(မုန်ညင်းဟင်းခါး)
ဆောင်းဦးပေါက်ကား ပီပီမြည်လေပြီ။ အိမ်တွင်းအနွေးဓာတ် အလုံအလောက်ပေးထားသော်လည်း သူတို့ လှောင်အိမ်လေးများတွင် မအိပ်ချင်၊ လူနှင့်အိပ်ချင် လူငွေ့ထွေးလိုသဖြင့် ခွေးလေးတွေ အိပ်ခန်းပေါက်မှ တပူပူတဆာဆာ တအီအီတအင်အင်လုပ်သေး၏။ တံခါးဖွင့်မပေးမည်မှန်း သေချာသွားတော့မှ ညည့်လယ်ကောင်တွင်ထကာ ကိုယ့်နေရာကိုယ်သွားအိပ်ကြ၏။ မတတ်နိုင် သို့သော် စိတ်ထဲမကောင်းလှ။ သူတို့ထွက်သွားမှ မိမိလည်း အိပ်နိုင်တော့၏။
ဆောင်းဦးပေါက်ကား ပီပီမြည်လေပြီ။ အိမ်တွင်းအနွေးဓာတ် အလုံအလောက်ပေးထားသော်လည်း သူတို့ လှောင်အိမ်လေးများတွင် မအိပ်ချင်၊ လူနှင့်အိပ်ချင် လူငွေ့ထွေးလိုသဖြင့် ခွေးလေးတွေ အိပ်ခန်းပေါက်မှ တပူပူတဆာဆာ တအီအီတအင်အင်လုပ်သေး၏။ တံခါးဖွင့်မပေးမည်မှန်း သေချာသွားတော့မှ ညည့်လယ်ကောင်တွင်ထကာ ကိုယ့်နေရာကိုယ်သွားအိပ်ကြ၏။ မတတ်နိုင် သို့သော် စိတ်ထဲမကောင်းလှ။ သူတို့ထွက်သွားမှ မိမိလည်း အိပ်နိုင်တော့၏။
ညက အတော်ကလေးအေးပြီး အပြင်မှာ မြူတွေ ခတ်ထူထူကျခဲ့သည်မို့ မနက်လင်းတော့
မြက်ခင်းတွေ စိုတိစိုဖတ်။ ခဝဲပင်လေးကြည့်တော့ ရွက်ရင့်တချို့
အအေးကိုက်ခံရပြီး ညိုမည်းမည်းဖြစ်နေ၏။ ရွက်နုများနှင့် အညွန့်များကား
အအေးဒဏ်ကို ပီဘိ မထီလေဟန်၊ စိမ်းစိမ်း ဖားဖား သန်သန်မာမာပင်။
စားလို့ရသည့်အရွယ် ၃ လုံးတွေ့တော့ “မနက်ဖြန်မှခူးပြီး အမေ့ကိုပေးရမယ်“ ဟု
စိတ်တွင်ဖြစ်၏။ နောက်တချီလောက်အေးလိုက်လျှင် ခုသန်သန်ဖားဖား အညွန့်ကြီးတွေ
အအေးလောင်မသွားဟု မည်သူမှ အာမ မခံနိုင်။ “ဒါဆို အညွန့်တွေလည်း
ဖြတ်ယူသွားဦးမှပါ“ ဟု အတွေးရပြန်၏။ မျိုးခံထားသည့် အသီးကြီး ၂ လုံးကတော့
စိမ်းရင့်မှောင်နေပြီ။ ခြောက်တော့ မခြောက်သေး။ အခွံကို
လက်နှင့်ခေါက်ကြည့်တော့ ဂေါင်ဂေါင် ဂေါင်ဂေါင်မြည်၏။ ဂီတသံလိုလို ဘာလိုလို။
နောက်ဘက်က သစ်လုံးအိမ် Cabin လေးထဲမှာ သိမ်းစရာတွေရှိသဖြင့် သွား၏။
အနားရောက်တော့ Cabin အောက်က ယုန်တကောင် ဟုတ်ကနဲခုန်ထွက်ကာ လန့်ဖြန့်ပြီး
ခြေဦးတည့်ရာပြေး၏။ သစ်လုံးအိမ်ထဲက ကော်ဖီ သကြား နို့မှူန့်တွေ
အိမ်မကြီးထဲပြန်ယူရမည်။ Cabin ထဲတွင် Heater မရှိ။ ထင်းမီးဖိုမထား။
နံရံအထပ်ကြားတွင် Insulation ပင်ထည့်မထား။ သည်တော့ ပူစရာရှိပူပြီး
အေးစရာရှိ အေး၏။ ဆောင်းတွင်းဆို နေလို့မရ။ မုန့်ထုတ်တွေတွေ့လို့
သက်တမ်းကြည့်တော့ နောက် ၆ လကျန်သေး၏။ ဒါတွေလည်း အိမ်ထဲယူသွားမှ
ဆောင်းတွင်းဆို အလကားဖြစ်ကုန်မယ်ဟုတွေးပြီး အိပ်ထဲထည့်၏။ ပြီးတော့
ခြံအနောက်ထောင့်က ပေါက်ခြမ်းဆွေးတွေကိုဘာလုပ်ရကောင်းမလဲတွေးရင်း
ဟိုကြည့်ဒီကြည့် ကြည့်တော့ တနှစ်က ပလပ်စတစ်ယုန်ကာလေးတွေတပ်ရင်း
မေ့ကျန်ခဲ့သည့် ပလိုင်ယာတချောင်းကို Sugar Maple ပင်အောက်မှာတွေ့၏။
သံချေးတက်နေပြီ။ ဟလို့ပင်မရတော့။ Recylcle အမှိူက်ပုံးထဲထည့်လို့ရမည်ထင်၍
ကောက်ယူလာခဲ့သည်။
အိမ်ထဲဝင်ဖို့ Breezeway တံခါးဆွဲဖွင့်တော့ ခွေးလေး ၂ ကောင်က
အပြင်ထွက်ချင်၍ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေတာနှင့်ကြုံ၏။ ယုန်လေးလည်း
အပြင်ထွက်ပြေးသွားပြီပဲလေဟု စိတ်ချလက်ချတွေးကာ တံခါးဖွင့်ပေးလိုက်တော့
ခုန်ပေါက်မြူးတူးကား တကောင့်တကောင်တွန်းရင်း ပြေးထွက်သွား၏။
ပြူတင်းပေါက်လေကာထောင့်တွင် စာကလေးတွေ ဘာပြဿနာတက်နေသည်မသိ ဆူညံပွက်နေ၏။
ကြည့်နေရင်းတန်းလန်း နှစ်ကောင် လုံးထွေးကုပ်ဖဲ့ဆိတ်ဆွကာ မြေပြင်ပေါ်ကျလာ၏။
တကောင့်တကောင် ခြေသည်းနှင့်ကုပ် တောင်ပံနှင့်ရိုက် နှူတ်သီးဖြင့်ထိုးကာ
မြေကြီးပေါ် လုံးထွေးနေ၏။ ဟဲ့ ရွှေးရွှေးဟု ဗမာလိုမောင်းထုတ်လိုက်တော့မှ
မျက်ကလဲဆန်ပြာထပြေးကြ၏။ ကြည့်ရင်း ပြံုးမိသေး၏။
အိမ်တွင်းအနွေးဓာတ်ရတော့မှ “ဟ ငါ အတော်အေးနေပါလား“ဟု သတိထားမိ၏။
လက်ထဲဆွဲလာသည့်အိပ်ကို Counter top ပေါ်တင်ရင်း အဖန်ရည်တခွက်တော့
ကျိုဦးမှပါဟုစိတ်ကူးရ၏။ ဒါနှင့် အိုးထဲရေထည့်ပြီး မီးခလုပ်ဖွင့်တော့
အနားမှာချထားသည့် ငရုပ်ကောင်းမှူန့်ပုလင်းကို လက်နှင့်တိုက်မိလိုက်၏။
ဤခနတွင် ရေနွေးအစား မုန်ညင်းဟင်းခါးသောက်ချင်စိတ်ဖြစ်လာ၏။ “မဆိုးဘူး
ပူပူနွေးနွေး ငရုပ်ကောင်းနံ့လေးနဲ့ဆို“ဟုတွေးကာ အိမ်ပြင်ပြန်ထွက်
ခြံထဲပြန်ဆင်းကာ မုန်ညင်းခင်းဘက် ခြေဦးလှည့်၏။ မုန်ညင်းပွင့်တွေ
အတော်ကျဲသွားပြီး ငရုပ်သီးစိမ်းပုံသ္ဌန် မုံညင်းသီးလေးတွေသီးနေသည်မှာ
ချစ်ဖို့ပင်ကောင်း၏။ တို့စားလျှင်ကောင်းသည်ဟုဆိုသော်လည်း မခူးရက်စရာ။
ဒါပေမယ့် မနက်ဖြန်ကျ ခူးရမည်။ ညီမက တို့စရာ အလွန်ကြိုက်သည်မို့လား။
ဟိုတလောက ဖြတ်ထားသည့် မုန်ညင်းငုတ်တိုနေရာတွေမှာ သားတက်အသစ်လေးတွေ
ရွှမ်းရွှမ်းစိုစို ထိုးထိုးထောင်တွေ့ရ၏။ ဒါနှင့် မုန်ညင်းသားတက်လေးတွေ
လက်၂ဆုပ်စာလောက်ချိုးခဲ့၏။ နုဖတ်နေသည်မို့ ချိုးလိုက်တိုင်း
ဖြောက်ကနဲဖြောက်ကနဲနေ၏။ ဘေးက ကြက်သွန်ဖြူတွေလည်း အမြိတ်စထွက်နေပြီ။
စထရော်ဘယ်ရီတွေလည်း ပင်ပွားတွေမနည်းမနော။ မျက်စေ့ထဲရိပ်ကနဲလိုဖြစ်လို့
ကြည့်လိုက်တော့ ခွေးလေး Rocky က အနားရောက်နေ၏။ အိုကေ အထဲပြန်ဝင်မယ် အေးတယ်၊
နင်တို့လည်း အီးပါသေးပေါက်ပြီးပြီ“ဟုဗမာလိုပြောတော့ ၂ ကောင်သား
လူရှေ့ကဦးအောင်ပြေးကာ အိမ်တံခါးမှာ ပဒပ်သွားရပ်ပြီး တွန်းဖွင့်ပေး၏။
ရေနွေးကရားထဲကရေကို ဟင်းရည်သောက်ချက်သည့်အိုးထဲပြောင်းထည့်ပြီး
မုန်ညင်းလေးတွေကို ရေစင်စင်ဆေးကာ အရင်းနားကို သွားဖျားဖြင့်ကိုက်ကာ
အမျှင်လေးတွေသင်၏။ နုဖတ်နေသည်မို့ အကြောအမျှင်သိတ်မရှိ။
ကြက်သွန်နီအခွံသင်ပြီး ထက်ခြမ်းခြမ်းကာ တခြမ်းစာကို ဖြစ်သလိုလှီးချလိုက်၏။
ကြက်သွန်ဖြူ ၄ တက်လောက်ကို ဓားပြားရိုက်ပြိး အခွံချွတ်၏။ ထိုအချိန်တွင်
ရေးနွေးက ပွက်ပွက်ဆူချေပြီ။ ဆားနှင့်ပုဇွန်ခြောက်ခပ်၏။ ခနလေးနေတော့
ကြက်သွန်ဖြူ ကြက်သွန်နီတွေထည့်ပြီး အိုးကိုပြန်ဖုံး၏။ မုန်ညင်းဟင်းခါးတွင်
ငန်ပြာရည်ထည့်ရကောင်းလား မကောင်းလား မဝေခွဲတတ်သဖြင့် မထည့်ဖြစ်တော့။
အိုးထဲက ကြက်သွန်နံ့ ပုဇွန်ခြောက်နံ့တွေ ထောင်းထောင်းထလာ၏။ ဒါနှင့်
မုန်ညင်းလေးတွေပစ်ထည့်ကာ တချက်နှစ်ချက်မွှေပြီး ပစ်ထားလိုက်၏။
တမိနစ်လောက်နေတာ့ အိုးဖုံးဖွင့်ကြည့်ရာ အငွေ့တထောင်းထောင်း
အနံ့တလှိူင်လှိူင်သင်းနေသည့် ဟင်းချိုတခွက်ဖြစ်နေပေပြီ။ သို့သော်
မိမိသောက်ချင်သည်က ဟင်းခါး။ သည်တော့ ငရုပ်ကောင်းမှူန့် အလောတော်လောက်
ဖြူးထည့်ပြီး အဖုံးပြန်အုပ် မီးခလုပ်ပါပိတ်လိုက်၏။
ငရုပ်ကောင်းနံ့တသင်းသင်းဖြင့် အငွေ့တထောင်းထောင်းထနေသည့် ဟင်းခါးရည်ထဲတွင်
အရောင်လုံးဝမပြယ်သေးသည့် မုန်ညင်းစိမ်းဖတ်လေးများ ဝဲလည်လျှက်။
ခပ်မြည်းကြည့်တော့ အားလုံးအိုကေ၊ အားလုံးအနေတော်၊ ဘာမှထပ်လုပ်စရာမလိုတော့။
ငါလည်း မဆိုးပါဘူး ကိုယ့်ဟာကိုယ်တော့ဖြစ်သားဟုတွေးကာ ပြုံးမိသေး၏။
နောက်တော့ ဟင်းရည်သောက်ပန်းကန်လုံးကြီးတလုံးအပြည့် ခပ်ထည့်ကာ
ပူပူလောလောကို တဖူးဖူးမှူတ်သောက်ရင်း ကိုယ်ထဲနွေးလာတာကိုခံစားရင်း
စိတ်ထဲပါနွေးလာတာကို သိလာ၏။
မျိုးမြင့်ချို
အောက်တိုဘာ ၁၂၊ ၂ဝ၁၉
အောက်တိုဘာ ၁၂၊ ၂ဝ၁၉
0 comments:
Post a Comment