Tuesday, October 8, 2019

ဗန်းမောင်တင်အောင် ဋီကာ (လူထုဒေါ်အမာ)

0 comments
ဗန်းမောင်တင်အောင် ဋီကာ (လူထုဒေါ်အမာ)
ကိုတင်အောင် ဆုံးပြီးတာ ၂၂ နှစ်ကြာတော့ ဗန်းမော်တင်အောင် ဋီကာ ဆိုပြီး ကိုတင်အောင် အကြောင်းတွေ ရေးဖော်တွေ၊ မိတ်ဆွေတွေက ဝိုင်းရေးထားကြတဲ့ ဆောင်းပါးတွေ စုပြီး ပုံနှိပ်တဲ့ စာအုပ်တအုပ် အားမာန်သစ်စာပေက ထွက်လာပါတယ်။ အဲဒီအထဲ ရေးကြတဲ့ ရေးဖော် စာရေးဆရာတွေ၊ သူ့ကို ခင်မင်တဲ့ မိတ်ဆွေတွေရဲ့ ဆောင်းပါးတွေက တော်တော်စုံပါတယ်။ နို့ပေမဲ့ ကျမနဲ့ ဦးလှတို့ ရေးတာတွေတော့ မပါဘူး။
ဘယ်ပါနိုင်လိမ့်မတုံး၊ ကိုတင်အောင်က ၁၉၇၈ ခု အောက်တိုဘာလမှာ ဆုံးရှာတာ။ ဦးလှရယ်၊ ကျမရယ်၊ ကျမတို့သား အငယ်ဆုံးကောင်ရယ်က သားအမိ၊ သားအဖ သုံးယောက်စလုံး ကိုတင်အောင် ခဏခဏ သွားခဲ့ရတဲ့ နေရာကို ကျမတို့က ရောက်နေကြရတာကိုး။ အဲဒီတော့ ကျမတို့က သူဆုံးတဲ့ အကြောင်း သိလည်း မသိဘူး။ အဲဒီမှာက သတင်းစာ ဖတ်ရတာမှ မဟုတ်တာ။ နောက် နှစ်လ လောက် နေတော့မှ သွင်းလာတဲ့ မဂ္ဂဇင်းလေး တစောင်မှာ ဖတ်ရမှ သိပါတယ်။
ကျမ အဲဒီထဲမှာ နေရတုန်းက ကျား ဘညိမ်း ဆုံးတာလည်း ကိုတင်အောင့် လိုပဲ ကျမ မသိဘူး။ နောက်မှ ကြာမှ သိတာ။ သိတော့လည်း စိတ်ဆင်းရဲတာကလွဲလို့ ဘာမှ မရေးနိုင် မသားနိုင်ဘူးလေ။
ကိုတင်အောင်ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က သေဆုံးတယ်။ သူ အသက်ရှင်တုန်းက နှစ်ပေါင်း ၃၀ ကျော် စာတွေ ရေးသားသွားတယ်။ ကျမ သိမီသမျှ စာရေး စရာတွေထဲမှာ ကိုတင်အောင်ရဲ့ ဇာတ်လိုက် စတိုင် တုပ ဝတ်စားရတဲ့ ကလေးတွေလည်း အများကြီး။ သူ့ ဇာတ်လိုက် တချို့က ဆေးတံသောက်ကြလို့ ဆေးတံ လိုက်သောက်သူတွေလည်း ရှိလေသေးရဲ့။ သူတို့ ရေးသားကြသားတဲ့ စာတွေမှာ ကိုတင်​အောင် စတိုင် တုရေးကြတာကလည်း များမှများ။ “တော့-ကာ-သာ-ဘဲ-ရယ်နှင့်” ဆိုတာ သူတို့စာတွေထဲမှာ ထည့် ကြရတဲ့ ကိုတင်အောင့် စတိုင်တွေလေ။
သူ့ဇာတ်လိုက်ရဲ့ နာမည်ကိုယူပြီး စာရေးလိုသူ တဦးက ကလောင် နာမည် မှည့်တယ်။ အဲဒီ ကလောင် တက္ကသိုလ် ဘုန်းနိုင်ဆိုတာဟာ နာမည်ကျော် ကလောင်ကြီး တချောင်း ဖြစ်လာတယ်။ လူငယ်တယောက် အထီးကျန်နေရင် “ဘုန်းမောင့်တယောက်ထဲ(တည်း)ရယ်” လို့ ခုထက်ထိ သုံးနှုန်း ပြောဆိုနေသေးတုန်း။ ကိုတင်အောင့်စာကို ကြိုက်ကြတာ၊ ကြိုက်ကြတာ။ တကယ့် အရူးအမူးပါပဲ။
စာရေးဆရာ တယောက်ရဲ့စာ လူငယ်တွေကြားမှာ လူကြိုက်များလိုက်ပုံကတော့ တကယ့် စံချိန်ပါပဲ။ ကျမ တသက်မှာ ကနေ့ထက်ထိ မကြုံဖူးပါဘူး။ ပြီးတော့ စာရေးဆရာတယောက်အနေနဲ့ အဖိနှိပ်ခံရပုံများကလည်း သူ မတူအောင် ရှိခဲ့တယ်။
ဦးလှနဲ့ ကိုတင်အောင်က ခင်တယ်။ ခင်တာလည်း မပြောနဲ့။ သူတို့နှစ်ယောက် အတူတူနေကြရတာ နှစ်နဲ့ချီ အကြာကြီး မဟုတ်လား။ အဲဒီလို နေရာမှာ အတူနေကြရတယ် ဆိုရင် တခြား နေရာမှာ အတူနေရတာနဲ့ မတူဘူး။ ပိုခင် ပိုသံယောဇဉ် ဖြစ်လေ့ရှိပါတယ်။ ကိုတင်အောင်နဲ့ ကျမနဲ့ကျတော့ လူချင်းက မရင်းနှီးကြဘူး။ သိတာပဲ ရှိတာ။ အတူတူ တွဲဖက်လုပ်ကိုင်ရတာက နည်းတယ်။ ဦးလှနဲ့လို မရင်းနှီးဘူး။ ဒါပေမယ့် သူဘာဆိုတာ ကျမသိသလို ကျမ ဘာဆိုတာလည်း သူက သိနေတာပါ။
ပြောရဦးမယ်။ ကျမ တခါ ရန်ကုန်သွားတာ့ မိတ်ဆွေ တယောက်မှာ ကိုတင်အောင်နဲ့ မထင်မမှတ်ဘဲ ဘွားခနဲ သွားတွေ့တယ်။ သူက အဲဒီအိမ်မှာ အသာလျှိုနေရတဲ့ ကာလ။ ကျမက သူ့ကို ခုလို ကိုယ့်အိမ်မှာ ကိုယ်မနေနိုင် မကပ်နိုင် အစစ ဒုက္ခများ နေရှာမှာ ဆိုပြီး မန္တလေး မပြန်ခင် အပိုရှိသေးတဲ့ ငွေကလေး ၃၀၀ ကျပ် သူ့ကို ပေးပါတယ်။ အဲဒါ ကိုတင်အောင်က မယူဘူးတဲ့။ ကျမကတော့ ရဲဘော်တယောက် ဒုက္ခရောက်နေချိန်မှာ ကျမမှာ ပါတာကလေးနဲ့ ကူညီတဲ့ သဘောပါ။ အနားမှာလည်း ဘယ်သူမှ မရှိပါဘူး။ သူနဲ့ ကျမ နှစ်ယောက်တည်းပါ။ သူက မယူပါဘူးတဲ့။ ကျမမှာလေ စိတ်မကောင်းလိုက်တာ။ ကိုတင်အောင် ငါ့ဆီကမို့လို့ မယူတာ။ ဦးလှဆီက ဆိုရင် ယူမှာလို့လည်း စိတ်ထဲအောက်မေ့ပြီး ငါ့အပေါ် ခွဲခြားလေခြင်းလို့ သူ့အပေါ် မကြိုက်ဖြစ်ရတယ်။ ပြီးတော့ ငါပေးတာကလေးက မဖြစ်စလောက်မို့လားလို့လည်း တွေးမိရဲ့။ နို့ပေမဲ့ ကျမရှိတာ အကုန်ပါ။ ဒါလည်း မဟုတ်နိုင်ပါဘူး။ ငါ့ကို စိမ်းလို့ အားနာလို့ မယူတာ။ ငါဟာ အားနာစရာလားလို့လည်း အောက်မေ့မိတယ်။ ကျမရင်ထဲ ခံစားရတာ အမျိုးမျိုးပါပဲ။ ကိုတင်အောင်ကတော့ ဘာကြောင့် မယူလိုက်တယ် မသိပါဘူး။ နို့ပေမဲ့ ကျမမှာတော့ ရဲဘော်ကိုဘဟိန်း အပေါ် မရိုးမသား လုပ်ခဲ့မိတာကို ကနေ့ထက်တိုင် မမေ့နိုင်ဘဲ စိတ်မကောင်းဖြစ်နေသလိုပ။ ကိုတင်အောင်ကို ငွေပေးမိတာလည်း ငါက မှားတာလား။ သူက မှားတာလားနဲ့ သတိရတိုင်း ကိုယ်မှားတာ ဆိုရင် စိတ်မကောင်း ဖြစ်မိတယ်။
ကိုတင်အောင်ဟာ သူစာရေးသက် နှစ်ပေါင်း (၃၀) ကျော်အတွင်းမှာ သတင်းစာလည်း ထုတ်ဖူးတယ်။ ဂျာနယ်လည်း ထုတ်ဖူးတယ်။ မဂ္ဂဇင်းလည်း ထုတ်ဖူး။ ဝတ္ထုတိုရှည်တွေလည်း အများကြီး ရေးခဲ့တယ်။ ဆောင်းပါးတွေကလည်း အများကြီး ရေးခဲ့သူပါ။ ရေးခဲ့တာတွေထဲမှာ နာမည်ကျော် နာမည်ကြီးတာတွေလည်း ကိုတင်အောင်က အလုပ်ကို လောဘ တကြီး လုပ်သွားတဲ့သူမို့ သူကျန်ခဲ့တဲ့ လက်ရာတွေဟာ လုပ်သက်နဲ့ မမျှအောင် အများကြီး ကျန်ရစ်တဲ့သူပါ။
ဒါကြောင့် သူ့စာတွေကို စုဆောင်းပြီး ပြန်လည် ပုံနှိပ်ထုတ်ဝေဖို့ ကြိုးစားကြစေချင်ပါတယ်။ ဒီခေတ်ဟာ စာအဟောင်းတွေ အများကြီး ပြန်ထွက်နေတဲ့ခေတ်၊ ထွက်လာတဲ့ စာအုပ်တိုင်းကို ဖတ်သူက ဝယ်နေကြတဲ့ ခေတ်မို့ ကိုတင်အောင့်စာတွေ ပြန်ရိုက်လို့ရသမျှ ပြန်ရိုက်ကြပါလို့ တိုက်တွန်းချင်လှပါတယ်။
လူထု ေဒၚအမာ
(အတွေးအမြင်၊ ၂၀၀၀ ပြည့်နှစ်)
ဗန်းမော်တင်အောင်ရာပြည့်ကျင်းပရေးကော်မတီပေ့ဂျ်ကနေကူးယူဖော်ပြတာဖြစ်ပါတယ်။

0 comments:

Post a Comment