်လပ်လပ်ပြောဖို့ဆိုဖို့၊ ဒီ့ထက်မကျေနပ်ရင် ဆဲဖို့အထိပါပေးထားတဲ့လူထုမျိုးပါ။ နိုင်ငံရေးအသိ နိုင်ငံရေးရေချိန်ရှိတဲ့ အခြေခံလူတန်းစားတွေ အလုပ်သမားလူတန်းစားတွေရဲ့ စုဖွဲ့မှူမျိုး စုစည်းညီညွတ်မှူမျိုးလုပ်တဲ့လူထုမျိုးသူတို့မလိုချင်ပါ။ အဲ့ သလို လူတွေ စုပြီး ထု ဖြစ်သွားမှာ သူတို့မလိုလားပါ။ မကြခင်ကဖြစ်ခဲ့တဲ့ Occupy Wall street ဝေါစထရိကိုသိမ်းကြလှူပ်ရှားမှူတုန်းက ၂ ပါတီလုံးရဲ့ရပ်တည်ချက်ကိုကြည့်ရင် မြင်သာပါတယ်။ ဒါတောင် ဒီလှူပ်ရှားမှူဟာ Mass Movement လို့ပြောရလောက်တဲ့အထိ ကြီးကျယ်မသွားခဲ့ပါ။ ဒါနဲ့တောင် ဒီလှူပ်ရှားမှူကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ၂ ပါတီလုံးမှာ သဘောထားတူပါတယ်။ အလားတူပဲ ဥရောပမှာဖြစ်နေတဲ့ Yellow Vest လှူပ်ရှားမှူ ဒီကိုကူးစက်လာမှာလည်း ၂ ပါတီလုံးက မလိုလားပါ။
အဲ့သလိုအခြေအနေတွေ အာဘော်တွေကို ကမ္ဘာချီတဲ့မီဒီယာကြီးတွေ၊ နိုင်ငံနဲ့အမျှအပြန့်ကျယ်တဲ့ မီဒီတွေအပြင် ဒေသဆိုင်ရာမီဒီယာတွေမှာပါ ထင်ဟပ်နေတာ ဖတ်တာ ကြည့်တာ နားထောင်တာနဲ့တင် သိသာပါတယ်။ နန်စီနဲ့ ချာပ်ခ်ရှူးမားဟာ တဘက်ကနေလည်း လူသစ်တန်းလွှတ်တော်အမတ်တွေကို ထိန်းရပါသေးတယ်။ အဲ့ဒီအထဲမှာ ထိပ်ဆုံးကပြေးနေတာက အလက်ဇန်ဒရီယာ အော့တက်စီယို ကောတက်ဇ် ဖြစ်ပါတယ်။ သူက သမတကို အယုံအကြည်မရှိအဆိုတင်ဖို့ စောကြီးကတည်းက ပြောနေသူဖြစ်တဲ့အပြင် သူ့မဲဆန္ဒနယ်ကလူထုနဲ့ရော မီဒီယာတွေနဲ့ပါ မပြတ်ထိတွေ့နေသူပါ။ သူတင်ထားတဲ့ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဦးစားပေးစွမ်းအင်ထုတ်လုပ်ရေး ဥပဒေကြမ်းကလည်း လူထုသဘောတွေ့နေတာပါ။
သဘောက သူဟာ လူငယ်ဖြစ်တယ်။ လူကြိုက်များတယ်။ တက်ကြွဖျတ်လတ်တယ်။ ပါတီတွင်းပြုပြင်ပြောင်းလဲမှူ လိုလားတယ်။ ရီပတ်ဘလီကင်န်တွေရဲ့ မလညရှူပ်ဇာတ်လမ်းတွေ ကလိန်စေ့ငြမ်းစင်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ သူလုပ်တဲ့အလုပ် သူသွားချင်တဲ့လမ်းကို လွှတ်တော်ပြင်ပက လူထုအားကိုယူပြီး လုပ်ချင်သွားချင်သူဖြစ်နေတယ်။ သူ့လို အမတ်တွေလည်းရှိတာမို့ နန်စီတို့မနည်းထိန်းနေကြရတာပါ။
ချုပ်ရရင် လွှတ်တော်နဲ့ သမတ ချနေကြတယ်။ လူထုနဲ့မဆိုင်ဘူး သူတို့ချင်းရှင်းတဲ့ပွဲဖြစ်အောင် နှစ်ဘက်လုံးက ပုံဖော်ထားတယ်။ လူထုကို လက်ခုပ်တီးပေးမယ့်ပရိသတ်သဘောထက် တက်မလာစေချင်ဘူး။ စကားမှားပြီး လူထုကို တိုက်တိုပွဲထဲမခေါ်မိအောင် တိုက်ပွဲထဲ ဆွဲမသွင်းမိအောင် သတိထားနေကြတယ်။ လူတွေ လမ်းပေါ်ထွက်လာမှာ လန့်နေကြတယ်။ လမ်းပေါ်ထွက်လာမယ့်လူတွေဟာ အရင်းရှင်လစ်ဘရယ်လ်ဒီမိုကရေစီစနစ်ကိုပါ ထိပါးလာမှာ သူတို့သိပါတယ်။ တဘက်မှာ ပါတီတွင်းမှာလည်း ဇက်သတ်ရတာ ပါးချပ်တပ်ရတာတွေလုပ်ရပါတယ်။ ဒါက လက်ရှိ အောက်လွှတ်တော်နဲ့ သမတကြားကဖြစ်နေတာအပေါ် ကျနော့်အတွေးအမြင်ကို ပြောပြတာပါ။
ရွှေပြည်ကြီးမှာလည်း လူတွေ လမ်းပေါ်ထွက်လာမှာ စစ်အုပ်စုရော အင်န်အယ်လ်ဒီပါလန့်နေကြတာပါ။ ဖွဲ့စည်းပုံကို လွှတ်တော်ပြင်ပနည်းနဲ့ပြင်မှာကို ၂ ဘက်လုံးက သေမလောက်ကြောက်နေတာပါ။ ၂ဝ၂ဝ မှာ လူတွေကို မဲရုံလာ မဲပေးဖို့လောက်ပဲ လိုချင်တာပါ။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲ လူထုပါလာမှာခွင့်မပြုနိုင်ပါ။ ပါတာနဲ့ ဖမ်းပါတယ်။ အင်န်အယ်လ်ဒီပါတီတွင်းက လူထုနဲ့နီးတဲ့ လူထုဘက်တော်သား အစိတ်အပိုင်းတွေကို ဘယ် လူထုလှူပ်ရှားမှူ ဘယ်လူထုတိုက်ပွဲ ဘယ်လမ်းမပေါ်က လူထုစုဖွဲ့မှူတွေမှမပါအောင် ပါတီစည်းကမ်းပြပြီး ချော့လိုက်ခြောက်လိုက် ထုတ်ပယ်လိုက် အရေးယူလိုက်လုပ်နေရတာပါ။ ပါတီနဲ့ လူထုလှုပ်ရှားမှုနဲ့ တထပ်တည်းကျမသွားအောင် အပ်စပ်မသွားအောင် အသေအလဲထိန်းနေရတာပါ။
ကျနော်တို့လိုချင်တဲ့ လစ်ဘရယ်လ်ဒီမိုကရေစီဟာ ဒါဆိုရင်တော့ ကျနော်တို့ ဒီမိုကရေစီရနေပြီလို့ လက်မထောင်လို့ရနေပါပြီ။ စစ်အုပ်စု ခြယ်လှယ်လွှမ်းမိုးနေသေးလို့သာ မကောင်းတတ်လို့ ဒီမိုကရေစီအပင်ပေါက်လေးတို့ အသီးကင်းလေးတို့ ပြောနေရပုံပေါ်ပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment