(စည်းကျိုးတဲ့စကား)
အဲ့ဒီစကားဟာ စစ်အုပ်စုနှုတ်ထွက်စကားဖြစ်တယ်။ ဒီစကားကို စစ်အုပ်စုပေါ်လစီဖြစ်အောင် တနည်းပြောရရင် အစိုးရပေါ်လစီဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အာဘော်ဖန်တီးဖို့ ခြေလှမ်းပြင်တာဖြစ်နိုင်တယ်။ နိုင်ငံရေးသဘောမှာ အောက်ခြေထုနဲ့လူထု လက်ခံနိုင်ခြေရှိမရှိ မသေချာရင် စကားပစ်တာ စကားခွံ့တာ အရင်လုပ်ပါတယ်။ ဒါနဲ့မှတုန့်ပြန်မှုက မထုံတက်တေးဖြစ်နေသေးရင် အာဘော်ဖန်တီးရပါတယ်။ အာဘော်ဖန်တီးကြည့်လို့ အခြေအနေဟန်ရင် ပေါ်လစီဖြစ်လာရေး ဆက်တွန်းတင်ရပါတယ်။ အာဘော်ဖန်တီးကြည့်လို့ ဟန်ပုံမပေါ်ရင် အသာပြန်လက်လှျိုနေလိုက်ရုံပါ။
 ခုက စကားခွံ့တဲ့သဘောထက် တောက်ကြည့်တဲ့သဘောလို့မြင်ပါတယ်။ 
တပ်ချုပ်လေးနှုတ်ထွက်ဆိုတော့ ခွံ့စရာမလိုတော့ပါ။ 
အာဘော်ဖန်တီးတဲ့အဆင့်တော့လည်း မဟုတ်သေးပါ။ စစ်တပ်ပိုင် မီဒီယာတွေမှာ 
လှိုင်လှိုင်ပြောလာရင် တွင်တွင်ပြောလာရင်တော့ အာဘော်ဖန်တီးတဲ့အဆင့်လို့ 
ပြောရမှာပါ။ အခြေအနေဟန်ရင် ပေါ်လစီဖြစ်သွားအောင်လုပ်ဖို့က မခက်ပါ။ အစိုးရဟာ
 ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က စစ်အုပ်စုခါးပိုက်ထောင်ထဲမှာပါ။ 
ဥပဒေဖြစ်အောင်လုပ်ဖို့ထက် ပေါ်လစီသဘော လိုင်းကျသွားအောင်လုပ်ဖို့က 
ပိုများပါတယ်။ ဥပဒေဖြစ်အောင်လုပ်နေရင် အဆင့်တွေခံပြီး ကြန့်ကြာနေမှာပါ။ 
ပြီးတော့ မလိုတော့တဲ့အချိန်ကျ ပြန်ဖျက်ဖို့ နောက်ဥပဒေတခု ထပ်ပြုရပါတယ်။ 
ဒါ့ကြောင့် အစိုးရကကျင့်သုံးလိုက်နာစေရမယ့် စစ်အုပ်စုရဲ့ပေါ်လစီဖြစ်ရေး 
လုပ်မယ်ထင်ပါတယ်။ လုပ်ခဲ့ရင် ရိုဟင်ဂျာတွေအတွက် ခနလေးဖြစ်ဖြစ် 
အသက်ရှူချောင်မှာပါ။ 
 သတိကြီးကြီးထား၊ အားရှိတဲ့နိုင်ငံကြီးတွေ သက်သေသက်ကာယပြု၊ 
ခိုင်မာတဲ့စာချုပ်စာတမ်းတွေနဲ့ ခြေမမြဲလက်မြဲအောင်လုပ်ပြီး အခွင့်အလမ်းကို 
မိမိရရဆုပ်ကိုင်အပေးအယူလုပ်သွားနိုင်တယ်ဆို ကောင်းပါတယ်။ စစ်အုပ်စုဟာ 
အာဏာလက်မလွတ်ရေးအတွက်ဆို သူပေးခဲ့တဲ့နှုတ်ကတိတွေကို 
အလွယ်တကူချိုးဖေါက်ရုံမက သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ 
စာချုပ်စာတမ်းတွေပါဖျက်ဖို့ ဝန်မလေးဘူးဆိုတာကိုတော့ နှလုံးပိုက်ထားပါ။
 ရိုဟင်ဂျာတွေကို ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီ စကားက 
ရိုဟင်ဂျာတွေကို ဦးတည်တဲ့စကားဖြစ်နေလို့ပါ။ နိုင်ငံတကာဖိအားက ထင်ထားတာထက် 
မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် မြိုင်မြိုင်ဆိုင်ဆိုင် လာနေလို့ပါ။ 
ကုလသမဂ္ဂမှာ ဟောက်ဒိုစွမ်းခံစစ်စည်း ကျိုးနေပါပြီ။ တရုတ်လည်း 
အရှည်ကြီးဆက်ရပ်ခံရမယ်ဆို အီသွားမှာပါ။ အနောက်ဖက်တွေ ဥရောပတွေဆိုတာထက် 
တရုတ်တို့ ဂျပန်တို့ အာဆီယုံတို့ဆီကလာတဲ့ တိုးတိုးတိတ်တိတ်ဖိအားက 
စစ်အုပ်စုအတွက် ပိုအလေးထားစရာပါ။ အိန္ဒိယလည်း ရိုဟင်ဂျာအရေးထဲ 
တဘက်တလမ်းကနေပါလာတာ သတိထားမိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် 
အိန္ဒိဝန်ကြီးချုပ်နဲ့တွေ့အပြီးမှာ မိုဒီ လေသံ နည်းနည်းပြောင်းလာပါတယ်။ 
 ဘာပဲဖြစ်ဖြစ် ရိုဟင်ဂျာအရေး ပြည်တွင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာအရေးပါ။ နောက်မှ ဖြည်ဖြည်ဖြန့်ဖြန့်ပြောပါဦးမယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၂၁၊ ၂ဝ၁၉

 
 

 










0 comments:
Post a Comment