Monday, October 14, 2019

(ကာ့ဒ်တို့ရဲ့အမျိုးသားနိုင်ငံတော်စိတ်ကူး ဘယ်သို့ရှိမလဲ)

0 comments
(ကာ့ဒ်တို့ရဲ့အမျိုးသားနိုင်ငံတော်စိတ်ကူး ဘယ်သို့ရှိမလဲ)
ကာ့ဒ်တွေ မရှူနိုင်မကယ်နိုင်ဖြစ်နေတာမြင်တော့ စိတ်မကောင်းတာအမှန်ပါ။ အတိတ်တချိန်တုန်းက ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းနေခဲ့တဲ့လူမျိုးတမျိုးဟာ ခေတ်စနစ်အလှည့်အပြောင်းမှာ ထီးကျိုးစည်ပေါက်ရုံမက နေစရာဘုံပါပျောက်ခဲ့ရတာမို့ သူတို့အနာလည်း သည်းမှာအမှန်ပါ။
လူဦးရေ ၅ သန်းလောက်ရှိတဲ့ လူ့အစုအစည်းကြီးဟာ တူရကီ၊ ဆီးရီးယား၊ အီရန်၊ အီရတ် စတဲ့နိုင်ငံတွေမှာ နိုင်ငံမဲ့တွေလိုလိုဘဝနဲ့နေနေရတာပါ။ ဆီးရီးယား-တူရကီနယ်စပ်က ကာ့ဒ်ဒေသဆိုတာကလည်း အမည်ခံထက်နည်းနည်းလေးပိုတာပါ။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပြဌာန်းခွင့်တွေရှိတယ်ဆိုပေမယ့် ဆီးရီးယား-အမေရိကန်-တူရကီ စတာတွေရဲ့မျက်နှာကြည့်နေနေရတာပါ။
တူရကီကတော့ သူနဲ့ဆီးရီးယားနယ်စပ်က ကာ့ဒ်သူပုန်တွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်၊ အဖွဲ့အစည်းက အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ တူရကီရဲ့နိုင်ငံရေးတည်ငြိမ်မှုကို တူရကီထဲကကာ့ဒ်တွေနဲ့ပေါင်းပြီး ဖျက်လိုဖျက်ဆီးလုပ်နေတာ ဖြစ်တယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖန်တီးနေတဲ့ လက်သည်ဖြစ်တယ်လို့ တရားဝင်အတိအလင်းကြေညာထားသလို တောက်လျှောက်လည်း တိုက်နေတာပါ။ နောက်ပြီး ကာ့ဒ်တွေနေတဲ့ အဲ့ဒီဒေသကို တူရကီက ဘေးကင်းဇုန်ဆိုပြီး နယ်မြေတခုကြားခံ တည်ဆောက်ချင်တာပါ။ အဲ့ဒီ ဘေးကင်းဇုန်မှာ ဆီးရီယားကနေထွက်ပြေးပြီး တူရကီပိုင်နက်ထဲရောက်နေတဲ့ ဆီးရီးယားဒုက္ခသည် ၂ သန်းလောက်ကိုလည်း နေရာချထားပေးချင်တာပါ။ အဲ့ဒီ ဘေးကင်းဇုန်မှာ ကာ့ဒ်တွေအတွက် ဘေးတကယ် ကင်းမကင်း အန္တရာယ်တကယ်ရှိမရှိကတော့ ဘယ်သူမှ တာဝန်ခံနိုင်မှာတော့မဟုတ်ပါ။
အီရတ်ကိုတိုက်တုန်းက ကာ့ဒ်တွေအသေခံခဲ့လို့ အမေရိကန်ကချတဲ့ဆုလဘ်အနေနဲ့ အီရတ်မှာ ကာ့ဒ်တွေ အသက်ရှူ နည်းနည်းချောင်ခဲ့တာ တပ်နဲ့သေနတ်နဲ့၊ နယ်မြေနဲ့ဘာနဲ့ အထိုက်အလျှောက် ဟန်ကျခဲ့တာမှန်ပေမယ့် အမေရိကန့်အလိုကျနေရတဲ့ဘဝမျိုးထက် နည်းနည်းလေးသာ ပိုတာပါ။
ခုလည်း အမေရိကန်ကို ထီမထင်လုပ်နေတဲ့ ဆီးရီးယားက သမတ အာဆာ့ဒ်ကိုဖြုတ်ချဖို့လုပ်တော့ ဆီးရီးယားနယ်စပ်က ကာ့ဒ်တွေရဲ့အခန်းက အကြီးကြီးပါလာတာပါ။ အာဆာ့ဒ်ဖြုတ်ချရေးကို အမေရိကန်က ခေါင်းစဉ်ပေးတော့ ဆီးရီးယားရှိ ISIS တွေကိုချေမှုန်းရေးဖြစ်ပါတယ်။
မပြေးသော်လည်းကန်ရာရှိဆိုသလိုပဲ ဆီးရီးယားကိုခြေကုပ်ယူထားတဲ့ ISIS လက်နက်ကိုင်တပ်တွေ နေရာဒေသတွေလည်း ရှိနေတာပါ။ အမေရိကန်နဲ့က ကာ့ဒ်မဟာမိတ်တပ်ဖွဲ့တွေကဖမ်းမိတဲ့ ISIS သုံ့ပန်းတွေနဲ့ လက်နက်ချလာတဲ့ ISIS တွေလည်း ထောင်နဲ့ချီရှိပါတယ်။ အဲ့ဒီလူတွေကို ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။ ခု တူကီက အဲ့ဒီဒေသတွေက ကာ့ဒ်တွေကိုတိုက်တော့ အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေက ISIS တွေလွတ်လာကြပါတယ်။ ကာ့ဒ်တွေက တာဝန်မယူနိုင်တော့လို့ လွှတ်ပေးလိုက်တာတွေရှိသလို ထောက်ဖေါက်ပြီး ထွက်လာသူတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒီ ISIS တွေဟာ အချိန်တိုအတွင်း ချက်ခြင်းပြန်စုဖွဲ့ပြီး ဒေသတွင်းက အမေရိကန်နဲ့အပေါင်းအပါတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်တယ်လို့ စိုးရိမ်နေသူတွေလည်း စိုးရိမ်နေကြပါတယ်။
ဆီးရီးယားအရေးဟာ တော်တော်နဲ့ မငြိမ်းမယ့်မီးပါ။ အဲ့ဒီအရေးမှာ အမေရိကန်-ရုရှ-တူရကီအပြင် အစ္စရေးလ်တို့ ဆော်ဒီတို့ကလည်း အရန်လူတွေအနေနဲ့ ဝင်ကစားနေကြတာပါ။ လောလောဆယ်မှာတော့ ဥရောပသမဂ္ဂက တူရကီကို ထိုးစစ်တွေရပ်ဖို့ သတိပေးသလို ဂျာမဏီတို့ပြင်သစ်တို့ကလည်း တူရကီကို လက်နက်ရောင်းချတာတွေ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါဟာ ကောင်းတယ်ဆိုးတယ်ပြောဖို့ခက်ပေမယ့် တူရကီဟာ ပင်ကိုယ်ကစစ်အင်အားကြီးတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတာရယ် လောလောဆယ်မှာ ရုရှနဲ့အလွမ်းသင့်နေတယ်ဆိုတာရယ်ကိုတော့ မမေ့ဖို့လိုမှာပါ။ သူလိုတဲ့လက်နက်က ဝယ်ရတဲ့နေရတွေ အများကြီးရှိသလို သူကိုယ်တိုင်လည်း ထုတ်နိုင်သလောက်ထုတ်နေတာပါ။
သမတထရမ့်ရဲ့ အဆင်အခြင်မဲ့တဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရပ်လို့ ဘယ်လိုပြောပြော၊ မဟာမိတ်ကာ့ဒ်တွေကို တူရကီ့လက်မှာ သေရစ်ပေတော့လို့ ပေယျာလကံပြုတယ်ဆိုဆို ဖြစ်သွားတဲ့အဖြစ်ကတော့ ဖြစ်သွားပါပြီ။ ပြန်ဆုတ်ဖို့လည်း ခက်သွားပါပြီ။ ဒီဆုံးဖြတ်ချက်ကြောင့် တူရကီဟာ အမေရိကန်နဲ့ ပြန်နီးလာမလား၊ ရုရှနဲ့ ခွာပြဲသွားမလား၊ အမေရိကန်စစ်လက်နက်ပစ္စည်း မပြတ်ဝယ်တဲ့ ဖောက်သည်ကောင်းအဖြစ် ပြန်ဖြစ်လာမလား၊ နေတို့အဖွဲ့ထဲက(ပထဝီနိုင်ငံရေးနဲ့ စစ်ရေးပထဝီအရ) အရေးပါတဲ့နိုင်ငံအဖြစ် ပြန်ရောက်လာမလားကလည်း မသေချာပါ။
သေချာတာတခုကတော့ ကာ့ဒ်တွေကြမ္မာငင်ပြီဆိုတာပါပဲ။ ဒီစစ်ပွဲထဲကနေ ကာ့ဒ်နိုင်ငံတော်ပြန်လည်ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့စိတ်ကူးလည်း တစစီကြေမွသွားခဲ့ပြီလားကတော့ တွေးစရာပါ။
မိမိအတွက်အချက် မိမိဇယားအလှည့်အပြောင်းနဲ့တွက်ချက်ပြီး ခင်းခဲ့တဲ့ဇယားမှာ အမေရိကန်ရဲ့ဗီဇသဘာဝကို မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်တာအတွက် ကာ့ဒ်ခေါင်းဆောင်တွေကိုပဲ အပြစ်တင်ရမလား အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွား အလွန်အကျွံကာကွယ်ရေးဝါဒကိုပဲ အပြစ်ဖို့ရမလားကတော့ ဘက်သဘောတွေ ရပ်ခံချက်တွေအလိုက် ကွားခြားကြမှာပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၁၄၊ ၂ဝ၁၉

0 comments:

Post a Comment