(ထင်းဖြစ်တာကိုက အလုပ်ပါ)
ကျနော်တို့ခေတ်က စစ်အာဏာရှင်စနစ်ကို ဘယ်ပုံစံနဲ့ ဘယ်နည်းနဲ့ ဆန့်ကျင်ဆန့်ကျင် ဆန့်ကျင်မှူမှန်သမျှဟာ နိုင်ငံရေးမည်ပါတယ်။ နိုင်ငံရေးမြောက်ပါတယ်။ ဆန္ဒပြသူ၊ တက်ကြွလှူပ်ရှားသူ၊ နိုင်ငံရေးသမား စသည်ဖြင့်နိုင်ငံရေးအဆင့်အနေတွေ ကွဲကောင်းကွဲဦးတောင် အဖမ်းခံရလို့ ထောင်ကျလာပြီဆို စစ်အစိုးရက ဒီလူတွေဟာ တည်ဆဲဥပဒေတွေချိုးဖေါက်လို့ ဘာလို့ညာလို့ ဘယ်လိုပဲပြောပြော ဘယ်လိုပဲအသိအမှတ်ပြုပြုမပြုပြု ကျနော်တို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသားစာရင်းဝင်ပါတယ်။ ဒါကို ဘယ်သူမှ ခွဲခြားခွဲခြားလုပ်ခဲ့တာမရှိပါ။
ကျနော်တို့ခေတ်က စစ်အာဏာရှင်စနစ်ကို ဘယ်ပုံစံနဲ့ ဘယ်နည်းနဲ့ ဆန့်ကျင်ဆန့်ကျင် ဆန့်ကျင်မှူမှန်သမျှဟာ နိုင်ငံရေးမည်ပါတယ်။ နိုင်ငံရေးမြောက်ပါတယ်။ ဆန္ဒပြသူ၊ တက်ကြွလှူပ်ရှားသူ၊ နိုင်ငံရေးသမား စသည်ဖြင့်နိုင်ငံရေးအဆင့်အနေတွေ ကွဲကောင်းကွဲဦးတောင် အဖမ်းခံရလို့ ထောင်ကျလာပြီဆို စစ်အစိုးရက ဒီလူတွေဟာ တည်ဆဲဥပဒေတွေချိုးဖေါက်လို့ ဘာလို့ညာလို့ ဘယ်လိုပဲပြောပြော ဘယ်လိုပဲအသိအမှတ်ပြုပြုမပြုပြု ကျနော်တို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသားစာရင်းဝင်ပါတယ်။ ဒါကို ဘယ်သူမှ ခွဲခြားခွဲခြားလုပ်ခဲ့တာမရှိပါ။
နိုင်ငံတကာကလည်း ကျနော်တို့အားလုံးကို နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ်
ယုံကြည်ချက်အတွက် အကျဉ်းချခံရသူတွေလို့ အတိအလင်းသုံးစွဲပါတယ်။ ဆိုတော့
ကျနော်တို့ဟာ နိုင်ငံရေးအဆင့်နေရာတွေအရ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်
ဖြစ်ကြပေမယ့် နိုင်ငံရေးအကျဉ်းသားတွေပါ။ ဘာပုဒ်မတပ်ပြီးပဲဖမ်းဖမ်း
ဂုဏ်သိက္ခာရှိပါတယ်။
ထောင်ထဲနေခဲ့ရတဲ့ ၁၅ နှစ်ကျော်ကာလမှာ ပထမဆယ်နှစ်ဟာ စာရေးစာဖတ်
ဘာမှလုပ်ခွင့်မရပါ။ အုတ်ခဲကျိုးသွေး ရည်ဖျော်ပြီး သမံတလင်းပေါ်
နံရံပေါ်ရေးမှတ် ပြန်ဖျက်လုပ်ပြီး အပတ်တကုပ်လေ့လာရေးလုပ်ခဲ့ရတာပါ။ မိတဲ့အခါ
မချိမဆန့်အရိုက်ခံပြီး တိုက်ပိတ် ခြေကျဉ်းခတ်တွေထိ အလုပ်ခံရတာပါ။ ဒါပေမယ့်
ကျနော်တို့ အလျှော့မပေးခဲ့ကြပါဘူး။ လေ့လာရေး မပြတ်ပါဘူး။ အခွင့်သာတဲ့အခါ
ထောင်ဝင်စာဟင်းထုတ်ထားတဲ့ ပလပ်စတစ်အကြည်အိပ်ကို ဆပ်ပြာနဲ့လျှော်ဖွပ်
နှီးကျောနဲ့ခွဲ့ဖြတ်ပြီး ပြန့်အောင်ဖြန့်၊ အဲ့ဒီအပေါ်မှာ သံချောင်း
မတုံးမချွန်ကို ကညစ်လုပ်ပြီး နှစ်ဖက်မပေါက်တပေါက်ဖြစ်အောင်
အဖိအဖေါ့ချိန်ပြီး စာရေးပါတယ်။ အလင်းရောင်မှာထောင်ဖတ်ရင်
ကောင်းကောင်းမြင်ရပါတယ်။
အဲ့ဒီလိုရေးထားတဲ့ ပလပ်စတစ်စာရွက်ပြန့်တွေကိုဖေါက်ပြီး
ကြွပ်ကြွပ်အိတ်ကနေကျစ်ထားတဲ့ကြိုးနဲ့ သီတွဲပြီး စာအုပ်လုပ်ပါတယ်။ စာမူတွေ
အချင်းချင်းတောင်းပါတယ်။ လက်ရေးလှသူ ကောင်းသူက ဒိုင်ခံရေးပါတယ်။
လှည့်ဖတ်ပါတယ်။ ပြောရရင်များမှာပါ။ ပြောသူတွေလည်း မနည်းပြောခဲ့ကြပြီးပါပြီ။
ဒါပေမယ့် ပြောစရာတွေကတော့ ကျန်နေတုန်းပါပဲ။
ကျနော်တို့ဟာ ဘယ်လောက်ကျပ်တည်းကျပ်တည်း အကျပ်အတည်းကြားကပဲ လေ့လာရေးလုပ်ရင်
ကိုယ့်ကိုယ်ကိုယ် အတွေးအခေါ်အရ နိုင်ငံရေးအရ တည်ဆောက်ခဲ့ကြရတာပါ။
ကျနော်တို့အထဲမှာ သင်ကြားပြသပေးနိုင်သူတွေ၊ အတွေ့အကြုံကောင်းတွေရှိတဲ့
လူကြီးသူမတွေပါနေတာက ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးပါ။
သူတို့ဟာ ကျနော်တို့ ဘယ်တော့မှ ဖတ်မကုန်မယ့်စာအုပ်တွေဖြစ်သလို
သူတို့ဟာသမိုင်းလူအစစ်တွေလည်း ဖြစ်ပါတယ်။
ဒါက လုပ်နိုင်တဲ့အနေအထားလေးတွေမှာ ကျဉ်းထဲကျပ်ထဲက လုပ်ခဲ့ရတာပါ။ တခါတလေမှာ
ဘာဆိုဘာမှ မလုပ်နိုင်အောင် လုပ်မရအောင် အခြေအနေဆိုးတွေဲ့လည်း ကြုံရပါတယ်။
လုပ်မရဆိုတာ ဘယ်လောက်အထိလုပ်မရတာလဲလို့မေးလာရင် ၁၂ ပေ ၈ ပေ အခန်းတခန်းတည်း
အတူပိတ်ထားပြီး အချင်းချင်း စကားပါပြောမရအောင်လုပ်ထားတာမျိုးပါ။
တခန်းတည်းအတူနေပြီး တယောက်နဲ့တယောက် မျက်စမျက်နနဲ့
လက်ပြခြေပြနဲ့ကိုသွားနေရတဲ့ဘဝမျိုးပါ။ အဲ့ဒီအခါမျိုးဆို ကျနော်တို့
ဘာမှလုပ်မရတော့ပါ။ လှူပ်မရတော့ပါ။ ၉ဝ စက်တင်ဘာ ၂၅ နောက်ပိုင်းကာလမှာ
တထောင်လုံးဒီအခြေအနေကြံုရပါတယ်။ ဒါက သိသာထင်ရှားတဲ့ဖြစ်ရပ်မို့ ထုတ်ပြတာပါ။
လူမသိသူမသိဖြစ်ခဲ့တာတွေကတော့ နိစ္စဓူဝပါ။
ထားပါတော့ ကျနော် လုပ်ရရင်လုပ်တယ်။ လှူပ်ရရင် လှူပ်ပါတယ်။ လုပ်မရ
လှူပ်မရတော့ဘူးဆို ဒီအတိုင်း ထိုင်နေပါတယ်။ ဒီအတိုင်းထိုင်နေတာဟာ
ဘာမှမလုပ်တာတော့ မဟုတ်ပါ။ ဒီအတိုင်း ထိုင်နေတာကိုက “အလုပ်“ ဖြစ်နေတာပါ။
“ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေတယ်“ဆိုတာကိုက ကျနော်တို့ အလုပ်
လုပ်နေတာပါ။ စစ်အစိုးရ ဘယ်လိုပဲ ဘူးခံငြင်းငြင်း
ကျနော်တို့ထောင်ထဲမှာရှိနေတဲ့အတွက် သူ ပြည်တွင်းပြည်ပမှာ ဖြေရှင်းနေရ၊
ဘူးကွယ်နေရ၊ လိမ်ညာနေရတာပါ။ ဒီလိုလုပ်နေရတာက သူ့နိုင်ငံရေးပါ။
သူ့နိုင်ငံရေး သူလုပ်နေရတာပါ။ နိုင်ငံရေးသဘောမှာက ကိုယ်ကလုပ်နိုင်ရင်
လုပ်ရပါတယ်။ ကိုယ်က မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကိုတော့
“အလုပ်“ပေးထားရပါတယ်။ ကျနော်တို့ထောင်ထဲမှာ ဘာမှ လုပ်မရပဲ
ငုတ်တုတ်ထိုင်နေတာကိုက သူ့ကို “အလုပ်“ပေးထားတာဖြစ်လို့ ကျနော်တို့ “အလုပ်“
လုပ်နေတာပါ။ နိုင်ငံရေးသဘောမှာ တခါတလေ ထိုင်နေတာကိုက “အလုပ်“ ဖြစ်နေတာပါ။
ခုခေတ် ထောင်ကျတဲ့သူတွေ ကျနော်တို့ထက် အပုံကြီးသာပါတယ်။
နှိူင်းပြစရာများတာမို့ မနှိူင်းပြတော့ပါ။ ခုလည်း နိုင်ငံရေးမှူတွေကို
အစိုးရကရော စစ်အုပ်စုကပါ ပုဒ်ထီးပုဒ်မအမျိုးတပ် အမျိုးမျိုးလည်ဆည်ပြီး
ဖမ်းဆီးထောင်ချနေတာပါ။ ဒါပေမယ့် ကျနော်တို့ခေတ်ကလို တိုင်းကျော်ပြည်ကျော်
ကမ္ဘာကျော်နိုင်ငံရေးအကျဉ်းသားတွေလို့ သတ်မှတ်တာမျိုး အသိအမှတ်ပြုတာမျိုး
လွှတ်ပေးရေးအတွက် ကမ္ဘာအနှံ့ ဝိုင်းဝန်းတောင်းဆိုကြတာမျိုးတွေတော့
မရှိတော့ပါ။
တချိန်တုန်းက ဒေါ်စုလွတ်ရေး အင်္ဂါနေ့တိုင်း ရွှေတိရုံစေတီတက်ပြီး
ဆုတောင်းပွဲလှူပ်ရှားမှူလုပ်လို့ စစ်အစိုးရရဲ့ အဖမ်းအဆီးကိုခံခဲ့ရတဲ့
နော်အုန်းလှလို အာဂအမျိုးသမီးကြီးတောင် ခု
ဒေါ်စုဦးဆောင်တဲ့အင်န်အယ်လ်ဒီအစိုးရလက်အောက်မှာ
ကရင့်အာဇာနည်နေ့နဲ့ပတ်သက်လို့ ဥပဒေချိုးဖေါက်တယ်ဆိုပြီး
အနှိပ်ကွပ်ပြန်ခံရတာလည်း ရှိပါတယ်။ သူအဖမ်းခံရချိန် ရုံးထုတ်ချိန်တွေမှာ
လူမျိုးစုတွေထဲ လာရောက်ဝန်းရံအားပေးတာတွေရှိပေမယ့် သူ့ကို
ခြွင်းချက်မရှိချက်ခြင်းလွှတ်လို့ တင်းတင်းရင်းရင်းတောင်းဆိုသံဟာ
အားပျော့လွန်းလှတာ သတိထားမိပါတယ်။ ကေအင်န်ယူကတာဝန်ရှိသူ
မန်းငြိမ်းမောင်တောင်
လွှတ်ပေးဖို့မေတ္တာရပ်ခံတယ်ဆိုတဲ့သဘောနီးနီးပြောသွားတာပါ။
ထားပါတော့လေ ကျနော်ပြောချင်တာက ဟိုတုန်းကလည်း နိုင်ငံရေးအကျဉ်းသားရှိတယ်
ခုလည်းရှိတယ် နောင်လည်းရှိဦးမှာပါပဲ။
နိုင်ငံရေးသဘောဆောင်တဲ့လုပ်ရပ်တွေကြောင့် ထောင်ကျရတယ်ဆို
ဘာပုဒ်မတွေတပ်ဖမ်းဖမ်း နိုင်ငံရေးအကျဉ်းသားဟာ နိုင်ငံရေးအကျဉ်းသားပါ။
နိုင်ငံရေးဆိုတာ မိမိယုံကြည်ရာကိုလုပ်ကြတာမို့ မှန်ကင်းတလှည့်
ထင်းတလှည့်တွေလည်းရှိတတ်ပါတယ်။ ဒီတော့ ကိုယ်ထင်းဖြစ်လို့ ထောင်ထဲရောက်ရင်
လေ့လာရေး တည်ဆောက်ရေးတွေ တတ်နိုင်သမျှလုပ်ကြစေချင်ပါတယ်။ လုပ်ဖို့လည်း
အခွင့်သာနေတုန်းမို့ပါ။ အတွင်းနေတုန်းလည်း အတွင်းမှာ ရသလောက်အားထုပ်ပါ
ကြိုးကုပ်ပါ။ ပြန်ထွက်လာကြတဲ့အခါလည်း အပြင်ကအခင်းအကျင်းနဲ့
လိုက်ပါနိုင်အောင်အားထုတ်ပါ။ အတွင်းအခြေအနေတွေပြောင်းသလို
အပြင်အခြေအနေတွေလည်း အလှည့်အပြောင်းဖြစ်နေတာ အားလုံးအသိပါ။
အတွင်းမှာရော အပြင်မှာပါ ကျနော်တို့တုန်းက မရခဲ့တဲ့အခြေအနေတချို့ ခင်ဗျားတို့ရနေပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၂၂၊ ၂ဝ၁၉
မျိုးမြင့်ချို
အောက်တိုဘာ ၂၂၊ ၂ဝ၁၉
0 comments:
Post a Comment